Healthy Life Ad
Health Tips

ဓာတ်ဆားပါဝင်မှုအများဆုံး အစာ ၉ မျိုး

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ဓာတ်ဆား(Electrolytes)ဆိုတာ ကိုယ်တွင်းရေဓာတ်နဲ့ စံဓာတ် ဟန်ချက်ညီမျှအောင် ထိန်းပေးရာမှာ မရှိမဖြစ် အရေးပါတဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။ ဓာတ်ဆားချို့တဲ့တာ ဒါမှမဟုတ် မမျှတတာတွေဖြစ်ရင် ကြွက်သားထဲက လျှပ်စစ်အချက်ပြစနစ် ထိခိုက်ပြီး နုံးနယ်တာ၊ ကြွက်တက်တာ၊ ထုံကျဉ်တာနဲ့ နှလုံးခုန်နှုန်းမမှန်တာတွေ ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် အဓိက အရေးပါတဲ့ ဓာတ်ဆားတွေကတော့ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ကလိုရိုက်၊ ဖော့စ်ဖရပ်စ် စတာတွေ ဖြစ်ကြပါတယ်။ ဒီဓာတ်ဆားတွေ ပါဝင်မှုအများဆုံး အစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ငှက်ပျောသီး

ငှက်ပျောသီးမှာ ဗီတာမင်၊ အာဟာရဓာတ်နဲ့ ဓာတ်ဆားအပြည့်အဝပါဝင်ပြီး တစ်နှစ်ပတ်လုံး စားနိုင်တဲ့အသီးပါ။ ငှက်ပျောသီးက ပိုတက်ဆီယမ် ဓာတ်ပါဝင်မှုအများဆုံး အသီးဖြစ်ပြီး မဂ္ဂနီဆီယမ်လည်း ပါဝင်မှုများပါတယ်။ ဒါ့အပြင် မဂ္ဂနိစ်၊ ဗီတာ မင်B6၊ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ပရိုတင်း၊ သံဓာတ် စတာတွေလည်း ပါဝင်မှုများပါတယ်။

(၂) ဆန်လုံးညို

ဆန်လုံးညိုက ကယ်လိုရီပါဝင်မှုနည်းပြီး မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်၊ ကြေးနီ၊ ဆီလီနီယမ်နဲ့ ဗီတာမင် B3 ပါဝင်မှုများပါတယ်။ အမျှင်ဓာတ်ပါဝင်မှု များတာကြောင့် သွေးတွင်းကိုလက်စထရောအဆင့် လျော့ကျစေပါတယ်။

(၃) အုန်းရေ

အုန်းရေက ရေဓာတ်အလွန်ပြည့်ဝစေပြီး ဓာတ်ဆားပါဝင်မှုများတဲ့ အရည်ပါ။ သဘာဝစွမ်းအားဖြည့် အရည်ဖြစ်ပြီး ချွေးထွက်များတဲ့အခါ ဒါမှမဟုတ် ဖျားတဲ့အခါ ဆုံးရှုံးသွားတဲ့ သတ္တုဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်း ရှိပါတယ်။ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် ပါဝင်မှုများပြီး ရောင်ရမ်းမှု လျော့ကျစေတာကြောင့် အုန်းရေကို သောက်သင့်တာပါ။

(၄) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ အဓိကလိုအပ်တဲ့ ဓာတ်ဆားတွေ ပါဝင်ပြီး ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဆိုဒီယမ်တို့ ပါဝင်မှုများပါတယ်။

(၅) ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာ ရိုင်ဘိုဖလေဗင်၊ ဖော့စ်ဖရပ်စ်၊ ဗီတာမင် B12၊ ကိုလင်းနဲ့ အရည်အသွေးမြင့် ပရိုတင်းဓာတ်တို့ ပါဝင်နေပါတယ်။ အိုင်အိုဒင်းနဲ့ ဆီလီနီယမ်လို သတ္တုဓာတ်လည်း ပါဝင်ပါတယ်။ ဥအမျိုးမျိုးမှာ ဓာတ်ဆားလည်း ပါဝင်နေပါတယ်။

(၆) သံပရာရည်

သံပရာရည်မှာ ဓာတ်ဆားပါဝင်မှုများပြီး ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်အများဆုံး ပါဝင်နေပါတယ်။ ကယ်လ်ဆီယမ်နဲ့ ဆိုဒီယမ်ပါဝင်တာကြောင့် လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သံပရာရည်ကို ပျားရည်၊ ပင်လယ်ဆား၊ ရေနဲ့ရောပြီး သောက်ပေးနိုင်ပါတယ်။

(၇) အာလူး

အာလူးမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီယမ်တို့ သိသိသာသာ ပါဝင်ပြီး သံဓာတ်၊ ဗီတာမင်စီနဲ့ ဗီတာမင် B6တို့လည်း ပါဝင်မှုများပါတယ်။ အာလူးကို ပြုတ်တာ၊ ချက်တာတို့ ပုံမှန်စားပေးရင် ကိုယ်အလေးချိန်ကို ထိန်းနိုင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ဖြစ်ဖို့ များပါတယ်။

(၈) ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးမှာ ဓာတ်ဆားနဲ့ အာဟာရဓာတ် အပြည့်ပါဝင်ပါတယ်။ အထူးသဖြင့် မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ ကယ်လ်ဆီယမ်တို့ပါပဲ။ ဒါ့အပြင် မရှိမဖြစ် အမိုင်နိုအက်စစ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ ဇင့်နဲ့သံဓာတ်တို့လည်း ပါဝင်ပါတယ်။ ဗီတာမင်အေ၊ ဗီတာမင် B6၊ ဗီတာမင် ဒီ၊ ဗီတာမင်အီးတို့ ပါဝင်တဲ့အတွက် ဆယ်လ်မွန်ငါးက စားသင့်တာပါ။

(၉) အစေ့အဆန်နှင့် အခွံမာသီး

အခွံမာသီးနဲ့ အစေ့အဆန်အများစုမှာ ဓာတ်ဆားပါဝင်ပါတယ်။ အကောင်းဆုံး စားသင့်တဲ့ အမျိုးအစားတွေကတော့ သီဟိုဠ်စေ့၊ သစ်ကြားသီး၊ နှမ်းစေ့၊ နေကြာစေ့၊ မြေပဲနဲ့ Pistachios တို့ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top