Healthy Life Ad
Health Tips

အမျိူးသား ဗိုက်ပူသော ပြဿနာ

———၊ ကိုထက် ၊———

ဗိုက်ပူတာက ကြည့်မကောင်းရုံသာမက ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေကိုလည်း မြင့်မားစေပါတယ်။ ဝမ်းဗိုက်ထဲက အဆီ (Viseral Fat)တွေက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း ပတ်ပတ်လည်မှာ ဝန်းရံထားကြပါတယ်။ ဒီအဆီတွေ များလေလေ နှလုံးရောဂါ၊ အမျိုးအစား(၂) ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါ အမျိုးအစားတချို့ ဖြစ်နိုင်ခြေများလေလေပဲ ဖြစ်ပါတယ်။

အမျိုးသား ဗိုက်ပူတာက ဘာကြောင့် ပြဿနာဖြစ်ရတာလဲ

ဝမ်းဗိုက်အဆီတွေ များလွန်းရင် ဆိုက်တိုကိုင်းလို့ခေါ်တဲ့ ဟော်မုန်းလို ဒြပ်ပေါင်းတွေ ထွက်ရှိစေပါတယ်။ ဒီဆိုက်တိုကိုင်းတွေက ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ရောင်ရမ်းမှုဟာ နှလုံးရောဂါ၊ အမျိုးအစား(၂) ဆီးချိုရောဂါတို့လို Metabolic Syndrome တွေ ဖြစ်စေနိုင်တဲ့ အဓိကအချက်ပါ။

ဘယ်လောက်များရင် အလွန်များနေပြီလဲ

ဝတိုင်း ဝမ်းဗိုက်အဆီ (Viseral Fat)များနေပြီလို့ ပြောလို့မရပါဘူး။ ပိန်တဲ့အမျိုးသားတွေမှာလည်း အဆီ Viseral Fat ရှိနေနိုင်ပါတယ်။ အဆီရှိ၊ မရှိ တိုင်းတာနိုင်တဲ့ အချက်က ခါးအတိုင်းအတာကို ကြည့်ဖို့ပဲ ဖြစ်ပါတယ်။ သင့်ခါးအတိုင်းအတာက ၄၀ လက်မကျော်ရင် အဆီရှိနေပါပြီ။ တကယ်လို့ မကောင်းတဲ့ ကိုလက်စထရော (LDL)နဲ့ ထရိုင်ဂလစ်စရိုက် အဆီများနေပြီး သွေးတိုးတဲ့အချက်ပါ တွဲရှိနေရင် ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေ များနေပါပြီ။ တချို့အဆီတွေက အသည်းထဲမှာ စုပုံနေတဲ့အခါ အသည်းအဆီဖုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ အသည်းအဆီဖုံးတာကြောင့် အသည်းရောင်ရမ်းမှုဖြစ်ပြီး အသည်းခြောက်နိုင်ပါတယ်။

ဗိုက်ပူတာကို ဘယ်လို လျှော့ချနိုင်သလဲ . . .

ကံကောင်းတာက ဝမ်းဗိုက်အဆီပိုတွေ ရှိနေတဲ့ အမျိုးသားတွေအနေနဲ့ သင့်တော်တဲ့ ဘဝနေထိုင် စားသောက်မှုပုံစံကို လိုက်နာပြီး အဆီပိုတွေကို လျှော့ချနိုင်ပါတယ်။ အဲဒီနည်းတွေကတော့-

• ကိုယ်အလေးချိန်များနေရင် လျှော့ချပါ။

• တစ်ပတ်မှာ အကြိမ်များစွာ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းတိုင်းဟာ ဝမ်းဗိုက်အဆီတွေကို လျော့ကျစေပါတယ်။ လမ်းလျှောက်တာနဲ့ စပြီး ဖြည်းဖြည်းချင်းပြေးတာတို့လို စွမ်းအင်မြှင့်ကာ လေ့ကျင့်ခန်းပြုလုပ်သွားပါ။

• သင့်တော်မှန်ကန်တဲ့ ကာဗိုဟိုက်ဒရိတ်ကို ရွေးချယ်ပါ။ ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေက ခပ်မြန်မြန် စုပ်ယူနိုင်တဲ့အတွက် ရှောင်ပါ။ အမျှင်ဓာတ်များများပါတဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတစ်ခုလုံးစာတို့ကို ရွေးချယ်စားသောက်ပါ။ သကြား၊ အချိုရည်နဲ့ အဖြူရောင်ကာဗိုဟိုက်ဒရိတ် (ဥပမာ- ပေါင်မုန့်ဖြူ)ကိုရှောင်ပါ။ သဘာဝဒြပ်ပေါင်းပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေက ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

တိရစ္ဆာန်ထွက်ဆီများကို ရှောင်ပါ

တိရစ္ဆာန်ထွက်ဆီတွေထဲမှာ ပြည့်ဝဆီတွေ ပါဝင်တဲ့အတွက် ရှောင်ပါ။ အခွံမာတဲ့အစေ့အဆန်၊ သံလွင်ဆီ၊ ထောပတ်သီး စတဲ့ မပြည့်ဝဆီနဲ့ အဆီများတဲ့ ငါးထဲက အိုမီဂါ ၃ အဆီတို့လို ကောင်းတဲ့အဆီတွေကို ရွေးချယ်ပါ။ အပင်ထွက်ပရိုတင်းကို အစားထိုးစားသုံးပြီး အသားအစား ငါးကို များများစားပါ။

အယ်လ်ကိုဟောကို ရှောင်ပါ

တစ်နေ့ အရက်သုံးခွက်နဲ့ အထက်သောက်တာကြောင့် ဝမ်းဗိုက်အဆီကို တိုးစေနိုင်ပါတယ်။ အရက်ကို မသောက်ရမနေနိုင်ရင် ဝိုင်နီတစ်ဖန်ခွက် သောက်ပါ။ ဝိုင်နီမှာ သဘာဝအင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် နှလုံးရောဂါအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။

မှတ်သားရန်

သင်က အမျိုးသားတစ်ယောက်ဖြစ်ပြီး ဗိုက်မှာအဆီတွေ များနေသလားဆိုတာ မသိရင် လတိုင်း ခါးအရွယ်အစားကို တိုင်းတာပါ။ လက်မ ၄၀ နီးနေရင် ဘဝနေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲပါ။ သတင်းကောင်းကတော့ လေ့ကျင့်ခန်းနဲ့ အစားအသောက်ကို ပေါင်းစပ်လိုက်နာတာကြောင့် ဝမ်းဗိုက်အဆီကို လျော့ကျစေပါတယ်။

Most Popular

Healthy Life Ad
To Top