Healthy Life Ad
Health Tips

လေဖြတ်ခြင်း မဖြစ်စေမည့် နည်းလမ်းကောင်းများ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှုပုံစံကို လိုက်နာတာက လေမဖြတ်အောင် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေဟာ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ရတဲ့ နည်းလမ်းတွေနဲ့ အတူတူပါပဲ။

သွေးဖိအားကို ထိန်းသိမ်းပါ

လေဖြတ်ခြင်းကင်းဝေးအောင် သင်လုပ်ပေးနိုင်တဲ့ နည်းလမ်းတစ်ရပ်ကတော့ သွေးဖိအားကို ပုံမှန်အတိုင်းရှိနေအောင် ထိန်းပေးဖို့ပဲ ဖြစ်ပါတယ်။ သင်ဟာ လေဖြတ်ဖူးရင် သွေးတိုးရောဂါမဖြစ်အောင် ထိန်းသိမ်းနေထိုင်တာဟာ နောက်တစ်ကြိမ် လေဖြတ်ခြင်းမဖြစ်အောင် ကာကွယ်ပေးရာရောက်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ စိတ်ဖိစီးမှုကိုထိန်းချုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနေထိုင်တာနဲ့ အရက်နဲ့ ဆိုဒီယမ်ကို ထိန်းချုပ်တာတွေဟာ သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေပါပဲ။ သင်စားတဲ့ အစားအသောက်ထဲကို ပိုတက်စီယမ်ပါတဲ့ အစားအသောက်တွေ ထည့်စားပေးပါ။ ဘဝနေထိုင်စားသောက်မှုပုံစံ ပြောင်းလဲမှုအပြင် သွေးတိုးကျဆေးတွေကိုလည်း ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း မှန်မှန်သောက်သုံးပေးရပါမယ်။

ကိုလက်စထရောနှင့် ပြည့်ဝဆီပါသော အစာလျှော့စားပါ

ပြည့်ဝဆီ၊ ထရန့်ဖက်စ် စတဲ့ မကောင်းတဲ့အဆီတွေကို လျှော့စားပေးရင် သွေးကြောကျဉ်းတဲ့ အန္တရာယ်ကို လျော့ပါးစေပါတယ်။ သွေးတွင်းကိုလက်စထရော ပမာဏကို အစားအသောက် တစ်မျိုးတည်းနဲ့ မထိန်းချုပ်နိုင်ရင် ဆေးဝါးမှီဝဲဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက လေဖြတ်နိုင်ခြေကို လျော့ကျစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးတိုးကျစေကာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။ ကိုယ်အလေးချိန်ကို လျော့ကျစေတဲ့အပြင် ဆီးချိုသွေးချိုရောဂါမဖြစ်အောင် ထိန်းချုပ်နိုင်ပြီး စိတ်ဖိစီးမှု လျော့ကျစေပါတယ်။ တစ်နေ့မှာ မိနစ် ၃၀ လောက်သာ လမ်းလျှောက်တာ၊ ပြေးတာတို့ကို လုပ်ဆောင်ပေးပါ။

ကိုယ်အလေးချိန်ကို ကျန်းမာရေးနှင့်အညီ ထိန်းပါ

အဝလွန်တာဟာ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ဆီးချိုသွေးချိုရောဂါတွေလိုပဲ လေဖြတ်တဲ့ အန္တရာယ်ကို တိုးစေပါတယ်။ ကိုယ်အလေးချိန် ၁၀ ပေါင်လောက် လျှော့ချတာက သွေးဖိအားကို လျော့ကျစေပြီး သွေးတွင်းကိုလက်စထရော ပမာဏကို ထိန်းပေးပါတယ်။

ဆေးလိပ်မသောက်သင့်ပါ

ဆေးလိပ်သောက်တာဟာ လေဖြတ်နိုင်ခြေကို တိုးမြင့်စေတာကြောင့် ဆေးလိပ်ဖြတ်ပေးတာက လေမဖြတ်အောင် ကာကွယ်ပေးရာ ရောက်ပါတယ်။

ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်ပါ

သင့်မှာ ဆီးချိုသွေးချိုရောဂါရှိပါက အစားအသောက်၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန်ထိန်းတာ၊ ဆေးဝါးကုသမှုတို့နဲ့ ထိန်းချုပ်ပေးရပါမယ်။

သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ စားပါ

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်နေ့ငါးကြိမ်နဲ့အထက် စားတာက လေဖြတ်နိုင်တဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။

အရက်ကို မသောက်သင့်ပါ

အရက်ကို ရှောင်ရှားတာက လေမဖြတ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အရက်ကို အလွန်အမင်းသောက်ရင် သွေးတိုးတာနဲ့ လေဖြတ်တာတို့ကို ဖြစ်စေနိုင်တာကြောင့် အရက်ကိုမနေနိုင်လို့ သောက်ချင်ရင်တောင် အသင့်အတင့်ပဲ သောက်ပါ။

မူးယစ်ဆေးဝါး ရှောင်ပါ

မူးယစ်ဆေးဝါးသုံးစွဲတာက လေဖြတ်နိုင်တဲ့ အန္တရာယ်ကို တိုးစေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top