Healthy Life Ad
Health Tips

ဆေးလိပ်သောက်သူ၏ ကလေးများ အသက်ကြီးချိန်တွင် နှလုံးရောဂါဖြစ်နိုင်ခြေ လေးဆကျော်ပိုများ

———၊ ကိုထက် ၊———

ဆေးလိပ်သောက်သူတို့၏ ကလေးများသည် အသက်ကြီးချိန်တွင် နှလုံးရောဂါဖြစ်နိုင်ခြေ လေးဆကျော် ပိုများနိုင်ဖွယ်ရာရှိကြောင်း သိရသည်။ သို့ဖြစ်ရာ ဆေးလိပ်သောက်သူတို့သည် သူတို့၏ကလေးများ တစ်ဆင့်ခံဆေးလိပ်ငွေ့နှင့် ထိတွေ့မှုမရှိစေရန် ဆင်ခြင်သင့်ကြောင်း လေ့လာသူတို့က သတိပေးထားသည်။

ကလေးများ ဆေးလိပ်ငွေ့နှင့် မထိတွေ့စေရန် တစ်ခုတည်းသော နည်းလမ်းမှာ မိဘများ ဆေးလိပ်လုံးဝ မသောက်ခြင်းပင်ဖြစ်ကြောင်း လေ့လာသူတို့က ဆိုသည်။ ဆေးလိပ်သောက်သူ မိဘတို့၏ ကလေးများကို လေ့လာခဲ့ရာ တစ်ဆင့်ခံဆေးလိပ်ငွေ့နှင့် ထိတွေ့မှုကြောင့် ကလေးများ၏ ဦးခေါင်း၊ ဦးနှောက်နှင့် မျက်နှာဆီသို့ အောက်ဆီဂျင်ပါသော သွေးသယ်ဆောင်သည့် သွေးကြောများသည် အရွယ်ရောက်လာချိန်တွင် သွေးခဲစုပုံမှုနှင့် ပေါင်းစပ်၍ ကျဉ်းမြောင်းခြင်းနှင့် ပိတ်ဆို့ခြင်းတို့ ဖြစ်လာကြောင်း တွေ့ရှိခဲ့ရသည်။ သွေးကြောများထဲတွင် သွေးခဲစုပုံမှု အချိန်ကြာလာခြင်းကြောင့် နှလုံးသွေးကြော မာကျောကျဉ်းမြောင်းသည့် ရောဂါဖြစ်လာတတ်သည်။

လေ့လာမှုတွင် ၁၉၈၀ နှင့် ၁၉၈၃ ခုနှစ်များ၌ ကလေးတို့၏ သွေးနမူနာများကို ရယူခဲ့ပြီး ၂၀ဝ၁ နှင့် ၂၀ဝ၇ ခုနှစ်တို့တွင် သွေးကြောများကို ထပ်မံလေ့လာခဲ့ရာ မိဘတစ်ပါး သို့မဟုတ် နှစ်ပါး ဆေးလိပ်သောက်သဖြင့် အရွယ်ရောက်ချိန်တွင် သွေးကြောပိတ်ဆို့ကျဉ်းမြောင်းမှု ဖြစ်နှုန်းသည် နှစ်ဆနီးပါး ပိုမြင့်မားကြောင်းနှင့် ကလေးရှေ့တွင် ဆေးလိပ်သောက်လျှင် ကလေးများအရွယ်ရောက်ချိန် သွေးကြောပိတ်ဆို့ ကျဉ်းမြောင်းမှုဖြစ်နှုန်း လေးဆခန့်မြင့်မားကြောင်း တွေ့ရှိခဲ့ရသည်။

“မိဘတွေက အိမ်ထဲ၊ ကားထဲမှာ ဆေးလိပ်မသောက်တာကြောင့် ကလေးတွေမှာ ဆေးလိပ်ငွေ့နဲ့ ထိတွေ့မှု သိသိသာသာ လျော့ကျသွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိဘတွေ ဆေးလိပ်မသောက်တာက အန္တရာယ်အကင်းဆုံး နည်းလမ်းပဲဖြစ်ပါတယ်” ဟု တာကူးတက္ကသိုလ်မှ လေ့လာမှုခေါင်းဆောင် ဒေါက်တာကိုစတန်က ပြောကြားခဲ့သည်။

(Ref;DM)

Most Popular

Healthy Life Ad
To Top