Healthy Life Ad
Health Tips

သင့်မီးဖိုချောင်ထဲတွင် ရှိသင့်သော ကျန်းမာရေးအကျိုးပြုပစ္စည်းများ

———၊ ငွေကြယ်စင်ယံ ၊———

ဟင်းလျာတွေ ချက်ပြုတ်ပြင်ဆင်တဲ့အခါ ထည့်သင့်တဲ့ ကျန်းမာရေးအကျိုး ပြုပစ္စည်းတွေကို သင့်မီးဖိုချောင်ထဲမှာ အဆင်သင့်ထည့်ထားသင့်ပါတယ်။

ရှလကာရည်

ဟင်းရွက်သုပ်တဲ့အခါ ထည့်ရတဲ့အရည်နဲ့ အသားတွေအရသာရှိအောင် သုံးတဲ့ စားမြိန်ရည်တွေအစား ရှလကာရည်ကို သုံးနိုင်ပါတယ်။ ရှလကာရည်ဟာ သဘာဝအဆီကို တွန်းလှန်ပေးတဲ့ အစွမ်းရှိကြောင်း စိုက်ပျိုးရေးနဲ့ အစားအစာဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

နနွင်း

နနွင်းဟာ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပြီး ဘက်တီးရီးယားကို ဟန့်တားပေးနိုင်စွမ်း ရှိတာကြောင့် ဟင်းလျာတွေထဲမှာ ထည့်ချက်သင့်ပါတယ်။

ပဲအမျိုးမျိုး

ထမင်းနဲ့ပဲကို ရောစားရင် ပရိုတင်းဓာတ်ကို ရရှိစေပါတယ်။ ပဲစားတာကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးဟာ သွေးပေါင်ကျတာနဲ့ သွေးတွင်းကိုလက်စထရောအဆင့် လျော့ကျတာတို့ ဖြစ်ပါတယ်။ အစာချေစနစ်ကိုလည်း ထိန်းညှိပေးပါတယ်။

သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်မှုန့်ကို စွယ်စုံရ ပါဝင်ပစ္စည်းလို့ ဆိုကြပါတယ်။ သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်ထည့်တာကြောင့် ခေါင်းကိုက်ဝေဒနာကို သက်သာစေပြီး မှတ်ဉာဏ်ကောင်းစေကာ သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီစေပါတယ်။

လက်ဖက်ရည်ကြမ်း

လက်ဖက်ခြောက်ခတ်ထားတဲ့ လက်ဖက်ရည်ကြမ်းဟာ ရေဓာတ်ပြည့်ဝစေပြီး ကိုယ်ခံစွမ်းအားကို တိုးစေကာ ကင်ဆာဆန့်ကျင်တဲ့ အစွမ်းရှိပါတယ်။

အခွံမာသော အစေ့အဆန်

အခွံမာသီးကို သရေစာအဖြစ် ဒါမှမဟုတ် ဟင်းရွက်သုပ်ထဲမှာ ဖြူးပြီးပဲဖြစ်ဖြစ် ထည့်စားရင် သူငယ်ပြန်မှတ်ဉာဏ် လျော့နည်းတဲ့ အန္တရာယ်ကို လျော့ကျစေသလို သွေးတွင်းကိုလက်စထရောကိုလည်း လျော့နည်းစေပါတယ်။

ပျားရည်

ကျန်းမာရေးနဲ့ အလှအပအတွက် ဆေးဖက်ဝင်ပစ္စည်းအနေနဲ့ ပျားရည်ကို သုံးနိုင်ပါတယ်။ လေ့လာမှုအရ ပျားရည်ဟာ ဝက်ခြံကို ကုသနိုင်သလို အစာကြေစေကာ ခြင်ကိုက်လို့ဖြစ်တဲ့ အနာတွေကို သက်သာစေပါတယ်။

ပန်းသီးရှလကာရည်

ပန်းသီးရှလကာရည်မှာ ပိုတက်စီယမ်ဓာတ် များစွာပါဝင်တာကြောင့် ကျန်းမာစေရုံသာမက အပြစ်အနာအဆာရှိတဲ့ အသားအရေကို ကြည်လင်လှပစေပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ဓာတ်မတည့်မှုတွေကို တွန်းလှန်နိုင်တဲ့ ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားစနစ်ကို သန်စွမ်းကျန်းမာစေပါတယ်။

သံလွင်ဆီ

ဆံပင်သား ကျန်းမာသန်စွမ်းရေးအတွက် အရေးပါတဲ့ သံလွင်ဆီဟာ မီးဖိုချောင်ထဲမှာလည်း မရှိမဖြစ် အရေးပါပါတယ်။ သံလွင်ဆီမှာ မိုနိုမပြည့်ဝ ဖက်တီးအက်စစ် ပါဝင်တာကြောင့် သွေးတွင်းကောင်းတဲ့ ကိုလက်စထရောကို ကောင်းမွန်စေပါတယ်။

Most Popular

Healthy Life Ad
To Top