Healthy Life Ad
Real Life

မျက်လုံးတစ်ဖက်ပဲရှိတဲ့ အမေ…

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကျွန်တော့်မိခင်မှာ မျက်လုံးတစ်ဖက်ပဲ ရှိပါတယ်။ အဲဒါကို ကျွန်တော်မုန်းပါတယ်။ အမှန်အတိုင်းပြောရရင် အမေက ကျွန်တော့်အတွက် အတော်လေးစိတ်အနှောင့်အယှက် ဖြစ်စရာပါ။ သူက ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေအတွက် ထမင်းဟင်းချက်ပေးတဲ့အလုပ်နဲ့ ငွေရှာပါတယ်။

တစ်နေ့ကျတော့ အမေက ကျွန်တော်ကိုတွေ့ဖို့ ကျောင်းကိုလာခဲ့ပါတယ်။ ကျွန်တော်ကတော့ သူ့ကိုတွေ့ဆုံနှုတ်ဆက်ဖို့ စိတ်မပါခဲ့ပါဘူး။ ကျွန်တော် သူ့ကို မျက်နှာလွှဲပြီး မုန်းတီးတဲ့အကြည့်နဲ့ မေးခဲ့ပါတယ်။

“ဘာကြောင့် ကျွန်တော့်ဆီလာတာလဲ”

နောက်တစ်နေ့ကျတော့ ကျွန်တော်ကြောက်တဲ့ အဖြစ်အပျက်လာတော့တာပါပဲ။ ကျောင်းကသူငယ်ချင်းတွေက ကျွန်တော့်ကို “ဟေ့ကောင်၊ မင့်အမေမှာ မျက်လုံးတစ်လုံးပဲရှိတာနော်”ဆိုပြီး လှောင်ပြောင်ကြပါတော့တယ်။ ကျွန်တော် စိတ်အကြီးအကျယ်ညစ်ပြီး ရှက်လည်းရှက်တယ်၊ စိတ်ထဲမှာအမေ့ကို ပျောက်ကွယ်သွားစေချင်တာပါပဲ။

“အမေက ကျွန်တော့်ကို တခြားသူတွေရှေ့မှာ လှောင်ပြောင်အောင်လုပ်ခဲ့တယ်”ဆိုပြီး အမေ့ကို ဖွင့်ပြောလိုက်ပါတယ်။

“အမေ ဘာလို့ ရှိနေသေးတာလဲ”

အမေက ဘာမှမပြောခဲ့ပါဘူး။ ဘာပြောပြောလည်း ကျွန်တော်က စိတ်ဝင်စားမနေတော့ပါဘူး။ အခန်းထဲမှာ ကျွန်တော် ဒေါသတကြီး ပတ်ပြေးနေခဲ့ပါတယ်။
နောက်ပိုင်းမှာ ကျွန်တော်စာကြိုးစားပြီး နိုင်ငံခြားပညာတော်သင်ထွက်ခဲ့ပါတယ်။ ဘွဲ့ရတာနဲ့ အိမ်ထောင်ပြုပြီး အဲဒီနိုင်ငံမှာပဲ မိသားစုဘဝ ထူထောင်လိုက်ပါတယ်။ တစ်နေ့ကျတော့ အမေက ကျွန်တော့်ဆီ လာလည်ခဲ့ပါတယ်။ တခါးခေါက်တော့ ကျွန်တော့်ကလေးတွေက ပြေးဖွင့်ပြီး အော်ဟစ်ပါတယ်။ မဖိတ်ဘဲနဲ့ လာခဲ့တဲ့အတွက် ကျွန်တော်အလွန်အမင်း ဒေါသထွက်သွားပါတယ်။

“အမေ . . ကျွန်တော့်ဇနီးနဲ့ ကလေးတွေကို ဘာလို့ကြောက်အောင်လုပ်ရတာလဲ”လို့ ကျွန်တော်အော်တော့ အမေက အလွန်အမင်း တုန်လှုပ်သွားပြီး ရုတ်တရက်လာလည်ခဲ့မိလို့ တောင်းပန်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အိမ်ထဲကိုတောင် မဝင်တော့ဘဲ လှည့်ပြန်သွားခဲ့ပါတယ်။

တစ်နေ့ကျတော့ ကျောင်းကနေ “ကျောင်းသားဟောင်းတွေ့ဆုံပွဲ ဖိတ်ကြားလွှာ” စာတစ်စောင် လက်ခံရရှိခဲ့ပါတယ်။ အလုပ်ကိစ္စခရီးသွားရမယ်လို့ ဇနီးကိုညာပြီး ကျွန်တော်အဲဒီပွဲကိုတက်ဖို့ ကိုယ့်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။

ငယ်သူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီးချိန်မှာ ကျွန်တော်အိမ်ကို သွားခဲ့ပါတယ်။

အိမ်နီးချင်းတစ်ယောက်က မိခင်ဆုံးပြီဖြစ်ကြောင်းပြောပြီး စာတစ်စောင်ပေးခဲ့ပါတယ်။ အဲဒီသတင်းကြားချိန်မှာ ကျွန်တော် မျက်ရည်တစ်စက်တောင် မကျခဲ့ပါဘူး။ စာကိုဖွင့်ဖတ်လိုက်တဲ့အခါ-

“အမေရဲ့ အချစ်ဆုံးသားလေး

သားရဲ့ဘဝမှာ မဖိတ်ဘဲနဲ့ လာခဲ့မိတဲ့ အခိုက်အတန့်တွေအတွက် အမေတောင်းပန်ပါတယ်။ သားလေး “ကျောင်းသားဟောင်းတွေ့ဆုံပွဲ”လာတယ်လို့ အမေကြားခဲ့ပေမယ့် သားကို မကြိုဆိုတော့ပါဘူး။ ဘာလို့လဲဆိုတော့ သားကိုထပ်ပြီး စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ပါ။

သားသိလား . . သားကလေးဘဝတုန်းက သားဟာ မတော်တဆ ထိခိုက်မှုတစ်ခုဖြစ်ပြီး မျက်လုံးတစ်ဖက် ဆုံးရှုံးသွားခဲ့ဖူးတယ်။ မိခင်တစ်ယောက်အနေနဲ့ သားကို မသန်စွမ်းဘဝမျိုးနဲ့ မကြီးပြင်း မရှင်သန်စေချင်ဘူးလေ။ ဒါနဲ့ အမေရဲ့ မျက်လုံးတစ်ဖက်ကို သားကိုပေးခဲ့တာပါ။ အမေ့မျက်လုံးတစ်ဖက်နဲ့ ဒီကမ္ဘာကြီးထဲက အရာရာကို သားမြင်ခွင့်ရတာကို အမေဂုဏ်ယူတယ်သား။

သားရဲ့ ချစ်သောအမေ”

မိဘတွေရဲ့ အနှိုင်းမဲ့ စွန့်လွှတ်ရဲတဲ့ မေတ္တာကို ဘယ်တော့မှ လျှော့မတွက်လိုက်ပါနဲ့။ သူတိုရဲ့ ကျေးဇူးတရားကို ဘယ်တော့မှ ပြန်ဆပ်နိုင်ဖို့ မလွယ်ပါဘူး။ ကြီးလာတဲ့အခါ သူတို့ကို ချစ်ခြင်းမေတ္တာပေးတာ၊ လေးစားတန်ဖိုးထားတာနဲ့ အချိန်ပေးစောင့်ရှောက်တာတွေ လုပ်ဆောင်ပေးဖို့ ဘယ်တော့မှ မမေ့သင့်ပါဘူး။

Most Popular

Healthy Life Ad
To Top