Healthy Life Ad
Health Tips

အသက် ၃၀ ကျော်လာချိန် လိုက်နာသင့်သည့် နေထိုင်စားသောက်မှုပုံစံ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အခုနောက်ပိုင်း ၃၀ ကျော်အရွယ်အများစုဟာ ညအိပ်ချိန် နောက်ကျတာများလာတော့ မနက်ထတဲ့ အချိန်တွေလည်း ကမောက်ကမဖြစ်လာကြပါတယ်။ ညတစ်နာရီလောက်မှအိပ်တော့ မနက်ကို ကိုးနာရီလောက်မှ ထဖြစ်ရာက မနက်စာကို နေ့လယ် ၁၁ နာရီလောက်မှ စားဖြစ်ပြီး နေ့လယ်စာကျတော့ ညနေ ၃ နာရီလောက်မှ စားတာမျိုး၊ ညစာကျတော့ ည ၈ နာရီ-၉ နာရီလောက်မှ စားဖြစ်ပြီး အချိန်တွေလည်း မှားကုန်ပါတယ်။ အဲဒီတော့ နောက်ဆက်တွဲအနေနဲ့ အစာမကြေတာ၊ လေပွတာ၊ ရင်ပူတာတွေဖြစ်ပြီး ညဘက်ဆို တော်တော်နဲ့ အိပ်မပျော်တာတွေ ဖြစ်ကုန်ကြပါတယ်။ ဒါတွေမဖြစ်စေဖို့ တစ်နေ့တာအတွင်း ဘယ်လိုနေထိုင် စားသောက်သင့်သလဲဆိုတာ လေ့လာကြည့်ရအောင်။

ပရိုတင်းဓာတ်

ပရိုတင်းဓာတ်(အသားဓာတ်)ကလည်း ခန္ဓာကိုယ်အတွက် အရေးကြီးပါတယ်။ အသားဓာတ်တွေ ပြိုကွဲတဲ့အခါ အမိုင်နိုအက်စစ်ဖြစ်ပြီး ခန္ဓာကိုယ်အတွက် လုပ်ငန်းဆောင်တာအများကြီး လုပ်ပေးပါတယ်။ ပရိုတင်းဓာတ်ရရှိစေဖို့ အသား၊ ငါး၊ ပဲ၊ တိုဟူး၊ ဥအမျိုးမျိုး၊ အခွံမာအစေ့အဆန်၊ တချို့ကောက်ပဲသီးနှံတွေနဲ့ အသီးအရွက်တွေကို စားပေးသင့်ပါတယ်။ အသား ဒါမှမဟုတ် ပဲအမျိုးမျိုး စားပေးတာက ကျန်းမာပြီး အားပြည့်စေပါတယ်။

အဆီ

ပြည့်ဝဆီစားတာက ကိုလက်စထရောတက်စေပြီး များရင်များသလို ကျန်းမာရေးထိခိုက်ပါတယ်။ ပြည့်ဝဆီဆိုတာ စားအုန်းဆီတို့လိုမျိုး၊ အသားကနေရတဲ့ အဆီတွေ ဥပမာ- ဝက်ဆီ၊ အမဲဆီတို့လိုမျိုးကို ပြောတာပါ။ အဆီကောင်းတွေဖြစ်တဲ့ မပြည့်ဝဆီတွေကတော့ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပုပ်စေ့ဆီ စတာတွေဖြစ်ပြီး ဒါကို အသင့်အတင့် စားလို့ရပါတယ်။ ဆီကို အိုးထဲထည့်လိုက်တဲ့အခါ မီးအပူနဲ့တွေ့ပြီး Hydrogenation (အငွေ့ပျံ)ကာ ကျန်ခဲ့တဲ့ဆီတွေကို ပုံပြောင်းဆီလို့ ခေါ်ပါတယ်။ ဒီပုံပြောင်းဆီတွေ အစားများတဲ့အခါ မကောင်းတဲ့ကိုလက်စထရော (LDL) တွေကို များစေကာ ကိုယ်အလေးချိန်တက်စေပါတယ်။ အစာမကြေ ဖြစ်နိုင်တဲ့အပြင် ကျန်းမာရေးလည်း ထိခိုက်စေလို့ တစ်ခါချက်ပြီးသားဆီတွေကို ပြန်မသုံးတာ အကောင်းဆုံးပါပဲ။

ဟင်းအနှစ်

ဟင်းအနှစ်တွေ စားတာများရင် အစာကြေဖို့ ခက်ခဲတတ်ပါတယ်။ ကိုလက်စထရောအဆီတက်ပြီး ဗိုက်ပူလို့ ဆင်ခြင်သင့်ပါတယ်။

အခွံမာအစေ့အဆန်

အခွံမာအစေ့အဆန်တွေကိုလည်း စားပေးပါ။ ဘာလို့လဲဆိုတော့ ကောင်းတဲ့ကိုလက်စထရော (HDL) ရရှိစေလို့ ဖြစ်ပါတယ်။ နေ့စဉ် မြေပဲဆိုလည်း ဆယ်စေ့၊ သီဟိုဠ်စေ့ဆို ခြောက်စေ့လောက်၊ နေကြာစေ့၊ ဖရုံစေ့ဆိုလည်း လက်တစ်ဆုပ်ခန့် စားလို့ရပါတယ်။

ဆင်ခြင်ရမည့်အချက်များ

အိပ်ရေးဝ၀အိပ်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားပါ၊ လက်ဆေးပါ။ ဆီးသွားပြီးတိုင်း အရှေ့ကနေ အနောက်ကို သန့်ရှင်းရေးလုပ်ပါ။ စိတ်ဖိစီးမှုလျှော့ချနိုင်ဖို့ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကစားတာ၊ ခရီးသွားတာတွေ ပြုလုပ်ပါ။ အလုပ်ကို မနိုင်ဝန်ထမ်းပြီး လက်ခံတာကလည်း စိတ်ဖိစီးမှုများစေလို့ အစာမကြေ၊ လေပွဝေဒနာကို အားပေးလှုံ့ဆော်ရာ ရောက်ပါတယ်။

 

Most Popular

Healthy Life Ad
To Top