Healthy Life Ad
Health Tips

နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်ဖို့ နေထိုင်စားသောက်မှုပုံစံ ပြင်ကြစို့ . . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

နှလုံးသွေးကြောကျဉ်းရောဂါက ကျွန်မတို့ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ဆက်စပ်သလို မျိုးရိုးလိုက်တာနဲ့လည်း ဆက်နွှယ်မှုရှိပါတယ်။ မျိုးရိုးကိုတော့ ရှောင်လွှဲလို့မရပေမယ့် နေထိုင်စားသောက်မှုပုံစံကိုတော့ ကျွန်မတို့ ပြုပြင်နေထိုင်လို့ ရပါတယ်။

ဒီနေရာမှာ အဓိကပြောချင်တာက အခုခေတ်မှာ လူကြီးတွေသာမက လူငယ်၊ လူလတ်ပိုင်းတွေမှာတောင် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်လာတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အထူးသဖြင့် လူငယ်လူလတ်ပိုင်းတွေက ဆေးလိပ်သောက်နှုန်း မြင့်မားနေလို့ပါပဲ။ ဒါ့အပြင် အဆီအအိမ့်စားသုံးမှုများတာ၊ အထိုင်များပြီး လေ့ကျင့်ခန်းလုပ်ဆောင်မှု နည်းပါးတာတွေလည်း ရှိတဲ့အတွက် ဒါတွေနဲ့ဆက်စပ်ပြီး ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါ ဖြစ်ရာကနေ နောက်ဆက်တွဲအနေနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ရတာပါပဲ။

-နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ

အထူးသဖြင့် ရင်ဘတ်အောင့်တာ၊ မောပန်းတာ၊ အသက်ရှူမြန်တာ၊ အသက်ရှူကျပ်တာနဲ့ နှလုံးခုန်မြန်တာတို့ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ရင်ဘတ်အောင့်တိုင်းတော့ နှလုံးရောဂါမဟုတ်ပါဘူး။ တခြားအကြောင်းကြောင့်လည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် မောပန်းတာ၊ အသက်ရှူမဝတာ၊ ရင်ဘတ်အောင့်တာ ရက်ကြာလာပြီဆိုရင် ဆရာဝန်နဲ့ပြသဖို့ လိုပါတယ်။

-နှလုံးသွေးကြောကျဉ်းရောဂါ ရှိ၊ မရှိ

နှလုံးသွေးကြောရောဂါရှိ၊ မရှိ စစ်ဆေးရာမှာ အီးစီဂျီကတော့ မပါမဖြစ်ပါ။ ဒါ့အပြင် ခံစားနေရတဲ့ ရောဂါလက္ခဏာတွေ၊ စမ်းသပ်တဲ့အခါ တွေ့ရှိရတဲ့ တွေ့ရှိချက်လေးတွေ ပေါင်းစပ်ပြီး ရောဂါကို မှန်းဆသိရှိနိုင်ပါတယ်။ လိုအပ်ရင် သွေးထဲမှာ မကောင်းတဲ့အဆီများသလား၊ ဆီးချိုရောဂါရှိသလား စသဖြင့် သွေးဖောက်စစ်ရတာ ရှိပါတယ်။

-နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပြီဆိုရင်

(၁) အဓိကကတော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးသောက်ရပါမယ်။

(၂) ဆေးလိပ်သောက်တတ်သူတွေမှာ ဆေးလိပ်ဖြတ်သင့်ပါတယ်။

(၃) အရက်ကလည်း မသောက်တာ အကောင်းဆုံးပါ။ မသောက်ဘဲ မနေနိုင်ရင် လျှော့သောက်ရပါမယ်။

(၃) ကိုယ်လက်လှုပ်ရှား အားကစား လုပ်ဆောင်ရပါမယ်။

(၄) အဆီများများစားရင် ရေပိုက်တွေမှာ ကြေးတွေနဲ့ ပိတ်သလိုမျိုး သွေးကြောတွေရဲ့ နံရံမှာ အဆီတွေနဲ့ ပိတ်သွားတာဖြစ်ပါတယ်။ ဝက်ဆီ၊ တိရစ္ဆာန်ကရတဲ့ အဆီ၊ အမဲသားအဆီ၊ ဆိတ်သားအဆီ စတာတွေကို အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။

(၅) အုန်းနို့နဲ့ လုပ်ထားတဲ့ မုန့်တွေ၊ အုန်းနို့များများပါတဲ့ အစာတွေကို ရှောင်ကြဉ်ရပါမယ်။ အုန်းထမင်း၊ ထောပတ်ထမင်း၊ ဒန်ပေါက် စတာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ရပါမယ်။

(၆) ထပ်ခါတလဲလဲ ပြန်ကြော်ထားတဲ့ ဆီနဲ့ ကြော်ထားတဲ့ အကြော်စုံတွေကိုလည်း ရှောင်ကြဉ်ရပါမယ်။

(၇) နှလုံးသွေးကြောကျဉ်းရောဂါ ဝေဒနာရှိရင် တစ်နေ့ ကြက်ဥတစ်လုံးကိုတော့ စားလို့ရပါတယ်။ ကြက်ဥတစ်လုံးထက်ပိုစားရင် အကာပဲ စားရပါမယ်။ အနှစ်မစားသင့်ပါဘူး။

(၈) နေ့တိုင်း လမ်းလျှောက်ပေးဖို့ လိုအပ်ပါတယ်။ နှလုံးသွေးကြောကျဉ်းတဲ့သူတွေက များသောအားဖြင့် မောတတ်ပါတယ်။ ဒါကြောင့် စစချင်း အနည်းဆုံး မနက်ငါးမိနစ်ပဲ အချိန်ပေးပြီး လမ်းလျှောက်ပေးပါ။ ပြီးမှ နေ့လယ်ငါးမိနစ်၊ ညနေငါးမိနစ် လျှောက်ပါ။ တစ်ပတ်လောက် ကျင့်သားရလို့ အမောခံနိုင်သွားပြီဆိုရင် နောက်ဒုတိယပတ်မှာ မနက်၊ နေ့လယ်၊ ညနေ အချိန် ၁၀ မိနစ်စီ လျှောက်ပါ။ ဒါဆိုရင် တစ်နေ့ မိနစ် ၃၀ လမ်းလျှောက်ဖြစ်သွားမှာပါ။

ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံအတိုင်း ဆင်ခြင်လိုက်ရင် တစ်နှစ်လောက်အတွင်း သွေးတွင်းကိုလက်စထရောကျပြီး နှလုံးကျန်းမာရေး သိသိသာသာ ကောင်းလာပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top