Healthy Life Ad
Health Tips

သင့်ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေမယ့် ပျော်စရာအတွေးများ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကျွန်မတို့တွေရဲ့ ဘဝမှာ အမှတ်ရဖွယ်ရာကောင်းတဲ့ ပျော်ရွှင်ဖွယ်ကာလတွေ ရှိသလို မေ့ဖျက်ပစ်ချင်တဲ့ ကာလတွေလည်း ရှိနေပါတယ်။ အဲဒီအထဲက ပျော်ရွှင်အောက်မေ့ဖွယ်ရာ အခိုက်အတန့် အပိုင်းအခြားလေးကိုပဲ ရွေးပြီး တွေးတောအောက်မေ့တာကြောင့် စိတ်ခံစားမှုကောင်းမွန်တာ၊ အထီးကျန်မှု ပပျောက်တာနဲ့ မိသားစု မိတ်ဆွေသူငယ်ချင်း သံယောဇဉ်ခိုင်မြဲတာ စတဲ့ ကောင်းကျိုးတွေရရှိကာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

အမှတ်တရကောင်းများ မျှဝေခြင်း

ပျော်ရွှင်ဖွယ်ရာ အမှတ်တရကောင်းတွေကို တစ်ဦးနဲ့တစ်ဦး မျှဝေတာကြောင့် ပိုမိုရင်းနှီးမှုရရှိစေပြီး ပိုမိုချစ်ကြည်နူးပျော်ရွှင်ရပါတယ်။ “အဲဒီတုန်းက နင်နဲ့ငါ အတူကစားခဲ့ကြတာလေ”ဆိုတဲ့ စကားတစ်ခွန်းမှာ နွေးထွေးချစ်ခင်မှုပါသလို ဝေးကွာနေရင်တောင် နီးစပ်လာသလို ခံစားရစေပါတယ်။ အိမ်ထောင်သည်အချင်းချင်း ပျော်ရွှင်ခဲ့ဖူးတဲ့ ချစ်သူဘဝအကြောင်း အမှတ်တရပြောဆိုတာကြောင့် တစ်ဦးနဲ့တစ်ဦး ပိုမိုချင်ခင်နွေးထွေးမှု ရှိစေပါတယ်။

တသအောက်မေ့ခြင်း

လူ ၇၉ ရာခိုင်နှုန်းကသာ တစ်ပတ်တစ်ကြိမ်လောက် ကြည်နူးဖွယ်ရာ အတိတ်ကာလကို ပြန်လည်တွေးတောလေ့ရှိတယ်လို့ လေ့လာမှုက ဖော်ပြထားပါတယ်။ တကယ်တော့ တစ်နေ့ မိနစ် ၂၀ ခန့် ပျော်ရွှင်တဲ့ အတွေးထားရှိသူတွေဟာ တစ်ပတ်တစ်ကြိမ် တွေးတောတဲ့သူတွေထက် ဘဝမှာ ပိုမိုစိတ်ချမ်းသာ ပျော်ရွှင်တတ်တယ်လို့ လိုယိုလာတက္ကသိုလ် လေ့လာသူတွေက ဆိုပါတယ်။

အတွေးကို ချရေးခြင်း

အတိတ်ကောင်းကို အောက်မေ့တမ်းသရင်း အကျိုးကျေးဇူး အပြည့်အဝရရှိစေဖို့ အတွေးတွေကို စာထဲချရေးဖို့ တွေးကြည့်ရင်လည်း ပိုကောင်းပါတယ်။ ပျော်ရွှင်ဖွယ်ရာ အတွေ့အကြုံတွေကို ချရေးဖို့တွေးရင်း ပြန်လည်ကြည်နူး ပျော်ရွှင်ရစေမှာပါ။

ထိုအချိန်က အသံနှင့်အနံ့ကို အာရုံပြန်ခံစားခြင်း

ပျော်ရွှင်ဖွယ်ရာ အတိတ်ကာလကို ပြန်လည်တသရာမှာ တေးဂီတနားဆင်ရင်း တွေးကြည့်လိုက်ပါ။ အထူးသဖြင့် ငယ်ငယ်တုန်းကကာလကို တွေးမယ်ဆိုရင် အဲဒီအချိန်က ခေတ်စားခဲ့တဲ့ တေးသီချင်းကို နားထောင်လိုက်ပါ။ သင်ရဲ့ ပျော်ရွှင်ဖွယ်ရာ အတိတ်ကာလကို အနံ့၊ အရသာပါမကျန် ရသစုံမြင်ကွင်းကို ပြန်လည်ပုံဖော် မှတ်မိလာပါလိမ့်မယ်။ ဒီနည်းလမ်းဟာ အထီးကျန်မှုကင်းစေပြီး စိတ်ဖိစီးမှုမရှိဘဲ ပေါ့ပါးနေစေတဲ့ နည်းလည်းဖြစ်ပါတယ်။

အတိတ်ကို လက်ရှိကာလနှင့် ယှဉ်မတွေးခြင်း

ကောင်းမွန်ပျော်ရွှင်ဖွယ်ရာ အချိန်ကာလဆီကို အရောက်သွားတဲ့အခါ လက်ရှိစိတ်ညစ်စရာတွေနဲ့ မယှဉ်ပါနဲ့။ အထက်တန်းကျောင်းနဲ့ ကောလိပ်တက်စဉ်က ရရှိခဲဲ့တဲ့ အောင်မြင်မှုကြောင့် လက်ရှိအလုပ်မှာ ကြိုးစားချင်တဲ့ ခွန်အားကိုပဲဖြစ်ပါစေ၊ အတိတ်ကိုတွေးပြီး လက်ရှိမအောင်မြင်မှုအပေါ် ဆွေးမနေပါနဲ့။

မိသားစုအကြောင်း ပြန်တွေးခြင်း

ငယ်ငယ်က တစ်စုတစ်စည်းတည်း ပေါင်းစည်းနေထိုင်ချစ်ခင်ခဲ့ကြတဲ့ မိသားစုအကြောင်း ပြန်လည်တွေးတောတာက ခိုင်မြဲရင်းနှီးတဲ့ ချစ်ခင်မှုကို ရရှိစေပါတယ်။

ပျော်ရွှင်ဖွယ်ရာ အတွေ့အကြုံကို ထပ်မံဖန်တီးခြင်း

ပျော်ရွှင်ဖွယ်ရာ အတိတ်ကာလကို ပြန်တွေးရုံနဲ့တင် သင်ပျော်ရွှင်စိတ်ချမ်းသာရတယ်ဆိုရင် လက်ရှိအချိန်မှာလည်း သင်ချစ်တဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းနဲ့ ချစ်သူ၊ အိမ်ထောင်ဖက်တွေကို ဦးစားပေးပြီး ပျော်ရွှင်ဖွယ်ရာ အတွေ့အကြုံကောင်းတွေ ရရှိအောင် ဖန်တီးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top