Healthy Life Ad
Q & A

ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုတို့အား မျက်စိခွဲစိတ်ကုသခြင်း

—၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို မျက်စိရောဂါကြောင့် ခွဲစိတ်မှုပြုတဲ့အခါ ဘယ်လိုအချက်တွေကို သတိထားရပါသလဲ ဆရာ။

A. အသက် ၉၀ အရွယ်တွေမှာ LIG (Lens induced Glaucoma) ရေတိမ်ဝင်သွားတဲ့အခါ မဖြစ်မနေ ခွဲရပါတယ်။ ကိုက်ခဲနာကျင်နေရင်၊ မခွဲရင် မီးရောင်ကိုတောင် မြင်ရမှာ မဟုတ်တော့ဘူးဆိုရင် နောင်တစ်နှစ်ပဲ နေနေ၊ နှစ်နှစ်ပဲ နေနေ အသက်ရှင်နေတဲ့ အချိန်အတောအတွင်းမှာ ဘဝနေထိုင်မှု အရည်အသွေး (Quality Of Life) ကောင်းမွန်ဖို့အတွက် ခွဲစိတ်ကုသပေးရပါတယ်။ အသက်အပိုင်းအခြားဆိုတဲ့ နေရာမှာ အသက် ၉၀ အရွယ်တွေကို မျက်စိခွဲရင် အတော်သတိထားရပါတယ်။ တစ်ခါတလေကျရင် သူတို့ရဲ့ Metabolic Response က သူများနဲ့လည်း မတူပါဘူး။ ဒါကြောင့် အချိန်ကလည်း ဘယ်လောက်ကြာမယ်ဆိုတာ မသိတဲ့အတွက် မေ့ဆေးဆရာဝန်ကို ကြိုပြီး မှာသင့်တာကို မှာထားရပါတယ်။

ကလေးငယ်လေးတွေနဲ့ အသက် ၉၀ အရွယ်တွေမှာ ခွဲစိတ်ကုသမှု ပြုလုပ်တဲ့အခါ အချိန်မရွေး ဘာမဆို ဖြစ်နိုင်တဲ့အတွက်ကြောင့် ကလေးအထူးကုဆရာဝန်၊ အထွေထွေသမားတော်နဲ့ တိုင်ပင်ရတာမျိုးလည်း ရှိပါတယ်။ ကလေးငယ်လေးတွေကို ခွဲတဲ့အခါ ထုံဆေးနဲ့ခွဲဖို့ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့် မေ့ဆေးပေးရတာမျိုးလည်း ရှိပါတယ်။ မေ့ဆေးဖြစ်တော့ အထိုက်အလျောက် အန္တရာယ်ရှိတဲ့အတွက် မေ့ဆေးဆရာဝန်နဲ့လည်း တိုင်ပင်ရပါတယ်။ ဒီကလေးကိုခွဲရင် နာရီဝက်ကြာနိုင်တယ်၊ တစ်နာရီကြာနိုင်တယ် စသဖြင့် ပြောထားမှ ချိန်လို့ရပါတယ်။ အတွင်းတိမ်ခွဲတယ်ဆိုရင် အတွင်းတိမ်တစ်ခုရဲ့ အနေအထားက တစ်ယောက်နဲ့တစ်ယောက်မှာ မတူတော့ သတိထားရတဲ့ အချက်တွေကလည်း မတူပါဘူး။ ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့ သူတွေဆိုရင် အေးတဲ့အခန်းထဲမှာ ထားရပါတယ်။

“ကလေးငယ်လေးတွေနဲ့ အသက် ၉၀ အရွယ်တွေမှာ ခွဲစိတ်ကုသမှုပြုလုပ်တဲ့အခါ အချိန်မရွေး ဘာမဆို ဖြစ်နိုင်တဲ့အတွက်ကြောင့် ကလေးအထူးကုဆရာဝန်၊ အထွေထွေသမားတော်နဲ့ တိုင်ပင်ရတာမျိုးလည်း ရှိပါတယ်။ ကလေးငယ်လေးတွေကို ခွဲတဲ့အခါ ထုံဆေးနဲ့ခွဲဖို့ ဘယ်လိုမှမဖြစ်နိုင်တာကြောင့် မေ့ဆေးပေးရတာမျိုးလည်း ရှိပါတယ်။”

Q. အခြေခံရောဂါရှိသူတွေ မျက်စိခွဲစိတ်ကုသမှု ခံယူပြီဆိုရင် အခြေခံရောဂါကို ထိန်းချုပ်ဖို့ မဖြစ်မနေ လိုအပ်ပါသလား ဆရာ။

A. လိုအပ်ပါတယ်။ မျက်လုံးမှာ ဖြစ်တဲ့ရောဂါတွေက ခန္ဓာကိုယ်နဲ့ အာရုံကြောမှာ သက်ရောက်မှုရှိသလို ခန္ဓာကိုယ်နဲ့ အာရုံကြောကြောင့်လည်း မျက်စိမှာ သက်ရောက်တာတွေ ရှိပါတယ်။ အသက်ကြီးတဲ့အခါ အများအားဖြင့် သွေးတိုးနဲ့ ဆီးချိုရောဂါက ရှိနေတတ်ပါတယ်။ လူနာတွေမှာ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ ရှိနေပေမယ့် ဒီရောဂါနှစ်မျိုးစလုံးက ကောင်းကောင်း ထိန်းချုပ်နိုင်တဲ့ အခြေအနေ(Control) ဆိုရင် ခွဲလို့ရပါတယ်။ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး မျက်စိရောဂါက အတွင်းတိမ်ရောဂါပဲ ဖြစ်တယ်၊ အတွင်းတိမ်က အသက်ကြီးလို့ဖြစ်တယ်၊ သွေးတိုးနဲ့ ဆီးချိုရောဂါကလည်း အသက်ကြီးလို့ ဖြစ်တယ်၊ ဒါကြောင့် အသက် ၆၀ အရွယ် လူနာတစ်ဦးရောက်လာရင် အတွင်းတိမ်ရှိနိုင်သလို သွေးတိုးနဲ့ ဆီးချိုရောဂါလည်း ဖြစ်နိုင်ခြေရှိပါတယ်။ ဒီရောဂါတွေရှိလို့ မခွဲရဘူးဆိုတာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဒီရောဂါတွေကို သေချာထိန်းချုပ်ပြီး ခွဲမယ်ဆိုရင် ခွဲလို့ရပါတယ်။ သမားတော်ရဲ့ ဆေးမှတ်တမ်းတွေအရ ရောဂါထိန်းချုပ်နိုင်ကြောင်း ဖော်ပြထားတဲ့ အချက်အလက်တွေရှိရင်၊ သမားတော်နဲ့ တိုင်ပင်လိုက်လို့ ခွဲလို့ရကြောင်းပြောရင် မျက်စိခွဲစိတ် ကုသပေးလိုက်ပါတယ်။ အတွင်းတိမ်က ရင့်နေလို့ အမြန်ဆုံးခွဲသင့်တယ်ဆိုရင်၊ အတွင်းတိမ်ကို ချက်ချင်းမခွဲလို့ နောက်ဆက်တွဲပြဿနာ ဖြစ်နိုင်ခြေရှိတယ်ဆိုရင် သမားတော်ကို ပြောပြပြီး ခွဲရတာမျိုး ရှိပါတယ်။ တစ်ခါတလေ အတွင်းတိမ်က အစောပိုင်းအဆင့် ဖြစ်ပေမယ့် လူနာက ခွဲစိတ်ချင်နေပြီဆိုတဲ့ ဆန္ဒကြောင့် ခွဲရမယ့်အခြေအနေဆိုရင် သမားတော်ကို တိုင်ပင်လိုက်ရပါတယ်။ ဆေးကုပြီး ရောဂါကို ထိန်းဖို့ လိုအပ်သေးတယ်ဆိုရင် ဆေးကုဖို့ အချိန်ယူပြီးမှ ခွဲရပါတယ်။ ဆရာတို့နဲ့ သမားတော်တွေကြားမှာ အပြန်အလှန် Referral လုပ်ပြီး ကုတာကြောင့် နောက်ဆက်တွဲပြဿနာ ဖြစ်နိုင်ခြေက လျော့နည်းသွားပါတယ်။

Q. သက်ကြီးရွယ်အိုတစ်ဦးကို မျက်စိခွဲစိတ်မှုနဲ့ ပတ်သက်ပြီး ဆရာ့အတွေ့အကြုံကို သိပါရစေ ဆရာ။

A. ဟိုတလောက အဘိုးကြီးတစ်ဦး မျက်စိမှာ အတွင်းတိမ်ဖြစ်လို့ လာပြပါတယ်။ သူက အရမ်းချမ်းသာတော့ မြန်မာပြည်မှာ ဆေးမကုဘူး၊ ဘန်ကောက်မှာပဲ ဆေးကုသတယ်၊ ဒီကဆရာဝန်တွေ ဘယ်လောက်နာမည်ကြီးကြီး သူက တစ်ယောက်နဲ့မှ မကုဘူး။ နိုင်ငံခြားမှာပဲ ဆေးကုပြီး နှလုံးမှာ Bypass လုပ်ထားတယ်။ ဒီတော့ နှလုံးအထူးကု ဆရာဝန်တစ်ဦးနဲ့ အရင်ပြပြီး သူက မျက်စိခွဲလို့ရတဲ့ အခြေအနေဖြစ်တယ်ဆိုမှ ခွဲလို့ရမယ်လို့ ဆရာက ပြောလိုက်ပါတယ်။ သူက ဘန်ကောက်ကပြန်လာတာ နှစ်လပဲ ရှိသေးတယ်။ သူကျန်းမာတယ်ပဲ ပြောနေပါတယ်။ အဲဒါနဲ့ မျက်စိခွဲမယ်လို့ ပြောခဲ့သလားလို့မေးလိုက်တော့ မပြောဘူးလို့ ပြန်ဖြေပါတယ်။ မျက်စိခွဲတယ်ဆိုတာ ခွဲစိတ်ကုသမှုတစ်ခုပဲ ဖြစ်တယ်၊ ခွဲစိတ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှု(Psycological Distress) ဖြစ်တတ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံက နှလုံးအထူးကုသမားတော်နဲ့ စစ်ဆေးစေပြီး အဆင်ပြေတယ်ဆိုမှ ခွဲစိတ်ကုသမှု ပေးရပါတယ်။

သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါရှိတဲ့သူတွေမှာ သွေးကြောက Instability ဖြစ်နေပါတယ်။ ခွဲစိတ်ရင် သွေးကြောထိခိုက်မှု (Vascular Fragile) ဖြစ်နေနိုင်တဲ့အတွက် ဒါတွေကို ကြိုတင်ကြံဆပြီး ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို တွက်ဆရင်း နောက်ဆက်တွဲ ပြဿနာနည်းနိုင်သမျှ နည်းအောင် ဆရာဝန်က ဂရုစိုက်ဖို့ လိုပါတယ်။

Q. ခန္ဓာကိုယ်ရောဂါ အခံရှိသူတွေမှာ မျက်စိကို မကြာခဏ ခွဲစိတ်ကုသမှု ခံယူတဲ့အခါ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားရပါသလဲ ဆရာ။

A. လူနာက အထွေထွေကျန်းမာရေးအခြေအနေ လုံးဝကောင်းတယ်၊ မျက်စိအတွင်းတိမ်ရောဂါ ဖြစ်တာပဲရှိတယ်ဆိုရင် ဒီလိုလူနာကို ခွဲစိတ်လို့ နောက်ဆက်တွဲပြဿနာ မရှိနိုင်ပေမယ့် ရောဂါအခံရှိသူတွေမှာ ခွဲစိတ်ကုသမယ်ဆိုရင်တော့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ထည့်သွင်းစဉ်းစားရတာကြောင့် မကြာခဏ ခွဲစိတ်ဖို့ သင့်၊ မသင့်ကိုလည်း သေချာဆုံးဖြတ်ချက် ချရပါတယ်။ ဆီးချိုရောဂါရှိရင် ခွဲစိတ်ပြီးတဲ့အခါ အနာကျက်နှုန်းက ပိုနှေးနိုင်ပါတယ်။ လေးဖက်နာရောဂါရှိရင် ရောင်ရမ်းမှုက ပိုဖြစ်နိုင်ခြေရှိပါတယ်။

Most Popular

Healthy Life Ad
To Top