———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———
တစ်ခါတုန်းက ခံစားချက်မျိုးစုံ ရောပြွမ်းရှိနေတဲ့ ကျွန်းလေးတစ်ကျွန်း ရှိပါသတဲ့။ ဘာခံစားချက်တွေလဲဆိုတော့ကား-ပျော်ရွှင်မှုရယ်၊ ဝမ်းနည်းမှုရယ်၊ အသိပညာရှိမှုရယ်၊ ချစ်ခြင်းမေတ္တာရယ် . . စတဲ့ ခံစားချက်တွေ အစုံအလင်ပေါ့။
တစ်နေ့မှာတော့ ဒီကျွန်းကြီး နစ်မြုပ်တော့မယ်လို့ ခံစားချက်တွေဆီ ကြေညာချက် ထုတ်ပြန်လိုက်တယ်။ ခံစားချက်အားလုံး လှေတွေဆီသွားပြီး ထွက်ခွာကြမယ်ပေါ့။ ဒါပေမဲ့ ချစ်ခြင်းမေတ္တာကတော့ ဒါကိုမလိုက်နာခဲ့ပါဘူး။ ကျွန်းပေါ်မှာနေခဲ့မယ့် တစ်ခုတည်းသော ခံစားချက်က ချစ်ခြင်းမေတ္တာပါ။ နောက်ဆုံး အခြေအနေ ရောက်တဲ့အထိ ချစ်ခြင်းမေတ္တာက နေခဲ့ချင်တယ်။ ကျွန်းလေးနစ်မြုပ်လုနီးပါး ဖြစ်ချိန်ကျမှ ချစ်ခြင်းမေတ္တာက အကူအညီတောင်းဖို့ ဆုံးဖြတ်ခဲ့တယ်။
ချမ်းသာကြွယ်ဝမှုက ဇိမ်ခံလှေကြီးနဲ့ ချစ်ခြင်းမေတ္တာဘေးကနေ ဖြတ်သွားတဲ့အခါ ချစ်ခြင်းမေတ္တာက မေးတယ်။
“ခင်ဗျားနဲ့အတူ ကျွန်တော့်ကို ခေါ်သွားနိုင်မလား”
“မရဘူး။ ဒီလှေပေါ်မှာ ရွှေနဲ့ငွေတွေ အများကြီးပဲ၊ မင်းအတွက်နေရာမရှိဘူး”
ချစ်ခြင်းမေတ္တာက လှပခြင်းလှေကိုတွေ့ရော ဝမ်းသာအားရမေးပြန်တယ်။
“ငါ့ကိုခေါ်မလား”
“ငါမကူညီနိုင်ဘူး။ မင်းက ရေတွေစိုနေတော့ ငါ့လှေပျက်စီးမှာစိုးတယ်”လို့ ပြန်ဖြေတယ်။
ဝမ်းနည်းမှုလှေက အနားကနေ ဖြတ်သွားတဲ့အခါမှာလည်း ချစ်ခြင်းမေတ္တာက အကူအညီတောင်းပြန်တယ်။
“အိုး . .ချစ်ခြင်းမေတ္တာ . .ငါအရမ်းဝမ်းနည်းနေလို့ မင်းကိုအလိုမရှိဘူး”လို့ ငြင်းပြန်တယ်။
ပျော်ရွှင်မှုက ချစ်ခြင်းမေတ္တာဘေးက ဖြတ်သွားချိန်မှာ အလွန်အမင်းပျော်ရွှင်နေတာနဲ့ ချစ်ခြင်းမေတ္တာရဲ့ခေါ်သံကို မကြားနိုင်ခဲ့ဘူး။
ရုတ်တရက်မှာပဲ”လာခဲ့ပါ ချစ်ခြင်းမေတ္တာ၊ ငါမင်းကိုခေါ်သွားမယ်”ဆိုတဲ့ အကြီးတစ်ယောက်ရဲ့ အသံကိုကြားလိုက်တယ်။
ပျော်ရွှင်မြူးထူး ဝမ်းမြောက်စွာနဲ့ လိုက်သွားတော့ ခြောက်သွေ့တဲ့မြေပြင်ကို ရောက်သွားခဲ့တယ်။ ချစ်ခြင်းမေတ္တာက သူ့ဘေးမှာရှိတဲ့ အသိပညာရှိမှုကို မေးခဲ့တယ်။
“ဘယ်သူက ငါ့ကို ကူညီခဲ့တာလဲ”
“အဲဒါက အချိန်လေ”လို့ အသိပညာရှိမှုက ပြန်ဖြေတယ်။
“အချိန်လား၊ အချိန်က ဘာလို့ ငါကို ကူညီခဲ့တာလဲ”ဆိုမှတော့
“ဘာဖြစ်လို့လဲဆိုတော့ ချစ်ခြင်းမေတ္တာ ဘယ်လောက်အထိ တန်ဖိုးရှိမှန်း နားလည်နိုင်စွမ်းရှိတာက အချိန်ပဲရှိလို့ပါတဲ့”