Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်ချိန်မှာ တညင်းသီး၊ ဆူးပုပ်ရွက် စားသင့်/မစားသင့်

—၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ကိုယ်ဝန်ဆောင်ချိန်မှာ တညင်းသီးစားလို့ ရပါသလားဆရာ။ တညင်းသီးစားရင် ဘာဖြစ်တတ်ပါသလဲ ဆရာ။ နောက်တစ်ခုက ဆူးပုပ်ရွက်ကော စားလို့ရပါသလား။

A. တညင်းသီးကလေ ကိုယ်ဝန်ဆောင်ချိန်မှာမှ မဟုတ်ဘူး။ ဖြစ်နိုင်ရင် ဘယ်သူမှ မစားသင့်ပါဘူး။ တညင်းသီးထဲမှာ ဘာအာဟာရဓာတ်မှ မပါဘူး။ အာဟာရဓာတ်မပါရုံမက အဆင်မသင့်ရင် ကျောက်ကပ်ကို ထိခိုက်စေနိုင်တယ်။ အသက်အန္တရာယ်ကိုတောင် ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခုက တညင်းသီးက အရမ်းနံတာပါ။ ဒါပေမဲ့ ကြိုက်တဲ့သူက အရမ်းကြိုက်တာပါ။ တညင်းသီးကို စားတဲ့သူတင် နံတာမဟုတ်ဘူး။ ထွက်လာတဲ့ မစင်ကလည်း အရမ်းနံတယ်။ အဆင်မသင့်ရင် ကျောက်ကပ်ကို တော်တော်ထိခိုက်နိုင်ပြီး အသက်အန္တရာယ်တောင် ရှိစေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်မိခင်က တညင်းသီးကို လုံးဝမစားတာ ကောင်းပါတယ်။

“တညင်းသီးကလေ ကိုယ်ဝန်ဆောင်ချိန်မှာမှ မဟုတ်ဘူး။ ဖြစ်နိုင်ရင် ဘယ်သူမှမစားသင့်ပါဘူး။ တညင်းသီးထဲမှာ ဘာအာဟာရဓာတ်မှ မပါဘူး။ အာဟာရဓာတ်မပါရုံမက အဆင်မသင့်ရင် ကျောက်ကပ်ကို ထိခိုက်စေနိုင်တယ်။ အသက်အန္တရာယ်ကိုတောင် ဖြစ်စေနိုင်ပါတယ်။”

ဆူးပုပ်ရွက်ကလည်း အနံ့စူးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆူးပုပ်ရွက်စားရင် ဘာဖြစ်မယ်၊ မဖြစ်ဘူးဆိုတာတော့ ဆရာလည်း သိပ်တော့မသိပါဘူး။ ဒါပေမဲ့ စားတဲ့အခါ၊ ဝမ်းသွားတဲ့အခါ အနံ့က သိပ်ဆိုးတဲ့အတွက် ကိုယ်တင်မကဘူး၊ ကိုယ့်ဘေးကလူတွေပါ ဒုက္ခရောက်ရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်က သိပ်အရေးကြီးပါတယ်။ မိခင်စားလိုက်တဲ့ အစားအသောက်တွေက သွေးကနေတဆင့် ကလေးဆီကို အကုန်လုံးရောက်သွားတာကိုး။ အဲဒီတော့ မိခင်စားလိုက်တဲ့ အစာက ကလေးပေါ်မှာ ကောင်းကျိုးကော ဆိုးကျိုးပါ ဖြစ်စေနိုင်ပါတယ်။ မိခင်ကောင်းရင် ကလေးလည်းကောင်းတယ်၊ မိခင်အစားမှားလို့ ဝမ်းပျက်ဝမ်းလျှောရင် ကလေးလည်းထိခိုက်နိုင်တယ်။ အစားအသောက်က သိပ်ကို အရေးကြီးပါတယ်။ အဲဒီမှာ အစားအသောက်ကို ဉာဏ်နဲ့ယှဉ်ရပါမယ်။ ဆရာတို့က ဘယ်လိုပြောလေ့ရှိသလဲဆိုတော့ အစားအသောက်စားတဲ့အခါ စုံလင်ရမယ်၊ မျှတရမယ်၊ လတ်ဆတ်ရမယ်။ အစာကို တရားလွန်မရှောင်ရပါဘူး။ အသား၊ ဥ၊ နို့၊ ဟင်းသီးဟင်းရွက်၊ အသီးတွေ စသဖြင့် စုံလင်မျှတအောင် စားသောက်ရပါမယ်။ တစ်ခုတော့ရှိတာပေါ့။ စားတဲ့အစားအသောက်က သန့်ရှင်းလတ်ဆတ်ဖို့လည်း လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top