Healthy Life Ad
Health Tips

စိတ်ကျရောဂါနဲ့ သွပ်ဓာတ်

—–၊ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊—–

“သဘာဝကုထုံး”( Naturopathic Therapy) ဒါမှမဟုတ် “သီးခြားရွေးချယ်ကုထုံး” (Alternative Therapy)က သြစတြေးလျနိုင်ငံမှာ ခေတ်စားလာတယ်၊ သဘာဝကုထုံးဆိုတာ ခန္ဓာကိုယ်ကို ကျူးကျော်တိုက်ခိုက်ခြင်းမဟုတ် (Non-invasive)တဲ့ ကုထုံးဆိုပြီး နှစ်ခြိုက်သဘောကျသူလည်း ရှိပါတယ်။ သဘာဝကုထုံးမှာ ဆေးအသုံးမပြုတဲ့ ကုထုံး (ဥပမာ-ယောဂလေ့ကျင့်ခန်း၊ နှိပ်နယ်ခြင်း၊ တရားထိုင်ခြင်း)နဲ့ ဆေးပေးကုသတဲ့ ကုသနည်းတွေ ရှိတယ်။ သဘာဝကုထုံးဆေးတွေကို ပင်မဆေးပညာ ဆရာဝန်က ညွှန်ကြားခြင်းမရှိပေမယ့် ပြင်ပဈေးကွက်မှာ အလွယ်ဝယ်ယူနိုင်တယ်။ အမျိုးအစားအုပ်စု သုံးမျိုးရှိပါတယ်။

(က) အထွေထွေကျန်းမာရေးအတွက် နေ့စဉ်လိုအပ်တဲ့ အချိန်အတွယ်အတိုင်း ထုတ်လုပ်ရောင်းချတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံ ပါဝင်တဲ့ ဆေးလုံးအချိန်အတွယ် ပမာဏအနည်းငယ်သာ လိုအပ်တဲ့ အာဟာရဓာတ် (Micronutrients)တွေ ဖြစ်တယ်။

(ခ) ရိုးရာဆေးပညာက ဆင်းသက်လာတဲ့ ဆေးတွေ(ဥပမာ- Ginko Biloba၊ Ginseng)နဲ့

(ဂ) ပမာဏအနည်းငယ်သာ လိုအပ်တဲ့ အာဟာရဓာတ်(Micronutrient)တစ်ခုခုကို အချိန်အတွယ် ပမာဏများများနဲ့ ထုတ်လုပ်ရောင်းချတဲ့ဆေးတွေ ဖြစ်ပါတယ်။

တတိယအမျိုးအစားဆေးလုံးကို ရောဂါတစ်ခုခု ကုသမှုအတွက် ညွှန်ကြားထုတ်လုပ်နေပါတယ်။ တချို့လူနာတွေက ဆရာဝန်ညွှန်ကြားတဲ့ဆေးကို မသောက်သုံးဘဲ အဲဒီလို”သဘာဝကုထုံးဆေး”ကို အားထားလာတတ်တာ တွေ့ရတယ်။ စာရေးသူနဲ့ လုပ်ဖော်ကိုင်ဖက် သူနာပြုအေမီရဲ့ မိခင်လိုပေါ့”

စာရေးသူရဲ့ ရုံးခန်းတံခါးခေါက်သံနဲ့အတူ သူနာပြုအေမီက ခေါင်းပြူကြည့်ပြီး ပြောတယ်။

“ဒေါက်တာအုန်း အချိန်ပေးနိုင်လား၊ ကျွန်မတိုင်ပင်ချင်တာ တစ်ခုရှိလို့ပါ”

“ရပါတယ်။ ပြောပါ”

“ကျွန်မအမေကိစ္စပါ”

ပြောပြောဆိုဆို သူ့လက်ထဲမှာ ကိုင်ဆောင်လာတဲ့ ဆေးဘူးကို အေမီက ပြသပါတယ်။ သွပ်သတ္တု ဆေးလုံးဘူး (Zinc Tablet)ကို တွေ့ရတယ်။

“ကျွန်မအမေက ဒီဆေးလုံးကို သူ့အတွက် ဝယ်လာတာပါ”

“ဘာကြောင့် သွပ်ဆေးလုံးကို အေမီ့အမေက မှီဝဲချင်တာလဲ”

“ခန္ဓာကိုယ်ကျန်းမာရေးအတွက် နေ့စဉ် အနည်းငယ်သာ လိုအပ်တဲ့ ‘အသေးစားအာဟာရ’ဓာတ်ကို အချိန်အတွယ်များများပါရှိတဲ့ ဆေးလုံးအဖြစ် သုံးစွဲရင် သတိထားဖို့ လိုအပ်ပါတယ်။ တန်ဆေးလွန်ဘေး ဆိုသလိုပေါ့။ နောက်ပြီး သဘာဝကုထုံးဆေးတွေမှာ ဖော်ပြထားတဲ့ ဆေးညွှန်းကိုလည်း စဉ်းစားပြီးမှ ယုံကြည်သင့်တယ်။”

“အမေ့မှာ စိတ်ကျရောဂါရှိပါတယ် ဒေါက်တာအုန်း၊ အမေက ဘရစ်ဘိန်းမြို့တောင်ပိုင်း စိတ်ကျန်းမာရေးဌာနမှာ ကုသမှု ခံယူနေတယ်။ စိတ်ကျန်းမာရေးဆရာဝန်က စိတ်ရောဂါလို့ သတ်မှတ်ပြီး စိတ်ကျရောဂါကုသဆေး ပေးပါတယ်။ အမေက သိပ်ပြီး သဘောမတူဘူး။ ဆေးသောက်ရမှာ ကြောက်တယ်တဲ့။ အိမ်နီးနားချင်းမိတ်ဆွေက သဘာဝဆေးဖြစ်တဲ့ သွပ်ဆေးလုံးကို သောက်ကြည့်ပါလားလို့ အကြံပေးပါတယ်”

“သွပ်ဆေးလုံးလည်း ဆေးပဲမဟုတ်လား”

“ဒါပေမဲ့ သွပ်ဆေးလုံးက ဆရာဝန်လက်မှတ်မပါဘဲ ဝယ်ယူလို့ရတော့ သူတို့က သဘာဝကုထုံးလို့ ယူဆတယ်။ ကျွန်မမေးချင်တာက ကျွန်မအမေကို သွပ်ဆေးလုံးသောက်ခွင့် ပေးလိုက်ရမလား”

“ကျွန်တော့်အဖြေက “နိုး”နဲ့ “ရက်စ်”ပါ”

“ကျွန်မနားရှုပ်သွားပြီ”

“ရှင်းအောင် သွပ်(Zinc)ဓာတ်အကြောင်း ရှင်းပြဖို့ လိုပါတယ်။ သွပ်က ခန္ဓာကိုယ် ဇီဝကမ္မ ဖြစ်စဉ်တွေအတွက် လိုအပ်တဲ့ “အသေးစားအာဟာရ” (Micronutrient)တစ်မျိုး ဖြစ်ပါတယ်။ ဗီဇမျိုးစေ့အစွမ်းပြမှု၊ ခန္ဓာကိုယ်ကလာပ်စည်းတွေထဲမှာ ဓာတ်ပြုမှု၊ ကိုယ်ခံအားစွမ်းရည် ထိရောက်မှု၊ ပရိုတင်းအသားဓာတ်နဲ့ ဗီဇမျိုးစေ့ဓာတ် (DNA) တည်ဆောက်မှု၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု၊ ထိခိုက်ဒဏ်ရာရရင် အနာကျက်ခြင်းလုပ်ငန်း စတဲ့ ခန္ဓာကိုယ်ဇီဝ လုပ်ငန်းတွေအတွက် သွပ်သတ္တုဓာတ် လိုအပ်ပါတယ်။

ကမာကောင်၊ ပုဇွန်ထုပ်၊ အမဲသား၊ ဝက်သား၊ ကြက်သား၊ ကြက်ဥ၊ နွားနို့၊ ပဲအမျိုးမျိုး စတဲ့ အစားအစာတွေထဲမှာ သွပ်ဓာတ်အများအပြား ပါရှိတယ်။ အရွယ်ရောက်သူတွေအတွက် တစ်နေ့ သွပ်ဓာတ် ၆ မီလီဂရမ်မှ ၈ မီလီဂရမ် လိုအပ်ပါတယ်။ သွပ်ဓာတ်ချို့တဲ့မှု ဖြစ်ပေါ်ဖို့ အလားအလာ များသူတွေကတော့-သက်သတ်လွတ်စားသူ၊ အရက်စွဲရောဂါရှိသူ၊ မကြာခဏ ဝမ်းပျက်ရောဂါရှိသူ၊ ဆီးချိုရောဂါရှိသူ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ နို့တိုက်မိခင်တို့ ဖြစ်ပါတယ်။ သွပ်ဓာတ်ချို့တဲ့ရင် တွေ့ရှိရတဲ့ လက္ခဏာတွေကတော့-အစားအသောက်ပျက်ခြင်း၊ ဝမ်းပျက်ခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ကလေးသူငယ်တွေမှာ ခန္ဓာကိုယ်ကြီးထွားတိုးတက်မှု နှောင့်နှေးခြင်း၊ အရေပြားနာဖြစ်ခြင်း၊ မျက်စိအမြင်ထိခိုက်ခြင်းတို့ ဖြစ်တယ်”

အေမီက သူ့အမေရဲ့ ရောဂါနဲ့ ဆက်စပ်ပြီး သိချင်နေပါတယ်။

“သွပ်ဓာတ်ချို့တဲ့ရင် စိတ်ကျရောဂါ ဖြစ်ပွားနိုင်ပါသလား”

“သွပ်ဓာတ်ချို့တဲ့ရင် စိတ်ကျရောဂါဖြစ်ဖို့ အထောက်အကူပြုနိုင်တဲ့ အချက်အလက်တွေတော့ ရှိပါတယ်”

“ရှင်းပြပါ ဒေါက်တာအုန်း”

“စိတ်ခံစားမှုနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ဦးနှောက်အင်္ဂါတွေထဲမှာ သွပ်ဓာတ်ပါရှိမှု ပမာဏပိုမိုများပြားတာ တွေ့ရှိရတယ်။ စိတ်ကျရောဂါ ဖြစ်ပွားရခြင်း အကြောင်းရင်းလို့ ခံယူထားတဲ့ ဇီဝဗေဒ သီအိုရီအမျိုးမျိုး ရှိပါတယ်။ ဥပမာ-ဦးနှောက်လှုံ့ဆော်မှုနဲ့ တားဆီးချုပ်တီးမှု အချိုးမညီခြင်း သီအိုရီ (Glutermatergic Theory)၊ ဦးနှောက်ထဲမှာ ဆီရိုတိုနင် (Serotonin) နဲ့ နော်အပီနက်ဖရင်းဓာတ် လျော့နည်းခြင်း သီအိုရီ (Monoamine Theory)၊ “ဖိစီးမှုတုံ့ပြန်ဝင်ရိုးကြောင်း”လှုံ့ဆော်မှုလွန်ကဲခြင်း သီအိုရီ (Hypothalamic Pituitary Adrenal Axis Theory)၊ ဦးနှောက်အာရုံကြော ကလာပ်စည်းအားပြုဓာတ် (Brain Derived Neurotropic Factor) ချို့တဲ့ခြင်း သီအိုရီ၊ ကိုယ်ခန္ဓာခုခံအား(ကိုယ်ခံအား)အင်္ဂါစု ချို့ယွင်းခြင်းသီအိုရီ (Immunological Theory) စတာတွေ ဖြစ်ပါတယ်။ အဲဒီသီအိုရီတွေနဲ့ သက်ဆိုင်တဲ့ ဇီဝဓာတုပစ္စည်းတွေထဲမှာ သွပ်ဓာတ်ပါရှိနေတာ တွေ့ရှိရတယ်။ စိတ်ကျရောဂါ ခံစားရသူတွေရဲ့ သွေးထဲမှာ သွပ်ဓာတ်ပျမ်းမျှပမာဏက သာမန်လူတွေရဲ့ သွေးထဲမှာရှိတဲ့ သွပ်ဓာတ်ပမာဏထက် ၁၄ ရာခိုင်နှုန်း လျော့နည်းနေတာ တွေ့ရှိရတယ်”

အေမီက ကြားဖြတ်ပြီး မှတ်ချက်ချတယ်။

“ဒီလိုဆိုတော့ ကျွန်မအမေ သွပ်ဆေးလုံးကို သောက်သင့်တာပေါ့”

“သွပ်ဆေးလုံးတစ်မျိုးတည်းနဲ့ ကုသလို့ စိတ်ကျရောဂါ သက်သာပျောက်ကင်းတဲ့ အထောက်အထား မရှိသေးပါဘူး။ ဒါကြောင့် ဆရာဝန်ညွှန်ကြားထားတဲ့ စိတ်ကျရောဂါ ကုသဆေးကို မသောက်တော့ဘဲ သွပ်ဆေးလုံးကိုသာ သုံးစွဲဖို့ အားမပေးနိုင်ပါဘူး။ အေမီရဲ့အမေနားလည်အောင် ရှင်းပြပေးပေါ့”

အေမီက စောဒကတက်ပါတယ်။

“ဒီလိုဆိုရင် သွပ်ဆေးလုံးကို ဘာဖြစ်လို့ တရားဝင်ရောင်းချနေတာလဲ”

“သွပ်ဆေးလုံးတင်မကပါဘူး။ ဖြည့်စွက်အာဟာရဆေး(Food Supplements Drug)အဖြစ် ထုတ်လုပ်ရောင်းချနေတဲ့ တခြားဆေးတွေလည်း ရှိပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက် နေ့စဉ် အနည်းငယ်သာ လိုအပ်တဲ့ “အသေးစားအာဟာရ” ဓာတ်ကို အချိန်အတွယ် များများပါရှိတဲ့ ဆေးလုံးအဖြစ် သုံးစွဲရင် သတိထားဖို့ လိုအပ်ပါတယ်။ တန်ဆေးလွန်ဘေး ဆိုသလိုပေါ့။ နောက်ပြီး သဘာဝကုထုံး ဆေးတွေမှာ ဖော်ပြထားတဲ့ ဆေးညွှန်းကိုလည်း စဉ်းစားပြီးမှ ယုံကြည်သင့်တယ်။ ဥပမာ-သွပ်ဆေးလုံးအညွှန်းကို ကြည့်ပါလား။ သွပ်ဆေးလုံးကို ဝက်ခြံပျောက်ဆေး၊ အနာကျက်ဆေး၊ အအေးမိရောဂါကာကွယ်ဆေး၊ ဦးနှောက်ကြည်ဆေး၊ စိတ်ကျရောဂါ စိုးရိမ်စိတ်လွန်ကဲရောဂါကုသဆေး၊ နေပူလောင်တာကို သက်သာဆေးအဖြစ် ဖော်ပြထားတယ်မဟုတ်လား။ ဆေးတစ်မျိုးတည်းက ရောဂါအမျိုးမျိုးကို ပျောက်ကင်းနိုင်တယ်လို့ “ညွှန်း”ထားရင် အရမ်းကြီး ယုံမပစ်သင့်ဘူး။ အထောက်အထား အခြေပြုကုထုံး (Evidence Based Treatment) ဟုတ်၊ မဟုတ် ဆင်ခြင်စဉ်းစားရမယ်”

အေမီက သေချာအောင် မေးမြန်းပါတယ်။

“ဒေါက်တာအုန်းပြောပုံအရဆိုရင် သွပ်ဆေးလုံးက အမေ့အတွက် အသုံးမဝင်ဘူးပေါ့”

“မှန်ပါတယ်။ စိတ်ကျရောဂါရှိသူတိုင်း သွပ်ဆေးလုံးစားဖို့ မလိုပါဘူး။ သွပ်ဆေးလုံးကို တွဲဖက်အသုံးပြုသင့်တဲ့ စိတ်ကျရောဂါရှင်တချို့တော့ ရှိတယ်။ (က) သွပ်ဓာတ်ချို့တဲ့တဲ့ လက္ခဏာတွေရှိခြင်း၊ (ခ) သွေးထဲမှာ သွပ်ဓာတ်အချိန်အတွယ် ပမာဏ နည်းပါးနေခြင်း၊ (ဂ) ပုံမှန်စိတ်ကျရောဂါ ကုထုံးတွေနဲ့ ကုသပေမယ့် သက်သာပျောက်ကင်းမှု မရှိခြင်း စတဲ့ အချက်တွေရှိရင် သွပ်ဆေးလုံးကို အသုံးပြုတဲ့ လေ့လာမှုတွေရှိပါတယ်။ ဒါပေမဲ့ သွပ်ဆေးလုံးတစ်မျိုးတည်းကိုပဲ အသုံးမပြုပါဘူး။ ပုံမှန်စိတ်ကျရောဂါကုဆေးနဲ့ တွဲဖက်သုံးစွဲတာပဲ ဖြစ်ပါတယ်”

အေမီက “ဈေးဆစ်”လာပြန်တယ်။

“လိုရမယ်ရ သွပ်ဆေးလုံးကို စိတ်ကျရောဂါ ကုသဆေးနဲ့ အတူတွဲပြီး စားခိုင်းရင်ကောဖြစ်မလား”

“အေမီရဲ့အမေကို ကုသပေးနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပေါ့။ ကျွန်တော်ပြောခဲ့တဲ့ အချက်အလက်တွေနဲ့ ကိုက်ညီမှုရှိ၊ မရှိ ဆွေးနွေးကြည့်ပေါ့။ လူနာတိုင်း သတိထားသင့်တဲ့ အချက်တစ်ခုရှိတယ်။ သဘာဝကုသဆေးကို တွဲဖက်စားနေရင် ကုသသူဆရာဝန်ကို အသိပေးရမယ်”

Most Popular

Healthy Life Ad
To Top