Healthy Life Ad
Health Tips

အသက်ကြီးတဲ့အထိ သာယာခိုင်မြဲတဲ့ အိမ်ထောင်ရေး ဘာကြောင့်ပိုင်ဆိုင်ရသလဲ

———၊ ငွေစင်ကြယ်ယံ ၊———

အိမ်ထောင်ရေးအဆင်မပြေတဲ့ သူတွေဟာ အိမ်မှာသာယာပျော်မွေ့မှုမရှိဘဲ အမြဲထွက်ပေါက်ရှာလေ့ ရှိတတ်ပါတယ်။ အဆင်ပြေပြီး သာယာတဲ့ အိမ်ထောင်သည်တွေကတော့ အသက်ကြီးရင့်တဲ့အထိ တစ်ဦးနဲ့တစ်ဦး စနောက်ရင်း ချစ်ကြည်နူးစွာ ဖြတ်သန်းလေ့ရှိကြပါတယ်။ သူတို့တွေ သာယာခိုင်မြဲတဲ့ အိမ်ထောင်ရေးပိုင်ဆိုင်ရတာ ဘာကြောင့်လဲ။ ဒါကို သိချင်ကြသူတွေအတွက် အောက်ပါအကြောင်းရင်း ငါးရပ်ကို ရေးသားလိုက်ရပါတယ်။

(၁) ယုံကြည်မှု

တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုမရှိဘဲ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို မတည်ဆောက်နိုင်ပါဘူး။ ယုံကြည်မှုဟာ အိမ်ထောင်ရေးခိုင်မြဲဖို့တင်မက မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ချစ်သူတွေကြားမှာ သံယောဇဉ်ခိုင်မြဲဖို့ အရေးပါတဲ့ အချက်ပါ။ ယုံကြည်မှုမရှိတဲ့ စုံတွဲတွေက တစ်ဦးနဲ့တစ်ဦး အလွန်အမင်းသဝန်တိုတာ၊ လိမ်ညာတာ၊ လုံခြုံမှုမရှိသလို ခံစားရတာ စတဲ့ ခံစားချက်တွေ ဖြစ်ပေါ်တတ်ပြီး နောက်ဆုံး တစ်ဦးကိုတစ်ဦး ရှောင်ဖယ်တတ်လာပါတယ်။ ယုံကြည်မှုရှိသူတွေကတော့ ဘယ်လောက်ပဲ ဝေးကွာတဲ့နေရာမှာ ရှိနေပါစေ၊ ရင်ထဲက အနီးဆုံးနေရာမှာ ရှိနေတတ်ကြပါတယ်။

(၂) မျှတမှု

မျှတမှုမရှိရင် အိမ်ထောင်ရေးက ပျော်စရာ မကောင်းပါဘူး။ ဇနီးမောင်နှံနှစ်ဦးမှာ တစ်ဦးကို အလွန်အမင်းကြောက်ရွံ့နေရရင် လုံခြုံမှုမရှိတော့ပါဘူး။ အရာရာကို တစ်ဦးနဲ့တစ်ဦး တိုင်ပင်ညှိနှိုင်းပြီး သူ့ဆန္ဒ၊ ကိုယ့်ဆန္ဒကို အပြန်အလှန်လိုက်လျောတတ်တဲ့ အိမ်ထောင်ရေးကသာ မျှတမှုရှိပြီး ပျော်ရွှင်ခိုင်မြဲစေတာ ဖြစ်ပါတယ်။

(၃) အပြန်အလှန်လေးစားမှု

အိမ်ထောင်သည်တွေ တစ်ဦးအပေါ်တစ်ဦး လေးစားမှုရှိရင် ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာကို ဖြစ်ပေါ်စေပါတယ်။ အပြန်အလှန် လေးစားတဲ့စိတ်နဲ့ တစ်ဦးနဲ့တစ်ဦး အားပေးထောက်ပံ့တဲ့ အိမ်ထောင်ရေးဟာ အောင်မြင်မှုလည်း ရရှိသလို ပျော်ရွှင်မှုကိုလည်း ရရှိစေပါတယ်။

(၄) ကောင်းမွန်သော ဆက်ဆံရေး

သင့်အိမ်ထောင်ဖက်က သင်ပြောသမျှ နားထောင်ပြီး သင့်အမြင်ကို နားလည်လက်ခံပေးသူ ဖြစ်တယ်ဆိုရင် သင့်မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ သင့်ခံစားချက်မှန်သမျှ သဘောမတူရင်တောင် သင့်ခံစားချက်ကို မျှဝေနားထောင်ပေးတတ်ရင် အဆင်ပြေတဲ့ အိမ်ထောင်ရေးပါပဲ။

(၅) တစ်ဦးအပေါ်တစ်ဦး အမှီသဟဲပြုခြင်း

ဒါက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ စိတ်ဓာတ်မျိုးကို ဆိုလိုတာပါ။ ကျန်းမာရေး၊ လူမှုရေး၊ သာရေး၊ နာရေး စတဲ့ ကိစ္စရေးရာတွေမှာ တစ်ဦးကိုတစ်ဦး အားပေးကူညီရင်း တိုင်ပင်ညှိနှိုင်းဆောင်ရွက်ပေးလေ့ ရှိတယ်ဆိုရင် ခိုင်မြဲသာယာတဲ့ အိမ်ထောင်ရေးကို ဖြစ်ပေါ်စေပါတယ်။

Most Popular

Healthy Life Ad
To Top