Healthy Life Ad
Life Style

သင်ကြိုက်နှစ်သက်တဲ့ ဖုန်းကာဗာအမျိုးအစားက သင့်အကြောင်းပြောပြနေပါတယ်

———၊ ကိုထက် ၊———

လက်ကိုင်ဖုန်းကိုင်သူတွေက သူတို့ရဲ့ ဖုန်းလေးတွေကို အမြင်ဆန်းသစ်စေဖို့၊ အကြမ်းခံစေဖို့ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဖုန်းကာဗာတွေ တပ်လေ့ရှိကြပါတယ်။ အထူးသဖြင့် မိန်းကလေးအများစုဟာ သူတို့ဖုန်းလေးတွေကို အလှဆင်တဲ့အနေနဲ့ ဖုန်းကာဗာမျိုးစုံကို ဝယ်ယူအသုံးပြုလေ့ ရှိကြပါတယ်။ ရွေးချယ်စရာ ပုံစံမျိုးစုံရှိတဲ့အထဲမှာမှ မိမိစိတ်တိုင်းကျ ပုံစံတွေကို ရွေးချယ်ထားတာဖြစ်တဲ့အတွက် မိမိရွေးချယ်ထားတဲ့ ဖုန်းကာဗာအမျိုးအစားဒီဇိုင်းက မိမိရဲ့ စိတ်နေစိတ်ထားအကြောင်းကို တစိတ်တပိုင်း ဖော်ပြနေပါတယ်။

(၁) ရိုးရိုးရှင်းရှင်းနဲ့ အကြမ်းခံတဲ့ပုံစံကို သဘောကျရင်- ဖော်ဖော်ရွေရွေနေတတ်သူပါ

အနုအရွ အလှအပလေးတွေက ဖုန်းရဲ့လုပ်ငန်းဆောင်တာတွေအတွက် အရေးမကြီးပါဘူး။ ဖုန်းကို ပိုပြီး ကြံ့ခိုင်နေဖို့က ပိုအရေးကြီးတယ်လို့ တွေးနေသူတွေက အေးအေးဆေးဆေးနေတတ်သူတွေပါ။ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး စဉ်းစားတွေးခေါ်တတ်သူတွေလည်း ဖြစ်ကြပါတယ်။ လူအများရဲ့ ယုံကြည်အားကိုးခြင်းကိုလည်း ခံရသူပါ။ အရှိကိုအရှိအတိုင်းပြောတတ်၊ လုပ်တတ်သူတွေပါ။ ဇွဲလုံ့လရှိသူတွေဖြစ်ပြီး အလုပ်ကြိုးစားသူတွေ ဖြစ်ကြပါတယ်။

(၂) ရောင်စုံနဲ့ ဒီဇိုင်းဆန်းဆန်းတွေကို သဘောကျရင်- ဆန်းသစ်တဲ့ အတွေးအခေါ်ရှိသူပါ

သူများတွေအတွက် မျက်စိနောက်စေမယ့် ဒီဇိုင်းရှုပ်ရှုပ်တွေကိုမှ သဘောကျတယ်ဆိုသူတွေက တမူထူးခြားဆန်းသစ်တဲ့ အတွေးရှိသူတွေဆိုတာ သေချာပါတယ်။ ပေါ့ပေါ့ပါးပါး နေတတ်ကြပါတယ်။ ခေတ်မီစတိုင်ကျတာကို သဘောကျသူတွေပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီး စိတ်ခံစားချက်တွေကို မျိုသိပ်ထားလေ့မရှိဘဲ သူများကို မျှဝေခံစားတတ်ကြပါတယ်။ လူချစ်လူခင်ပေါများပြီး သူများတွေရဲ့ အခက်အခဲတွေကိုလည်း ဝင်ရောက်ဖြေရှင်းပေးတတ်သူတွေ ဖြစ်ပါတယ်။

(၃) ပြောင်ပြောင်လက်လက်လေးတွေကို သဘောကျရင်- အလိုက်အထိုက်ပေါင်းသင်းတတ်သူပါ

အရောင်စုံကျောက်လေးတွေ၊ စတေကာလေးတွေနဲ့ ပြောင်ပြောင်လက်လက် ဒီဇိုင်းတွေကို သဘောကျတဲ့သူတွေဟာ စိတ်ခံစားချက်ကို ဦးစားပေးသူတွေ ဖြစ်ကြပါတယ်။ မိမိရဲ့ စရိုက်မတူတဲ့သူတွေနဲ့လည်း ဟန်ဆောင်ပေါင်းသင်းနိုင်စွမ်း ရှိကြပါတယ်။ သူများတွေနဲ့မတူဘဲ ကွဲပြားတဲ့ နေထိုင်ပုံစရိုက်တွေ ရှိတတ်ကြပါတယ်။ လွယ်လွယ်နဲ့လည်း အရှုံးမပေးတတ်ကြပါဘူး။ ခရီးသွားရတာ စွန့်စားရတာတွေကို သဘောကျလေ့ရှိကြပါတယ်။

(၄) ကာတွန်းရုပ်လေးတွေ ပါတာကို သဘောကျရင်- သနားကြင်နာတတ်သူပါ

အဖုံးပေါ်မှာ ကာတွန်းရုပ်ပုံလေးတွေပါတာကို သဘောကျနှစ်သက်သူတွေဟာ အပူအပင်ကင်းကင်း နေတတ်သူတွေ ဖြစ်ကြပါတယ်။ စိတ်သဘောထားကောင်းကြပြီး ကြင်နာတတ်သူတွေ ဖြစ်ပါတယ်။ သီချင်းနားထောင်ရတာနဲ့ ခရီးသွားရတာကို အလွန်သဘောကျတတ်ကြပါတယ်။ စောင့်ကြည့်လေ့လာပြီးမှ ဆုံးဖြတ်ချက်ချတတ်သူတွေလည်း ဖြစ်ကြပါတယ်။ ခင်မင်စရာကောင်းပြီး သူငယ်ချင်းတွေကိုလည်း ချစ်ခင်သူတွေပါ။

(၅) တိရစ္ဆာန်အဆင်လေးတွေ ပါတာကို သဘောကျရင်- စိတ်ဓာတ်ကြံ့ခိုင်သူပါ

ဖုန်းရဲ့ကာဗာလေးမှာ ကားသစ်ကွက်တွေ၊ မြင်းကျားအကွက်တွေ ဒါမှမဟုတ် ပန်ဒါဝက်ဝံပုံစံလေးတွေ ကြောင်ပုံလေးတွေ ပါတာကို သဘောကျနှစ်သက်သူတွေဟာ ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ် ပြောဆိုတတ်သူတွေ ဖြစ်ကြပါတယ်။ ချက်ချင်းဆုံးဖြတ်နိုင်စွမ်းလည်း ကောင်းကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းပေမယ့် ခေါင်းမာတတ်ကြပါတယ်။ အခက်အခဲတွေကို ရင်ဆိုင်ရတာကို သဘောကျပြီး စွန့်စားရတာကိုလည်း သဘောကျတတ်သူတွေပါ။

(၆) အပွင့်အခက်လေးတွေ ပါတာကို သဘောကျရင်- အကောင်းမြင်တတ်သူပါ

အပွင့်အခက်တွေပါတဲ့ ဖုန်းကာဗာကို သဘောကျတဲ့သူတွေဟာ ဘယ်အရာကိုမဆို အကောင်းမြင်စိတ်နဲ့သာ ကြည့်တတ်သူတွေ ဖြစ်ကြပါတယ်။ ပွင့်လင်းတဲ့စရိုက်နဲ့ ပျော်ပျော်နေတတ်တဲ့အတွက် လူတိုင်းက ခင်မင်တတ်ပါတယ်။ ခရီးသွားရတာကို ဝါသနာပါပြီး အမြဲလိုလို ရွှင်လန်းတတ်ကြွစွာ နေတတ်သူပါ။ စိတ်ကူးယဉ်ဆန်တတ်ကြပါတယ်။ မိသားစုနဲ့ အပေါင်းအသင်းတွေအပေါ် သံယောဇဉ်ကြီးသူတွေ ဖြစ်ကြပါတယ်။

Most Popular

Healthy Life Ad
To Top