Healthy Life Ad
Health Tips

နေကြာစေ့စားတာကြောင့် ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ . . .

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

နေကြာစေ့စားတာကြောင့် ရရှိစေနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေတာ၊ ရောင်ရမ်းမှုကို တားဆီးပေးတာ၊ သွေးကြောတွေကို သန့်စင်စေတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတာကြောင့် အာဟာရရှိတဲ့ သရေစာအဖြစ် စားပေးနိုင်တာ ဖြစ်ပါတယ်။ နေကြာစေ့ထဲမှာ ဘယ်လိုထူးကဲတဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ရသလဲဆိုတာကို သိနိုင်စေဖို့ နေကြာစေ့ထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ကျန်းမာရေး အာနိသင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

မပြည့်ဝဆီနှစ်မျိုး (Polyunsaturated and Monounsaturated Fats)

နေကြာစေ့ကြောင့် ကျန်းမာရေးအကျိုးကျေးဇူး ရရှိစေတာက သူ့မှာပါဝင်တဲ့ မပြည့်ဝဆီနှစ်မျိုးဖြစ်တဲ့ Polyunsaturatede နဲ့ Monounsaturated တို့ကြောင့်ဖြစ်ပါတယ်။ ဒီပါဝင်ပစ္စည်းတွေက သွေးလွှတ်ကြောတွေကို ပိတ်ဆို့မှု ကင်းဝေးစေတာ၊ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောနဲ့ တခြားအဆီတွေကို လျော့ကျစေတာ စတဲ့ နည်းအမျိုးမျိုး နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။နေကြာစေ့မှာ မပြည့်ဝဆီ ၉၀ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် သွေးတွင်းကောင်းတဲ့အဆီကို တိုးမြင့်စေပါတယ်။

ဗီတာမင်အီး

နေကြာစေ့မှာ ဗီတာမင်အီးများစွာ ပါဝင်နေပါတယ်။ ဗီတာမင်အီးဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းဝေးစေပါတယ်။ ဖရီးရာယ်ဒီကယ်တွေဟာ နှလုံးသွေးကြော ကျဉ်းမြောင်းစေခြင်းအန္တရာယ် ကင်းဝေးစေပြီး နှလုံးရောဂါအန္တရာယ်ကို လျော့ပါးစေပါတယ်။ နေကြာစေ့မှာပါဝင်တဲ့ ဗီတာမင်အီးဟာ အင်တီအောက်ဆီးဒင့် အာနိသင်ရှိပြီး သွေးခဲအောင်နဲ့ အနာကျက်အောင် ကူညီနိုင်ကာ သွေးလှည့်ပတ်မှုစနစ်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် နှလုံးရောဂါနဲ့ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ နေကြာစေ့ရဲ့ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ဟာ အဆစ်ရောင်နာ ရောဂါလက္ခဏာတွေကို လျော့ကျစေပါတယ်။

ဆီလီနီယမ်

နေကြာစေ့ထဲမှာ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ဆီလီနီယမ်နဲ့ ဗီတာမင်အီးတို့ ပေါင်းစပ်ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် အာနိသင်ကို တိုးမြင့်စေကာ ကင်ဆာဆဲလ်တွေရဲ့ ဖြစ်ပေါ်မှုကို ကာကွယ်တားဆီးပေးနိုင်ပြီး နှလုံးရောဂါဖြစ်ပေါ်မှုကို လျော့ကျစေပါတယ်။ ဆီလီနီယမ်ဟာ မျိုးဗီဇ DNA ကို ပြုပြင်ပေးပြီး ပျက်စီးနေတဲ့ဆဲလ်တွေကို ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။

ပရိုတင်းဓာတ်

နေကြာစေ့မှာပါဝင်တဲ့ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ အမိုင်နိုအက်စစ်ကို ထောက်ပံ့ပေးတာကြောင့် တစ်သျှူးတွေရဲ့ တည်ဆောက်မှု၊ ကြီးထွားမှုနဲ့ ပြုပြင်မှုတွေမှာ မရှိမဖြစ် အရေးပါနေပါတယ်။

ဖောလိတ်ဓာတ်

ဖောလစ်အက်စစ်လို့ ခေါ်ကြတဲ့ ဖောလိတ်ဓာတ်ဟာ ဗီတာမင်ဘီ တစ်မျိုးဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် မရှိမဖြစ် အရေးပါကာ သန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဆဲလ်အသစ်ကို ထုတ်လုပ်ရာမှာ ပါဝင်ကူညီနေပါတယ်။ ဖောလိတ်ဓာတ်နဲ့ ဗီတာမင်ဘီတွဲလ်တို့ အတူတူပေါင်းပြီး သွေးနီဥထဲမှာ ဟေမိုဂလိုဘင်ကို ဖြစ်စေပါတယ်။ ဖောလိတ်ဓာတ်ကို မှီဝဲတာက နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။

မဂ္ဂနီစီယမ်

နေကြာစေ့မှာပါဝင်တဲ့ မဂ္ဂနီစီယမ်ဟာ နာ့ဗ်ဆဲလ်၊ ကြွက်သားနဲ့ သွေးကြောတွေထဲကို ကယ်လ်စီယမ်ဓာတ် ရောက်ရှိစေပြီး ကြွက်တက်တာနဲ့ နာ့ဗ်ကြော ရုတ်တရက်တွန့်တာတွေကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနီစီယမ်ဟာ သွေးဖိအားကို ထိန်းသိမ်းပေးပြီး ရင်ကျပ်ရောဂါထတာနဲ့ ခေါင်းတစ်ခြမ်းကိုက်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ထရစ်ပတိုဖန်

နေကြာစေ့မှာပါတဲ့ အမိုင်နိုအက်စစ် ထရစ်ပတိုဖန်ဟာ ဆီရိုတိုနင် ထွက်ရှိအားကောင်းစေပါတယ်။ ဆီရိုတိုနင်ဟာ တင်းအားကို လျော့ကျစေပြီး ဦးနှောက်ကို ငြိမ်းအေးစေကာ အပန်းပြေစေပါတယ်။

ဖိုင်တိုကမ်မီကယ်လ်

နေကြာစေ့မှာ ကိုလင်း၊ ဖီနောလစ်အက်စစ်၊ လစ်ဂနင်နဲ့ ဘီတိန်းစတဲ့ ဖိုင်တိုကမ်မီကယ်တွေ ပါဝင်တာကြောင့် နှလုံးရောဂါကင်းဝေးစေကာ ရင်သား၊ အူမကြီးနဲ့ ဆီးကျိတ်နေရာတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

အမျှင်ဓာတ်

နေကြာစေ့မှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာကြေလွယ်စေပြီး ဝမ်းချုပ်ခြင်းကင်းစေကာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောပမာဏကို လျော့ကျစေတဲ့အပြင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ နေကြာစေ့မှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တာကြောင့် အဝမလွန်အောင် ထိန်းပေးထားနိုင်ပါတယ်။ နေကြာစေ့ကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာအဖြစ် စားပေးနိုင်သလို ဟင်းရွက်သုပ်၊ ပေါင်မုန့်၊ ကိတ်မုန့် စတာတွေနဲ့ တွဲဖက်ပြီးလည်း စားပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top