Healthy Life Ad
Health Tips

“ပျင်းရိငြီးငွေ့ခြင်း”

——၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—–

သြစတြေးလျနိုင်ငံ၊ ဘုရင်မပြည်နယ်မှာ Covid-19 ရောဂါကာကွယ်ရေး ကန့်သတ်ချက်လျှော့ပေါ့ပေးလိုက်လို့၊ နေအိမ်မှာ ကျွေးမွေးဧည့်ခံပွဲ လုပ်ခွင့်ရှိလာတယ်။ မိတ်ဆွေတစ်ဦးရဲ့မွေးနေ့ပါတီပွဲမှာ မတွေ့ရတာကြာတဲ့ အသိမိတ်ဆွေတွေနဲ့ Covid-19 Lock Down ကာလအတွေ့အကြုံတွေကို စားမြုံ့ပြန်ပြောဆိုခွင့်ရခဲ့တယ်။ နိုင်ငံခြားကပြန်လာလို့ ဟိုတယ်ခန်းထဲမှာ၊ ရောဂါခြေချုပ် (Quarantine) ဝင်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်က ညည်းတွားပြောပါတယ်။

“၁၄ ရက်လုံးလုံး ဘာမှလုပ်စရာမရှိလို့ ငြီးငွေ့လိုက်တာ မပြောပါနဲ့တော့။ ထွက်ပြေးချင်စိတ်တောင် ပေါက်လာယ်။ ငြီးငွေ့တဲ့စိတ်က စိတ်ရောဂါလက္ခဏာလား ကိုအုန်းကျော်”

“ငြီးငွေ့ခြင်း (Feeling Bored) က အခြေအနေမပေးလို့၊ ဘာမှလုပ်စရာမရှိလို့ ခံစားရတဲ့ သဘာဝတုံ့ပြန်မှုပါ။ ဒါပေမဲ့ အလိုလိုနေရင်း လုပ်ချင်ကိုင်ချင်စိတ်မရှိ။ ပတ်ဝန်းကျင်ကို စိတ်ပါဝင်စားမှုမရှိ၊ စိတ်သာယာကြည်နူးမှုမရှိ ဖြစ်နေရင်တော့ စိတ်ကျရောဂါရဲ့ လက္ခဏာလို့ ဆိုရမှာပါ။ စိတ်ကျရောဂါရှိရင် ငြီးငွေ့တဲ့စိတ်ခံစားမှုအပြင် စိတ်ပန်းကိုယ်နွမ်း ဖြစ်ပြီး ဘာကိုမှ မလုပ်ချင်တော့တဲ့ လက္ခဏာလည်းရှိပါတယ်”

“ပျင်းရိငြီးငွေ့နေတယ်ဆိုပါတော့”

“ကျွန်တော်ခံစားခဲ့ရတာက ငြီးငွေ့နေပေမယ့် ဟိုတယ်ခန်းထဲမှာ ပြုလုပ်နိုင်တဲ့ ကိစ္စတွေကိုတော့ ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ပါတယ်။”

“အဲဒီတော့ ငြီးငွေ့တဲ့ခံစားရမှုသာရှိပြီး ပျင်းရိစိတ် (Laziness) မရှိဘူးလို့ ပြောရမှာပေါ့”

“စိတ်ဆရာကြီးကလည်း ခွဲခြမ်းစိတ်ဖြာပြနေပြန်ပြီ”

“စဉ်းစားမိတာကို ပြောတာပါ။ ခင်ဗျားခံစားခဲ့ရတာက ပတ်ဝန်းကျင် အခြေအနေကြောင့် ငြီးငွေ့တာ။ ဒါပေမဲ့ ပျင်းရိနေခဲ့တာတော့မဟုတ်ဘူး။ စိတ်ကျရောဂါမှာတော့ စိတ်ခံစားမှုငြီးငွေ့နေပြီး လုပ်ချင်ကိုင်ချင်တဲ့ စိတ်ဓာတ်လည်းမရှိတဲ့ “ပျင်းရိခြင်း” ကိုလည်းတွေ့ရှိရမယ်။

“စိတ်ထဲမှာ ငြီးငွေ့ခြင်း (Boredom) ခံစားရတာမရှိဘဲနဲ့ ပျင်းရိတဲ့ အပြုအမူရှိတဲ့လက္ခဏာလည်းရှိသေးတယ်”

“ရှင်းပြပါဦး”

” Abulia’’လို့ခေါ်တယ်။ စိတ်ဓာတ်လှုံ့ဆော်မှု (Motivation) ကျဆင်းတဲ့လက္ခဏာပါ။ ဒါကြောင့် “စိတ်ဓာတ်လှုံ့ ဆော်မှုလျော့နည်းကျဆင်း (Amotivation Syndrome) လက္ခဏာစုလို့ ဆိုနိုင်တယ်။ အဲလိုအခြေအနေကို Apathyလို့လည်းခေါ်တယ်။ အနီးဆုံးဘာသာပြန်ထားတာကတော့ “ခံစားမှုကင်း-လျစ်လျှူရှု- ထုံပေပေ အခြေအနေ’’တဲ့။ ခံစားမှုကင်းဆိုတာမှန်တယ်။ ငြီးငွေ့ခြင်းခံစားရရင် ကာယကံရှင်ရဲ့စိတ်ထဲမှာ ဖိစီးမှုရှိတယ်။ မကျေမနပ်ဖြစ်နေတယ်။ ဝေဒနာတစ်ခုလို ခံစားရတယ်။ စိတ်ဓာတ်လှုံ့ဆော်မှု လျော့နည်းကျဆင်းခြင်း (Abulia / Apathy) မှာ ကာယကံရှင်က ဖိစီးမှုဝေဒနာ မခံစားရဘူး။ ဘေးလူကသာ ထုံပေပေ လူပျင်းတစ်ယောက်လို တွေ့မြင်နေရတာဖြစ်တယ်။ စကားဝိုင်းမှာ ငြိမ်ပြီး နားထောင်တဲ့ မြန်မာဆရာဝန်လေးတစ်ယောက်က ကြားဖြတ်မေးတယ်။

“စိတ်ဓာတ်လှုံ့ဆော်မှု လျော့နည်းကျဆင်းလက္ခဏာ (Abulia) တွေကို ပြောပြပါဆရာ”

(က) စိတ်ခံစားမှုပိုင်း-ထုံပေပေနိုင်တယ်။ ဘဝအဖြစ်ပျက် အဆိုးအကောင်းနဲ့ ကြုံတွေ့ရရင်၊ စိတ်ခံစားတုံ့ပြန်မှု မရှိဘူး။ မထီမဲ့မြင် ပြုတတ်တယ်။ မထုံတက်သေးနိုင်တယ်ပေါ့ဗျာ”

(ခ) အတွေးအခေါ်- ရည်မှန်းချက်ပန်းတိုင်မရှိဘူး။ ဘာလုပ်ချင်တယ်။ ဘာဖြစ်ချင်တယ်။ ဘယ်လိုလုပ်လိုက်မယ်ဆိုတဲ့ အတွေးမျိုးမရှိဘူး။ နောင်ခါလာ နောင်ခါဈေးဆိုတဲ့ သဘောမျိုး။

(ဂ) ဆက်ဆံရေး- အပေါင်းအသင်းနည်းတယ်။ အထီးကျန်နေတတ်တယ်။ စကားပြောနည်းမယ်။

(ဃ) စိတ်ဓာတ်လှုံ့ဆော်မှု- စတင်အားထုတ်မှု မရှိဘူး။ အလုပ်မပြီးဘူး။ လှုပ်ရှားလုပ်ကိုင်မှုနည်းပါးတယ်။ အာရုံပြောင်းလွယ်တယ်။

(င) စိတ်ပါဝင်စားမှု- ဝါသနာပါတဲ့လုပ်ငန်း မရှိသလောက်ရှားတယ်။ နေ့စဉ်နေ့တိုင်း လုပ်ကိုင်စရာ ကိစ္စတွေတောင် အနိုင်နိုင်ရယ်။ စိတ်ဓာတ်လှုံ့ဆော်မှု လျော့နည်းကျဆင်းခြင်းက သီခြားရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ ဦးနှောက်ရောဂါ ဒါမှမဟုတ် စိတ်ရောဂါတစ်ခုခုမှာ တွေ့ရှိရတဲ့ လက္ခဏာစုဖြစ်တယ်။

မြန်မာဆရာဝန်လေးက သူ့အတွေ့အကြုံကို ပြောပြတယ်။

“ကျွန်တော် GP ဆေးခန်းမှာ လူငယ်တစ်ယောက်တွေ့ရဖူးတယ်။ ဆရာပြောတဲ့ (Abulia)(Apathy) လက္ခဏာတွေရှိတယ်။ လူနာနဲ့အတူပါလာတဲ့ ဆွေမျိုးက သူ့မှာ”အပျင်းရောဂါ”ရှိတယ်လို့ပျက်လုံးထုတ်တယ်။

“ခင်ဗျားလူနာက ဘာရောဂါရှိလို့လဲ”

“နာတာရှည် ဆေးခြောက်စွဲရောဂါပါ။ စာအုပ်ထဲမှာ ဖတ်ကြည့်တော့ “ဆေးခြောက်ကြောင့်ဖြစ်တဲ့ စိတ်ဓာတ်လှုံ့ဆော်မှု လျော့နည်းကျဆင်းရောဂါ” (Amotivational Syndrome due to Marijuana) လို့ တွေ့ရှိရတယ်။ ဟုတ်ရဲ့လား”

“ဆေးခြောက်စွဲရောဂါရှိသူ ၅ ရာခိုင်နှုန်းခန့်မှာ တွေ့ရှိရပါတယ်။ ဒါပေမဲ့ ဆေးခြောက်ရေရှည် သုံးစွဲလို့ ဖြစ်တာလား။ နဂိုကထဲက အဲဒီလိုလူမျိုးလားဆိုတာ အတိအကျ မပြောနိုင်ဘူး”

“လူပျင်းကိုယ်ရည်ကိုယ်သွေးဆိုတာရှိလို့လား”

“စကီးဇွိုက်ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းရောဂါ (Schizoid Personally Disorder) လို့ခေါ်ပါတယ်။ လူပျိုပေါက် အပျိုပေါက်အရွယ်ကစပြီး ကျွန်တော်ပြောခဲ့တဲ့ (Abulia) အပြုအမူလက္ခဏာရှိခဲ့သူဖြစ်တယ်။ တစ်သက်လုံး “ခံစားမှုကင်း- လျစ်လျှူရှု-ထုံပေပေ- အေးစက်စက်- စကားနည်းတေမိ”ပေါ့ဗျာ။ သူ့စိတ်ထဲမှာတော့ ငြီးငွေ့စရာကြီးပေါ့။ အရွယ်ရောက်ပြီး လူထုထဲမှာ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိက စကီးဇွိုက် ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းရောဂါရှိတယ်”

မြန်မာဆရာဝန်ကလေးက သူ့အတွေ့အကြုံကို ပြောပြတယ်။

“ကျွန်တော်မြန်မာပြည်မှာနေတုန်းက စိတ်ကျန်းမာရေးဆေးရုံကြီးမှာ (၆) လလောက်တာဝန်ကျခဲ့ဖူးတယ်။ ဆရာပြောသလို Abulia လက္ခဏာရှိတဲ့ လူနာအတော်များများ တွေ့ဖူးပါတယ်။ နာတာရှည် စိတ်ကစဉ့်ကလျား ရောဂါရှိသူတွေပါ။ တချို့စိတ်ကစဉ့်ကလျားရောဂါရှိသူတွေက အပြင်းဖြစ်စိတ္တစလက္ခဏာတွေ ပျောက်ကင်းသွားပေမယ့် ရောဂါလုံးဝကင်းစင်မသွားဘူး။ စိတ်ဓာတ်လှုံ့ဆော်မှု လျော့နည်းကျဆင်းလက္ခဏာတွေ ကျန်ခဲ့တယ်။ အကြွင်းကျန်စိတ်ကစဉ့်ကလျားရောဂါ (Residual Schizophrenia) လို့ခေါ်ပါတယ်။ စိတ်ကစဉ့်ကလျား ရောဂါရှိသူ ၂၅ ရာခိုင်နှုန်းမှာ အဲလိုလက္ခဏာအများအပြား တွေ့ရှိရပါတယ်။”

စာရေးသူတို့စကားဝိုင်းမှာ ပါဝင်နားထောင်နေတဲ့ သြစီအမျိုးသမီးတစ်ဦးက ကြားဖြတ်ပြောတယ်။

“ကျွန်မဦးလေးတစ်ယောက် မကြာမီက ဦးနှောက်လေဖြတ်ရောဂါရရှိတယ်။ ဒေါက်တာအုန်းပြောတဲ့ Abulia လက္ခဏာတွေ ပေါ်ပေါက်လာတာ တွေ့ရတယ်။”

“ဦးနှောက်လေဖြတ်ပြီး ဖြစ်ပွား- စိတ်ဓာတ်လှုံ့ဆော်မှု ကျဆင်းရောဂါ” (Post-Stroke Apathy) လို့ခေါ်တယ်။ ဦးနှောက်လေဖြတ်ရောဂါ ဖြစ်ပွားသူ ၃၄ ရာခိုင်နှုန်းမှာ အဲလိုဖြစ်တတ်ပါတယ်။ တစ်စုံတစ်ခုကို စတင်ပြုလုပ်ဖို့ လှုံ့ဆော်ပေးတဲ့ ဦးနှောက်ပိုင်းတွေကို ထိခိုက်ရင် Apathy လက္ခဏာတွေ ဖြစ်ပွားလာနိုင်တယ်။ မော်တော်ကားမှာ စက်နှိုးမော်တာ (Starter Motor) ပျက်စီးရင် အင်ဂျင်စတင် မလည်ပတ်နိုင်သလိုပေါ့”

“ဦးနှောက်ပိုင်းတွေနာမည်က…”

“Frontal Lobe၊ Basal Ganglia နဲ့Anterior Cingulate Gyrus တွေပါ။ အဲဒီဦးနှောက်ပိုင်းတွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်ရေးအတွက် လိုအပ်တဲ့ ဒိုပါမင်း (Dopamine) ဓာတ် လျော့နည်းရန်ဖြစ်တတ်တယ်”

သြစီအမျိုးသမီးက သူဦးလေးကိစ္စ ဆက်ပြောတယ်။

“ကျွန်မဦးလေးအတွက် ဆရာဝန်က ဆေးတစ်မျိုးညွှန်ကြားတယ်။ စိတ်ဓာတ်လှုံ့ဆော်မှု အားသန်ဆေးတဲ့”

” Bromocriptineဖြစ်မယ်ထင်တယ်။ အဲဒီဆေးက ဒိုပါမိုင်းဓာတ်အာနိသင်ကို တိုးပွားစေပါတယ်။ ဦးနှောက်ရောဂါကြောင့် ဖြစ်ပွားတဲ့ စိတ်ဓာတ်လှုံ့ဆော်မှု လျော့နည်းကျဆင်းရောဂါမှာ အသုံးပြုကြပါတယ်’’

ဝိုင်အရက်အရှိန်နဲ့ တချိန်လုံးငြိမ်ပြီး နားထောင်နေတဲ့ စာရေးသူရဲ့မိတ်ဆွေကိုတာက နိုင်ငံရေးစကားပြောတယ်။

“COVID-19 ရောဂါနဲ့ ပတ်သက်ရင်လည်း ပျင်းရိငြီးငွေ့မလာကြဖို့ နိုင်ငံရေးခေါင်းဆောင်တွေက သတိပေးနေတယ်ဗျ”

“ဘာကြောင့်လဲ့”

” COVID-19 အကြောင်းကြားရဖန်များတော့ ရိုးလာကြတယ်။ စိတ်ထဲမှာ “အီ” လာကြတယ်။ COVID-19 ရောဂါနဲ့ ပက်သက်ရင် ငြီးငွေ့လာကြတယ်။ ရလဒ်က ရောဂါကာကွယ်ဖို့ လိုအပ်တဲ့ အပြုအမူတွေကို လျစ်လျူရှုလာကြတယ်။ လူစုလူဝေးကို မရှောင်တော့ဘူး။ မထီမဲ့မြင် ပြုမူလာတယ်။ လက်မှန်မှန်ဆေးဖို့ ပျင်းရိလာတယ်။ မျက်နှာဖုံး (Mask) တပ်ဖို့မေ့လျော့လာတယ်။ ဒါကြောင့် COVID-19 ကာကွယ်ဖို စိတ်ဓာတ်လှုံ့ဆော်မှု (Motivation) မကျဆင်းစေနဲ့။ ထိရောက်တဲ့ကာကွယ်ဆေး ပေါ်ပေါက်လာတဲ့အထိ တောင့်ထားကြဦး”လို့ နှိုးဆော်နေကြတာပါ။ တောင့်ထား မြန်မာပြည်။

Most Popular

Healthy Life Ad
To Top