Healthy Life Ad
Health Tips

အမျိုးသမီးများ သိထားသင့်သည့် မျိုးဆက်ပွားလမ်းကြောင်းကင်ဆာ ၅ မျိုး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အမျိုးသမီးတွေဟာ မျိုးဆက်ပွားအင်္ဂါတွေမှာ ပထမဆုံးပေါ်တတ်တဲ့ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ မထိန်းချုပ်နိုင်လောက်အောင် ပျံ့နှံ့ပြီး ကြီးထွားတဲ့အခါမှာ ကင်ဆာဖြစ်တတ်ပါတယ်။ သားအိမ်ခေါင်း၊ မမျိုးဥအိမ်၊ သားအိမ်၊ မိန်းမကိုယ်နဲ့ မိန်းမကိုယ်အပြင်ပိုင်းတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာတွေ ပါဝင်နေပါတယ်။ ဒီကင်ဆာအများစုဟာ အသက်ကြီးတာ၊ မျိုးရိုးဗီဇ၊ ဘဝနေထိုင်စားသောက်မှုပုံစံနဲ့ ပတ်ဝန်းကျင်အခြေအနေ စတာတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်တတ်တဲ့ အန္တရာယ်တွေကိုသာ သိထားမယ်ဆိုရင် ကင်ဆာဖြစ်နိုင်ခြေ လျော့ကျအောင် လုပ်ဆောင်ရမယ့် နည်းတွေကို လိုက်နာပြီး ကြိုတင်ကာကွယ်ထားနိုင်ပါလိမ့်မယ်။

သားဥအိမ်ကင်ဆာ

ဘယ်လိုရောဂါမျိုးလဲ – သားဥအိမ်ကင်ဆာက အဖြစ်များဆုံး သားဖွားမီးယပ်ဆိုင်ရာ ကင်ဆာတွေအနက် တစ်ခုဖြစ်ပါတယ်။ ဒီကင်ဆာက မမျိုးဥအိမ်ရဲ့ အပေါ်ယံလွှာမှာ စတင်ဖြစ်တတ်ပြီး ရောဂါအဆင့်မြင့်တဲ့အထိ ဘာလက္ခဏာမှ မပြသတတ်ပါဘူး။

လက္ခဏာများ- သားဥအိမ်ကင်ဆာ အစောပိုင်းအဆင့်မှာ သိသာထင်ရှားတဲ့ လက္ခဏာကို မပြသနိုင်ပါဘူး။ ရောဂါအဆင့်မြင့်လာချိန်မှာ တင်ပဆုံရိုးကို ဖိထားသလို ခံစားရတာ၊ ဝမ်းဗိုက်ရောင်ရမ်းတာ၊ လေပွတာနဲ့ လေထတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ စတဲ့ အူအလေ့အထ ပြောင်းလဲတာတွေ ဖြစ်တတ်ပါတယ်။ အလွန်ပင်ပန်းနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများသောအချက်များ – သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေက အသက်ကြီးလာတာနဲ့အမျှ မြင့်တက်လာပါတယ်။ အထူးသဖြင့် သွေးဆုံးချိန်တဝိုက်မှာ ဖြစ်တတ်ပါတယ်။ တခြားဖြစ်နိုင်ခြေများတဲ့ အချက်တွေက သားဥအိမ်ကင်ဆာ မျိုးရိုးရှိတာ၊ ကိုယ်ဝန်မဆောင်ဖူးတာ၊ သွေးဆုံးဝေဒနာ သက်သာအောင် အီစထရိုဂျင်ဟော်မုန်း တစ်မျိုးတည်းကုသမှုကို နှစ်ရှည်လများ ခံယူဖူးတာတို့ ဖြစ်ကြပါတယ်။

သားအိမ်ကင်ဆာ

ဘယ်လိုရောဂါမျိုးလဲ – သားအိမ်ကင်ဆာ အများစုဟာ သွေးဆုံးပြီးနောက်မှာ သားအိမ်အတွင်းလွှာမှာ စတင်ဖြစ်တတ်ပါတယ်။ သားအိမ်အတွင်းလွှာဆဲလ်တွေဟာ မထိန်းချုပ်နိုင်လောက်အောင် ကြီးထွားလာပြီး သားအိမ်တစ်သျှူးတွေထဲကို ကျူးကျော်ဝင်ရောက်လာကာ သားအိမ်ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။

လက္ခဏာများ – သတိထားသင့်တဲ့ လက္ခဏာတွေကတော့ မိန်းမကိုယ်မှ ထုံးစံမဟုတ်ဘဲ သွေးဆင်းတာ၊ သွေးဆုံးပြီးနောက် သွေးဆင်းတာ၊ ဆီးသွားစဉ် နာကျင်တာ၊ ဆီးသွားရခက်တာ၊ လိင်ဆက်ဆံချိန်အတွင်း နာကျင်တာနဲ့ တင်ပဆုံရိုးနာကျင်တာတို့ပဲ ဖြစ်ကြပါတယ်။

ဖြစ်နိုင်ခြေများသော အချက်များ – ဒီကင်ဆာကို ဖြစ်စေနိုင်တဲ့ အချက်တွေက ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းအဆင့် လျော့ကျသွားတာကြောင့် ဖြစ်တတ်ပါတယ်။ အီစထရိုဂျင် ဟော်မုန်းနဲ့ ဆက်စပ်နေတဲ့ အချက်တွေက အဝလွန်တာ (အဆီများတဲ့ တစ်သျှူးတွေက အီစထရိုဂျင်ဟော်မုန်းကို ဖြစ်စေနိုင်ပါတယ်)၊ အီစထရိုဂျင် ဟော်မုန်းတစ်မျိုးတည်း ကုသမှုခံယူတာ၊ ရင်သားကင်ဆာကုသရာမှာ Tamoxi-fen ဆေးမှီဝဲတာ၊ ရာသီလာချိန်စောပြီး သွေးဆုံးနောက်ကျတာနဲ့ ကိုယ်ဝန်မဆောင်တာတို့ပဲ ဖြစ်ကြပါတယ်။ အူမကြီးကင်ဆာ မျိုးရိုးရှိရင်လည်း သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

သားအိမ်ခေါင်းကင်ဆာ

ဘယ်လိုရောဂါမျိုးလဲ – သားအိမ်ခေါင်းကင်ဆာဟာ သားအိမ်ခေါင်းဆဲလ်တွေ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတွေကြောင့် ဖြစ်တတ်ပါတယ်။

လက္ခဏာများ – လိင်ဆက်ဆံပြီး သွေးထွက်တာ၊ မိန်းမကိုယ်မှ အရည်ဆင်းတာနဲ့ ရာသီလာချိန် တစ်ချိန်နဲ့တစ်ချိန်ကြား ပုံမမှန်သွေးဆင်းတာတွေ ဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများသော အချက်များ – ကြွက်နို့ဗိုင်းရပ်စ်ပိုး (HPV) ဟာ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ အဓိကအန္တရာယ် ဖြစ်ပါတယ်။ HPV ပိုးကူးစက်မှုက အလွန်အဖြစ်များပါတယ်။ ဒါပေမဲ့ တချို့ပိုးအမျိုးအစားတွေကသာ ကင်ဆာအကြိုအဆင့် အပြောင်းအလဲတွေကို ဖြစ်စေပြီး သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ကာမစပ်ယှက်မှုကြောင့် HPV ပိုး ကူးစက်နိုင်ပါတယ်။ ဆေးလိပ်သောက်တာက HPV ပိုးကူးစက်ခံရတဲ့ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ပုံမှန်သားအိမ်ခေါင်း အသားစယူစစ်ဆေးမှု ခံယူတာက ကင်ဆာအကြိုဆဲလ်တွေ ရှိ၊ မရှိ စစ်ဆေးတာ ဖြစ်ပါတယ်။

မိန်းမကိုယ်အပြင်ပိုင်းကင်ဆာ

ဘယ်လိုရောဂါမျိုးလဲ – မိန်းမကိုယ်နှုတ်ခမ်းသားနဲ့ မိန်းမကိုယ်အဝ အပါအဝင် မိန်းမကိုယ်အပြင်ပိုင်းမှာ ကင်ဆာအဖြစ်မများပါဘူး။ ဒီကင်ဆာက ဖြည်းဖြည်းချင်း ကြီးထွားလာတဲ့ ကင်ဆာဖြစ်ပြီး အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ အဖြစ်များဆုံး ဖြစ်ပါတယ်။

လက္ခဏာများ- မိန်းမကိုယ်အပြင်ပိုင်း ယားယံမှုက တစ်လထက် ပိုကြာကြာဖြစ်တာက အသိသာဆုံး လက္ခဏာပါ။ မိန်းမကိုယ်နာကျင်တာ၊ မိန်းမကိုယ်မှ သွေးဆင်းတာ၊ မိန်းမကိုယ်ပူစပ်ပူလောင်ဖြစ်တာနဲ့ မိန်းမကိုယ်မှ အရည်ဆင်းတာတွေလည်း ဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများသော အချက်များ – အသက်ကြီးတာက မိန်းမကိုယ်အပြင်ပိုင်းမှာ ကင်ဆာအဖြစ်များစေပါတယ်။ ဒီကင်ဆာအဖြစ်များတဲ့ အမျိုးသမီးတွေက အသက် ၅၀ ကျော်သူတွေ ဖြစ်ကြပါတယ်။ ကြွက်နို့ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာက မိန်းမကိုယ်အပြင်ပိုင်းမှာ ကင်ဆာဖြစ်နိုင်ခြေ(အထူးသဖြင့် အသက် ၄၀ အောက်မှာ)ကို မြင့်တက်စေပါတယ်။ ကြွက်နို့ဗိုင်းရပ်စ်ပိုးဟာ ကင်ဆာအကြိုပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပြီး သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။

မိန်းမကိုယ်ကင်ဆာ

ဘယ်လိုရောဂါမျိုးလဲ – မိန်းမကိုယ်အတွင်းမှာဖြစ်တဲ့ ရှားပါးတဲ့ကင်ဆာမျိုးပါ။ အသက်ကြီးအမျိုးသမီးတွေမှာ အဖြစ်များဆုံး ကင်ဆာပါ။

လက္ခဏာများ- မိန်းမကိုယ်ကင်ဆာ အစောပိုင်းအဆင့်မှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ လက္ခဏာအနေနဲ့ ပြမယ်ဆိုရင် မိန်းမကိုယ်နာကျင်တာ၊ မိန်းမကိုယ်အရည်ဆင်းတာနဲ့ သွေးဆင်းတာတွေပဲ ပြသတတ်ပါတယ်။

ဖြစ်နိုင်ခြေများသော အချက်များ – ကြွက်နို့ဗိုင်းရပ်စ်ပိုးဟာ မိန်းမကိုယ်ကင်ဆာနဲ့ ဆက်စပ်မှုရှိပါတယ်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်တာကလည်း မိန်းမကိုယ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

‘မျိုးဆက်ပွားလမ်းကြောင်းဆိုင်ရာ ကင်ဆာဖြစ်နိုင်ခြေ လျော့ကျအောင်’

မိသားစုမျိုးရိုးကို သိတာက ကင်ဆာမဖြစ်ခင် စောစောစီးစီး ရောဂါရှာဖွေတာနဲ့ ကာကွယ်တာတွေ လုပ်ဆောင်နိုင်ပါတယ်။ အစားအသောက်၊ လေ့ကျင့်ခန်းနဲ့ ဘဝနေထိုင်မှုပုံစံတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်တာကလည်း ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုခံယူတာက မျိုးဆက်ပွားလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ကင်ဆာတွေကို အစောပိုင်းအဆင့်ကတည်းက သိနိုင်ပြီး စောစောကုသမှု ခံယူတာကြောင့် ရောဂါပျောက်ကင်းနိုင်ခြေ များပါတယ်။

Most Popular

Healthy Life Ad
To Top