Healthy Life Ad
Health Tips

ဒိုင်ယာရီစာအုပ် ရေးခြင်း၏ ကျန်းမာရေးကောင်းကျိုးများ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဒိုင်ယာရီစာအုပ်တစ်အုပ် ထားရှိပြီး နေ့စဉ်ရေးမှတ်တဲ့အခါ သင့်ကို စိတ်ဖိစီးမှုတွေ ပြေလျော့သွားစေရုံသာမက တစ်နေ့တာလုပ်ရမယ့် အလုပ်ကိစ္စတွေကိုပါ ပြန်လည်မှတ်မိစေပါတယ်။

အကောင်းမြင်စိတ်ရှိပြီး ပန်းတိုင်ကို အရောက်လှမ်းနိုင်စေတယ်

ဒိုင်ယာရီစာအုပ်တစ်အုပ် ထားရှိပြီး ပုံမှန်ရေးမှတ်တာကြောင့် သင်ရဲ့တစ်နှစ်တာ ရည်မှန်းချက်၊ ဘဝပန်းတိုင် စတာတွေနဲ့ ပတ်သက်ပြီး အရောက်လှမ်းလို စိတ်ပိုများစေပါတယ်။ ဒါ့အပြင် ဘဝမှာ နေထိုင်ရတဲ့ အခိုက်အတန့်ကို အကောင်းမြင်စိတ် ပိုရှိလာစေပါတယ်။

ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်စေတယ်

ဒိုင်ယာရီစာအုပ်ထဲမှာ ပုံမှန်ရေးမှတ်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး ထိခိုက်ဒဏ်ရာနဲ့ ဝေဒနာခံစားရတဲ့ အဖြစ်အပျက်တွေကနေ အမြန်ဆုံး သက်သာရာ ရစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေပြီး စိတ်ကျဝေဒနာကို သက်သာစေပါတယ်။

ရောဂါဝေဒနာကြောင့် နာကျင်မှု သက်သာစေတယ်

အဆစ်ရောင်နာနဲ့ ပန်းနာရင်ကျပ်ရောဂါ ခံစားရတဲ့သူတွေက နေ့စဉ် ဒိုင်ယာရီစာအုပ်ထဲ ရေးမှတ်လေ့ရှိတာကြောင့် ရောဂါဝေဒနာတွေ သိသိသာသာ လျော့ပါးသက်သာစေတယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

စိတ်သက်သာရာ ရစေတယ်

စိတ်ဖိစီးမှု ခံစားရချိန်နဲ့ နာကျင်ဝမ်းနည်းနေချိန်မှာ ဒိုင်ယာရီစာအုပ်ထဲ ရေးမှတ်တာကြောင့် စိတ်သက်သာရာ ရစေပါတယ်။

Tip!

ဒိုင်ယာရီဆိုတာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ရေးမှတ်ထားတာ ဖြစ်ပါတယ်။ ဒိုင်ယာရီကို လအနည်းငယ်ကြာတိုင်း ပြန်ဖတ်လိုက်ရင် သင့်အတွက် စိတ်ညစ်၊ စိတ်ရှုပ်ခဲ့တဲ့ အခိုက်အတန့်တွေက ဘာမှမဟုတ်သလို ဖြစ်သွားစေပြီး အနာဂတ်မှာ ဘာကိုပဲဖြစ်ဖြစ် ရင်ဆိုင်နိုင်စွမ်း ရှိသွားပါတယ်။

ဒိုင်ယာရီရေးတဲ့အခါ စိတ်ထဲကနေ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ခံစားရတာတွေကို ယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို ရင်ဖွင့်ပြောဆိုလိုက်သလိုမျိုး လွတ်လွတ်လပ်လပ် ရေးသားလိုက်ပါ။ စိတ်ထဲမွန်းကြပ်နေတာရှိရင် ပြေလျော့သွားသလို ကိုယ်ဖြစ်ချင်တာရှိရင် ကြွေးကြော်သလို ဖြစ်စေတဲ့အတွက် ပန်းတိုင်ကို မြန်မြန်ရောက်ရှိဖို့ တွန်းအားပေးပါတယ်။

Most Popular

Healthy Life Ad
To Top