Healthy Life Ad
Health Tips

ကညွတ်စားခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကညွတ်ကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာအဖြစ် အသိအမှတ်ပြုပြီး စားနေကြပေမယ့် ကညွတ်မှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် ဘယ်လိုအကျိုးရှိတယ်ဆိုတာကို တိတိကျကျ သိချင်မှ သိပါလိမ့်မယ်။ ဒါကြောင့် ကညွတ်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို တိတိကျကျ သိနားလည်အောင် ရေးသားဖော်ပြလိုက်ရပါတယ်။

(၁) အကျိုးပြုအာဟာရဓာတ်များ ပါဝင်ခြင်း

ကညွတ်မှာ အမျှင်ဓာတ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ ပါဝင်ပါတယ်။ ကညွတ်မှာ အဆီဓာတ်နဲ့ ဆိုဒီယမ်ပါဝင်မှုနည်းပါးပြီး ကိုလက်စထရော မပါဝင်ပါဘူး။

(၂) ဆီးလမ်းကြောင်းကျန်းမာခြင်း

ကညွတ်မှာ ပိုတက်စီယမ်ဓာတ် ကောင်းကောင်းပါဝင်နေပါတယ်။ အမိုင်နိုအက်စစ် Asparagines ပါဝင်တာကြောင့် ဆီးသွားစေတဲ့ အာနိသင်ရှိကာ ခန္ဓာကိုယ်ကနေ အဆိပ်တွေထွက်ရှိပြီး သန့်စင်စေပါတယ်။ ကညွတ်ဟာ ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ ဆီးကျောက်တည်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဖြစ်လာရင်လည်း သက်သာစေပါတယ်။

(၃) သွေးတွင်းသကြားဓာတ် အဆင့်ကို ထိန်းနိုင်ခြင်း

ကညွတ်က သွေးတွင်းသကြားဓာတ် အဆင့်ကို ဟန်ချက်ညီအောင် ထိန်းထားနိုင်တာကြောင့် ဆီးချိုသွေးချိုရောဂါအတွက် အလွန်အကျိုးရှိပါတယ်။

(၄) ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိခြင်း

ကညွတ်မှာ ဖိုင်တိုကမ်မီကယ်လ် Glutathione ပါဝင်တာကြောင့် ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိနဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေကို ဆန့်ကျင်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

(၅) ဝမ်းမှန်ခြင်း

ကညွတ်မှာပါတဲ့ အမျှင်ဓာတ်ရဲ့ လုပ်ငန်းဆောင်တာက ဝမ်းသွားစေတာကြောင့် အစာအိမ် အူလမ်းကြောင်းစနစ်ရှိ အညစ်အကြေးတွေကို အမြန်သန့်စင်ပေးနိုင်ပါတယ်။

(၆) အိမ်ထောင်ရေးသုခ ရရှိစေခြင်း

ကညွတ်က ချစ်စိတ်ကို တိုးစေတဲ့ အစွမ်းထက်အာနိသင် ရှိတာကြောင့် အိမ်ထောင်သည်တွေအတွက် အဆင်ပြေတဲ့ အစာပါ။

(၇) ရောင်ရမ်းမှု လျော့ကျစေခြင်း

ကညွတ်ရဲ့ ရောင်ရမ်းမှုလျော့ကျစေတဲ့ အာနိသင်ဟာ ရင်ကျပ်ပန်းနာ၊ အဆစ်ရောင်နာနဲ့ လေးဖက်နာရောဂါတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။

(၈) ဆံပင်သန်စွမ်းစေခြင်း

ဆံပင်ထွက်နှုန်းကောင်းအောင် လှုံ့ဆော်ပေးနိုင်ပြီး ထိပ်ပြောင်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၉) အရိုးသန်မာစေခြင်း

ဗီတာမင်ကေ ပါဝင်မှုများတဲ့ နံပါတ်တစ်အစာဖြစ်တာကြောင့် အရိုးပါးရောဂါနဲ့ အရိုးအဆစ်ရောင်နာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကညွတ်မှာ အရိုးဖြစ်ပေါ်စေဖို့နဲ့ အရိုးတွေကို ပြန်လည်ပြုပြင်ပေးဖို့လည်း ကူညီနိုင်စွမ်း ရှိပါတယ်။

(၁၀) အူလမ်းကြောင်းလုပ်ငန်းဆောင်တာ ကောင်းမွန်စေခြင်း

Inulin ပါဝင်တာကြောင့် အူတွေရဲ့ လုပ်ငန်းဆောင်တာကောင်းအောင် ကူညီနိုင်ပါတယ်။ အူထဲမှာ ကာဗိုဟိုက်ဒရိတ် Inulin ရှိတာကြောင့် ကျန်းမာရေးအကျိုးပြု ဘက်တီးရီးယားတွေရဲ့ ကြီးထွားမှုကို တိုးစေကာ အူလမ်းကြောင်းစနစ်ကို ကျန်းမာနေစေပါတယ်။

(၁၁) ကိုယ်ဝန်ဆောင်တို့အတွက် သင့်တော်ခြင်း

ကညွတ်မှာ ဖောလိတ်ဓာတ်များစွာ ပါဝင်ပါတယ်။ ဖောလိတ်ဟာ ကိုယ်ဝန်ဆောင်အစောပိုင်း အဆင့်မှာ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်ဖြစ်ပြီး မွေးရာပါချို့ယွင်းချက်ပါတဲ့ ကလေးမျိုးမမွေးအောင် ကာကွယ်နိုင်ပါတယ်။ ဖောလိတ်ဟာ နာ့ဗ်ကြောစနစ် ဖွံ့ဖြိုးဖို့နဲ့ DNA တည်ဆောက်ဖို့ အလွန်အရေးကြီးပါတယ်။

(၁၂) နှလုံးကျန်းမာစေခြင်း

ဖောလိတ်က နာကျင်မှုနဲ့ ရောင်ရမ်းမှုတို့ကို လျော့ကျစေပြီး နှလုံးရောဂါအန္တရာယ်ကိုပါ လျော့ကျစေပါတယ်။

သတိပြုရန်

ကညွတ်ကို များများစားတာကြောင့် ဆီးအနံ့ပြင်းစေနိုင်ပါတယ်။ အကြောင်းကတော့ ကညွတ်မှာ Methyl Mercaptan လို့ခေါ်တဲ့ ဆာလဖာဒြပ်ပေါင်း ပါဝင်နေလို့ပါ။ ဒါပေမဲ့ ကညွတ်ကို ခန္ဓာကိုယ်က အပြည့်အဝ ချေဖျက်စုပ်ယူပြီးချိန်မှာတော့ အနံ့က ပျောက်သွားနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top