Healthy Life Ad
Health Tips

ဦးနှောက် နုပျိုလန်းဆန်းနေစေမည့် လှည့်ကွက်များ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ဦးနှောက် နုပျိုလန်းဆန်းပြီး မှတ်ဉာဏ်ကောင်းနေစေဖို့ သိပ်ထူးဆန်းတဲ့နည်းတွေ လုပ်စရာတော့ မလိုပါဘူး။ သဘာဝကျတဲ့ နည်းလမ်းတွေက ဦးနှောက်နုပျိုလန်းဆန်းပြီး တက်ကြွစေတဲ့ လှည့်ကွက်တွေပါပဲ။ ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။

ဦးနှောက်ကို အလုပ်ပေးပါ

ဦးနှောက်ဟာ သုံးရင်သုံးသလောက် အသုံးဝင်ပါတယ်။ ဦးနှောက်နုပျိုပြီး မှတ်ဉာဏ်ကောင်းမွန်နေစေဖို့ ဆုဒိုကုကစားတာ၊ ပဟေဠိအဖြေညှိတာတို့ လုပ်ဆောင်ပါ။ ဒါမှမဟုတ် ဘာသာစကားအသစ် သင်ယူလေ့လာပါ။ ဒီနည်းလမ်းတွေက ဦးနှောက်အိုမင်းမှုနှုန်းကို လျော့ကျစေနိုင်ပါတယ်။

ခန္ဓာကိုယ်ကို လှုပ်ရှားပါ

လေ့လာမှုအရ ခန္ဓာကိုယ်လှုပ်ရှားမှုလုပ်ပြီး သန်စွမ်းကျန်းမာအောင် နေထိုင်တာက မှတ်ဉာဏ်ကောင်းမွန်စေပါတယ်။ တစ်နေ့မှာ မိနစ် ၃၀ ခန့် ပုံမှန်လမ်းလျှောက်ပေးရင်တောင် ဦးနှောက်အိုမင်းမှုနှုန်းကို လျော့ကျစေပါတယ်။

ဦးနှောက်ကျန်းမာစေရန် စားသောက်ပါ

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များများ၊ အသားနဲ့ ပြည့်ဝဆီနည်းနည်း စားတာကြောင့် အင်တီအောက်ဆီးဒင့် ရရှိကာ ဦးနှောက်ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အိုမီဂါ ၃ အဆီပါတဲ့ ငါးအဆီစားတာကြောင့် ဦးနှောက်ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အဆင်သင့်အစာ စားတာကြောင့် မှတ်ဉာဏ်ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။

အိပ်ရေးဝ၀ အိပ်စက်ပါ

အိပ်ရေးပျက်တာကြောင့် ဦးနှောက်ကို အိုမင်းစေနိုင်ပါတယ်။ လတ်တလော လေ့လာမှုတစ်ခုအရ ၁၀ နှစ်ကျော်ကြာ ညဆိုင်းအလုပ်လုပ်ခဲ့သူတွေဟာ ဦးနှောက်ဆဲလ်တွေ သေဆုံးပြီး ဦးနှောက်ဟာ ခြောက်နှစ်ခွဲကြာ အိုမင်းတာနဲ့ ညီမျှနေကြောင်း သိရပါတယ်။

မကောင်းသော ဦးနှောက်အလေ့အကျင့်များ ရှောင်ပါ

ခန္ဓာကိုယ်အတွက် မကောင်းတဲ့ အရာတွေက ဦးနှောက်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာ၊ ကိုယ်အလေးချိန်များတာ၊ သွေးတိုးတာနဲ့ သွေးတွင်းကိုလက်စထရော မြင့်တက်တာတို့ကြောင့် ဦးနှောက်ကို ပိုမိုအိုမင်းစေနိုင်ပါတယ်။ ဦးနှောက်ကျန်းမာနုပျိုစေဖို့ ဦးနှောက်ထဲမှာ သွေးလှည့်ပတ်စီးဆင်းမှု ကောင်းကောင်းလိုအပ်ပါတယ်။

ကောင်းမွန်သည့် ပေါင်းသင်းဆက်ဆံရေး တည်ဆောက်ပါ

တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းတာကြောင့် ဦးနှောက်အိုမင်းမှုကို လျော့ကျစေပြီး တွေးခေါ်မြော်မြင်မှု ကောင်းစေပါတယ်။ လေ့လာမှုအရ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တာကြောင့် အယ်လ်ဇိုင်းမားရောဂါဖြစ်နှုန်း လျော့ကျစေနိုင်ကြောင်း သိရပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းတာကြောင့် ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းနဲ့ ဦးနှောက်ရဲ့ စီစဉ်ဆောင်ရွက်နိုင်စွမ်းမှုဆိုင်ရာ အစိတ်အပိုင်းတွေကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိလာပါတယ်။

ဘယ်အရာကိုမှ အလွန်အကျွံ မလုပ်ပါနှင့်

ဦးနှောက်ကို လှုံ့ဆော်တာက ကောင်းပေမယ့် လေးလံလွန်းတဲ့ အလုပ်ဝန်ထုပ်ဝန်ပိုးနဲ့ စိန်ခေါ်မှုတွေကြောင့် ဦးနှောက်ကို ထိခိုက်စေနိုင်သလို ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို လျော့ကျစေနိုင်ပါတယ်။ လေ့လာမှုအရ စိတ်ဖိစီးမှုဟာ ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေပြီး လေ့လာမှုနဲ့ဆိုင်တဲ့ ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဦးနှောက်ရဲ့ မှတ်ဉာဏ်နဲ့ဆိုင်တဲ့အပိုင်း ဟစ်ပိုကမ်းပက်စ်ဟာ နာတာရှည် စိတ်ဖိစီးမှုကြောင့် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရေတိုမှတ်ဉာဏ် ထိခိုက်လာပြီဆိုရင် သတိထားပြီး အနားယူပေးပါ။ လေ့လာမှုတချို့အရ စိတ်ဖိစီးမှုဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို တိုးစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယောဂကျင့်တာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ တရားထိုင်တာတွေကလည်း စိတ်ဖိစီးမှုကို လျော့ကျစေပြီး ဦးနှောက်အပေါ် ဆိုးကျိုးသက်ရောက်မှုတွေ လျော့ပါးသက်သာသွားစေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top