Healthy Life Ad
Health Tips

အသက်ရှည်ပြီး ပိုကျန်းမာဖို့ ခန္ဓာကိုယ်ဇီဝနရီအလိုက် လုပ်ဆောင်ရအောင်

———၊ မီမိုးမေ(ဆေးဝါးတက္ကသိုလ်) ၊———

တရုတ်ဆေးပညာအရ ခန္ဓာကိုယ်ဇီဝနရီအလိုက် သင့်တော်တဲ့ အလုပ်တွေကို လုပ်ဆောင်ပေးတာကြောင့် ကျန်းမာရေးအတွက် ပိုမိုထိရောက်တဲ့ ကောင်းကျိုးတွေ ရရှိစေနိုင်တယ်ဆိုတာကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

နံနက် ၃ – ၅ နာရီ ထိုက်ချိကစားရန် အကောင်းဆုံးအချိန်

တရုတ်ဆေးပညာအရ နံနက် ၃ နာရီနဲ့ ၅ နာရီကြားအချိန်ဟာ အဆုတ်တွေ အားအကောင်းဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီအချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်လူမျိုးတွေဟာ နံနက်စောစောအချိန်မှာ အဆုတ်တွေအားကောင်းအောင် အသက်ပြင်းပြင်းရှူရတဲ့ ထိုက်ချိလေ့ကျင့်ခန်းကို ကစားလေ့ရှိပြီး ကျန်းမာရေးကောင်းမွန်ကြပါတယ်။

နံနက် ၄ – ၆ နာရီ ကလေးမွေးဖွားရန် အကောင်းဆုံးအချိန်

သဘာဝနည်းအတိုင်း ကလေးမွေးမယ်ဆိုရင် နံနက် ၄ နာရီနဲ့ ၆ နာရီကြားအချိန်က အကောင်းဆုံးဖြစ်တယ်လို့ Chronobiologist ရက်ဆဲလ်ဖော်စတာက ဆိုပါတယ်။ တရုတ်နည်းအရ တခြားအင်္ဂါအစိတ်အပိုင်းတွေနဲ့စာရင် အဆုတ်မှာ စွမ်းအင်ပိုရှိတာကြောင့် ဒီအချိန်မှာ ကလေးမွေးဖွားတာက အကောင်းဆုံးဖြစ်တာပါ။ ကမ္ဘာလောကကြီးထဲကို ရောက်တဲ့အချိန်မှာ ကလေးငယ်အသက်ရှူချိန်မှာ ကလေးရဲ့အဆုတ်ထဲ စွမ်းအင်တွေ အများဆုံး ရောက်ရှိနိုင်ဖို့ နံနက်စောစော ကလေးမွေးတာ အကောင်းဆုံးဖြစ်တယ်လို့ ရက်ဆဲလ်က ထပ်မံရှင်းပြပါတယ်။

နံနက် ၅ – ၆ နာရီ Sex အတွက် အကောင်းဆုံးအချိန်

နေထွက်တဲ့ နံနက်စောစောမှာ အိမ်ထောင်ရှင်တွေအတွက် Sex ကိစ္စဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဗြိတိန်ဆေးဂျာနယ်ရဲ့ လေ့လာမှုတစ်ရပ်အရ နံနက်ခင်း နေခြည်နုနုထွက်တာက ဇနီးမောင်နှံတို့ကို ဆန္ဒအားကောင်းစေတဲ့ ကျားဟော်မုန်း အထွက်တိုးစေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အလင်းနဲ့ထိတွေ့မှုဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဟိုက်ပိုသားလမတ်စ်ကို လှုံ့ဆော်ပေးတာကြောင့် ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေအပေါ် သက်ရောက်မှုရှိကာ မျိုးအောင်နိုင်စွမ်း ကောင်းမွန်ရတာ ဖြစ်ပါတယ်။

နံနက် ၇ – ၁၁ နာရီ နံနက်စာစားရန် အကောင်းဆုံးအချိန်

နံနက်စောစောမှာ အစာအိမ်နဲ့ ပန်ကရိယက အလုပ်လုပ်နိုင်စွမ်း အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် အာဟာရပညာရှင် ဒေးဗစ်က “နံနက်စာကို ရှင်ဘုရင်လိုစားပါ၊ နေ့လယ်စာကို မင်းသားလိုစားပါ၊ ညစာကို သူတောင်းစားလိုစားပါ”လို့ အကြံပြုခဲ့တာ ဖြစ်ပါတယ်။ ညဘက်မှာ အသည်းက အဆိပ်တွေ ချေဖျက်နေပြီး တစ်သျှူးနဲ့ ဆဲလ်တွေကလည်း သူတို့ဘာသာ ပြင်ဆင်နေတာကြောင့် နံနက်စာစားတာက ခန္ဓာကိုယ်ကို စွမ်းအင်ပြန်လည်ရရှိစေမယ့် အခွင့်အလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ နံနက်စာကို ကောင်းကောင်းစားတာက နံနက်ခင်းမှာ တက်ကြွမှုကိုဖြစ်စေပြီး တစ်နေ့တာလုံး မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။

နံနက် ၉ – ၁၁ နာရီ အလုပ်လုပ်ရန် အကောင်းဆုံးအချိန်

နံနက်ခင်းအချိန်ဟာ အာရုံစူးစိုက်နိုင်စွမ်းအား အကောင်းဆုံးအချိန်ဖြစ်တယ်လို့ လူအများစုက လေ့လာတွေ့ရှိခဲ့ပါတယ်။ “ဒါက သရက်ရွက်က လွှမ်းမိုးထားတဲ့ တွေးခေါ်နိုင်စွမ်းဟာ နံနက် ၉ နာရီနဲ့ ၁၁ နာရီကြား အချိန်မှာ စွမ်းအားအကောင်းဆုံး ဖြစ်နေလို့ပါ။ ဒါကြောင့် အလုပ်မှာ အာရုံစူးစိုက်နိုင်စွမ်းအား အကောင်းဆုံးအချိန်လို့ ဆိုနိုင်ပါတယ်”လို့ ဘလက်ကာက ဆိုပါတယ်။

နေ့လယ် ၁ – ၃ နာရီ နေ့ခင်းတစ်မှေးအိပ်ရန် အကောင်းဆုံးအချိန်

လူအများစုအတွက် ငွေကုန်ကြေးကျမများတဲ့ ဇိမ်ခံမှုတစ်ခုပါ။ တရုတ်ဆေးပညာအရ အူထဲအစာတွေ ရှိနေတဲ့အချိန်မှာ စွမ်းအင်တွေက ခေါင်း၊ ခြေ၊ လက်စတဲ့ ခန္ဓာကိုယ်အစွန်အဖျားနေရာတွေကို ရောက်ရှိနိုင်ခြေများတယ်၊ ရလဒ်အနေနဲ့ အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ “တရုတ်ဆေးပညာမှာ နေ့လယ် ၁ နာရီနဲ့ ၃ နာရီကြားအချိန်က အူသိမ်တွေ အလုပ်လုပ်တဲ့အချိန်ပါ။ ဒါကြောင့် နေ့လယ်စာစားပြီးတာနဲ့ လူတွေက မျက်တောင်စင်းပြီး အိပ်ငိုက်ရတာဖြစ်တယ်”လို့ ဘလက်ကာက ရှင်းပြပါတယ်။

ညနေ ၇ – ၉ နာရီ အပန်းဖြေအနားယူရန် အကောင်းဆုံးအချိန်

တရုတ်ဆေးပညာမှာ ဒီအချိန်က နှလုံးကို ကာကွယ်ထားတဲ့ နှလုံးအကာရဲ့ အလုပ်လုပ်ချိန် ဖြစ်ပါတယ်။ “နှလုံးရဲ့ လုပ်ငန်းဆောင်တာတစ်ခုဟာ စိတ်ကို အပန်းပြေအောင် လုပ်ပေးပြီး အိပ်မောကျအောင် လုပ်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ၇ နာရီနဲ့ ၉ နာရီကြား အပန်းဖြေပေးရင် ညအိပ်ရာဝင်ချိန်မှာ ကောင်းကောင်း အိပ်မောကျနိုင်တာ ဖြစ်တယ်”လို့ ဘလက်ကာက ရှင်းပြပါတယ်။ မှောင်လာတဲ့အခါ အပန်းဖြေအနားယူတာကြောင့် ခန္ဓာကိုယ်က ဆီရိုတိုနင် အထွက်နှေးသွားပြီး အိပ်ငိုက်စေတဲ့ မယ်လတိုနင်ထွက်နှုန်း မြင့်မားတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top