Healthy Life Ad
Health Tips

အဝလွန်မိခင်မှ မွေးဖွားသည့် ကလေးငယ်များ ကင်ဆာဖြစ်ပွားနိုင်ခြေပိုများ

———၊ ကိုထက် ၊———

အဝလွန်မိခင်တွေက မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ပုံမှန်ကိုယ်အလေးချိန်ရှိ မိခင်တွေက မွေးဖွားတဲ့ ကလေးငယ်တွေထက် ကင်ဆာဖြစ်ပွားနိုင်ခြေ ၅၇ ရာခိုင်နှုန်း ပိုများတယ်လို့ လေ့လာမှုအသစ်တွေအရ သိရပါတယ်။

အမေရိကန်နိုင်ငံ ပန်ဆိုဗေးနီးယားတက္ကသိုလ်မှ လေ့လာသူတွေဟာ ၂၀ဝ၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ပန်ဆိုဗေးနီးယားဒေသတွင်း မွေးဖွားခဲ့တဲ့ ကလေးငယ်များစာရင်းနဲ့ ကင်ဆာရောဂါ ကုသမှုခံယူရတဲ့ လူနာစာရင်းမှတ်တမ်းတွေကို သေသေချာချာ လေ့လာမှုပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုကာလအတွင်း ကလေးဦးရေ ၂ သန်းခန့် မွေးဖွားခဲ့ပြီး ကင်ဆာဖြစ်ပွားမှု ၃၀ဝ၀ ခန့်ရှိတယ်လို့ သိရပါတယ်။

နေထိုင်မှုဘဝပုံစံ လွဲမှားနေခြင်း၊ အထူးသဖြင့် အသင့်စားအစားအစာတွေ အလွန်အကျွံစားသုံးခြင်း၊ သကြားနဲ့ အချိုတွေ အလွန်စားသုံးခြင်း စတဲ့ မိခင်တွေဟာ ၎င်းင်းတို့ ခန္ဓာကိုယ်တွင်းရှိ အင်ဆူလင်ပမာဏတွေကို ကမောက်ကမ ဖြစ်လာစေပါတယ်။ ထိုမှတစ်ဆင့် အဝလွန်လာပြီး မိမိဘဝသက်တမ်းကို လျော့ကျလာစေရုံသာမက ကိုယ်ဝန်ဆောင်ပြီး မွေးဖွားလိုက်တဲ့ မိမိရဲ့ ရင်သွေးကိုပါ အသက် ၅ နှစ်မတိုင်ခင် ကင်ဆာဖြစ်နိုင်ခြေ ၅၇ ရာခိုင်နှုန်း များပြားလာစေနိုင်တယ်လို့ လေ့လာသူတွေက ပြောပြခဲ့ပါတယ်။

“လူကြီးတွေမှာဖြစ်ပွားတဲ့ ကင်ဆာအများစုကို ဘာကြောင့်ဖြစ်ရတယ်ဆိုတာရယ်၊ ဘယ်လိုတွေ ကာကွယ်လို့ ရတယ်ဆိုတာတွေ တော်တော်လေး သိရှိနေကြပေမယ့် ဒီလိုကလေးငယ်လေးတွေ ကင်ဆာဖြစ်ရခြင်းကိုတော့ များများစားစား မသိရှိကြရသေးပါဘူး၊ ဒီလေ့လာမှုရလဒ်ကြောင့် မိခင်တွေအနေနဲ့ ကျန်းမာအောင်နေဖို့၊ ကိုယ်အလေးချိန်ထိန်းဖို့၊ ဝနေရင်လည်း ဝိတ်ချလာစေမယ့် အသိလေးရပြီး လိုက်နာမယ်ဆိုရင် ကလေးငယ်တွေ ကင်ဆာဖြစ်ပွားလာနိုင်ခြေကို ကာကွယ်လျှော့ချလာနိုင်ပြီး ကလေးတွေရဲ့အသက်ကို ပိုပြီး ကယ်တင်လာနိုင်မယ်လို့ ယုံကြည်ထားပါတယ်’လို့ ကူးစက်ရောဂါဌာနမှ ဒေါက်တာရှီနာစတေစီက ပြောပြခဲ့ပါတယ်။

ဒီလေ့လာမှုဟာ အဝလွန်နေတဲ့ မိခင်တွေကို ရှက်ဖို့၊ ကြောက်ဖို့သက်သက် ထုတ်ပြခဲ့ကြတာမဟုတ်ဘဲ မိခင်နဲ့ ကလေးတွေရဲ့ ကျန်းမာရေး ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီး မျှဝေခဲ့တာဖြစ်တယ်လို့ ဒေါက်တာစတေစီက ပြောပြခဲ့ပါသေးတယ်။

မိခင်အဝလွန်ခြင်းက ဘာကြောင့် ကလေးအတွက် ကင်ဆာဖြစ်နိုင်ခြေ အလွန်များသွားစေတယ်ဆိုတဲ့ အချက်ကိုတော့ သေသေချာချာ မဆုံးဖြတ်နိုင်သေးပါဘူး။ ဒါပေမဲ့ မိခင်ရဲ့ ကိုယ်ခန္ဓာထုထည် အညွှန်းကိန်းဘယ်လောက်ရှိရင် ကလေးကင်ဆာဖြစ်နိုင်ခြေ ဘယ်လောက်များတယ်ဆိုတာကို တွက်ချက်နိုင်မယ့် အချက်အလက်တွေတော့ ရနေပြီဖြစ်တယ်လို့ သိရပါတယ်။ အဝလွန်နေတာအပြင် မိခင်ရဲ့ အသက်အရွယ် စတာတွေကိုပါ ထည့်စဉ်းစားဖို့ လိုအပ်ပြီး ပိုမိုတိကျတဲ့ တွက်ချက်နည်းတွေ ရရှိစေဖို့ ဆက်လက်လေ့လာလျက် ရှိတယ်လို့လည်း ဆိုပါတယ်။

အဝလွန်တယ်ဆိုတာ ကျန်းမာရေးအရ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ ဒါကြောင့် မိမိကိုယ်တိုင်လည်း ကျန်းမာတဲ့ ခန္ဓာကိုယ်ပုံစံဖြစ်အောင် ကြိုးစားခြင်းဖြင့် မိမိအတွက်ရော မိသားစုတွေအတွက်ပါ ကောင်းမွန်တဲ့ ရလဒ်တွေသာ ရှိမှာဖြစ်တဲ့အတွက် လိုက်နာသင့်တဲ့ အချက်ပဲဖြစ်တယ်လို့ ပညာရှင်တွေက အကြုံပြုထားကြပါတယ်။

(DM-11-7-09)

Most Popular

Healthy Life Ad
To Top