Healthy Life Ad
Health Tips

ဖုန်း၊ ကွန်ပျူတာ အသုံးများခြင်းနှင့် ကလေးအဝလွန်ရောဂါ

—၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

အခုခေတ်က ကလေးတွေ ဂိမ်းအရမ်းဆော့ပါတယ်။ ဖုန်းနဲ့ဖြစ်ဖြစ်၊ ကွန်ပျူတာနဲ့ဖြစ်ဖြစ် ဆော့နေကြတာ များပါတယ်။ ဒီလိုဆော့တာဟာ တကယ်တော့ တစ်ရက်ကို တစ်နာရီလောက်သာ ပြုလုပ်သင့်ပါတယ်။ တစ်နေကုန်ထိုင်ပြီး လှုပ်ရှားမှုမရှိ ဖြစ်နေတာက အဝလွန်ရောဂါဖြစ်စေဖို့ အားပေးပြီး ကလေးအတွက်လည်း မကောင်းပါဘူး။

မိဘတွေကလည်း ကလေးတွေ ဒီလိုတီဗီတွေအကြာကြီး ကြည့်နေတယ်၊ ဂိမ်းတွေဆော့နေတာကို ကလေးတွေ ငြိမ်နေတာပဲ၊ ကောင်းပါတယ်လို့ အတွေးမျိုးမဝင်ဘဲ တီဗီပိတ်ပြီး ခြံထဲမှာ ပေးဆော့တာ၊ အောက်ဆင်းပြီး ဆော့ခိုင်းတာမျိုး ပြုလုပ်သင့်ပါတယ်။ ဘောလုံးသွားကန်တာ၊ အားကစားတစ်ခုခုကို လုပ်ခိုင်းတာ၊ ရေကူးတာပဲဖြစ်ဖြစ်၊ ကြက်တောင်ရိုက်တာဖြစ်ဖြစ်၊ ပြုလုပ်ခိုင်းသင့်ပါတယ်။ ကလေးတွေက ပြေးလွှားလှုပ်ရှားနေတာ အကောင်းဆုံးပါပဲ။

နောက်ပြီး မိဘတွေကို လာကူခိုင်းရပါမယ်။ ကားရေဆေးနေတဲ့အခါမျိုးဆိုရင်”သားရေ၊ အတူတူကားဆေးရအောင်”ဆိုပြီး ကူခိုင်းတာမျိုး၊ ခြံထဲက အပင်တွေကို ရေလောင်းခိုင်းတာမျိုး၊ မြက်ပင်တွေ နှုတ်ခိုင်းတာမျိုး၊ အရမ်းကြီးမဟုတ်တောင် ကလေးတွေလုပ်နိုင်သလောက် ခိုင်းပေးရပါမယ်။ လိုအပ်တဲ့ ပစ္စည်းတွေ သွားယူခိုင်းတာ စတာတွေကလည်း ကလေးတွေကို ကျန်းမာရေးနဲ့ ညီညွတ်စေပြီး ကိုယ်လက်လှုပ်ရှားမှုကိုတိုးအောင် လုပ်တဲ့နည်းပဲ ဖြစ်ပါတယ်။

အခြားသတိပြုရမယ့် အကြောင်းများ

ကလေးတွေမှာ တစ်ခုရှိတာက Cushion Syndrome လို ရောဂါမျိုး၊ Hypothyroidism နဲ့ Pitutary Glands က ဟော်မုန်းတွေ အထွက်များတဲ့ရောဂါလို ဟော်မုန်းနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်နေတဲ့အခါမှာလည်း အဝလွန်တဲ့ပုံစံမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကလေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် များပြီး အဝလွန်နေပြီဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေဆီသွားပြီး ကလေးက အစားအသောက်ကြောင့် ဝတာလား၊ ရောဂါကြောင့် ဝတာလား၊ မျိုးရိုးနဲ့ဆိုင်လို့ ဝတာလားဆိုတာ ကွဲကွဲပြားပြားသိအောင်လုပ်ဖို့ လိုအပ်ပါတယ်။ တချို့မိဘတွေကျတော့ သူတို့ကလေးတွေဝတာဟာ ရောဂါကြောင့် ဖြစ်နေတယ်ဆိုတာ မသိကြပါဘူး။ အစာစားလို့ ဝတယ်ပဲ ထင်နေတတ်ပါတယ်။ အဲဒီတော့ တတ်ကျွမ်းနားလည်တဲ့သူနဲ့ တိုင်ပင်ပြီး စစ်ဆေးစရာရှိတာတွေလုပ်ပြီး အချိန်မလွန်ခင် ကုသမှုတွေ ပြုလုပ်ရင်တော့ မလိုလားအပ်တဲ့ဆိုးကျိုးတွေ မခံစားရဘဲ ကာကွယ်နိုင်မှာပါ။

“အခုခေတ်က ကလေးတွေ ဂိမ်းအရမ်းဆော့ပါတယ်။ ဖုန်းနဲ့ဖြစ်ဖြစ်၊ ကွန်ပျူတာနဲ့ဖြစ်ဖြစ် ဆော့နေကြတာ များပါတယ်။ ဒီလို ဆော့တာဟာ တကယ်တော့ တစ်ရက်ကို တစ်နာရီလောက်သာ ပြုလုပ်သင့်ပါတယ်။ တစ်နေကုန်ထိုင်ပြီး လှုပ်ရှားမှုမရှိဖြစ်နေတာက အဝလွန်ရောဂါဖြစ်စေဖို့ အားပေးပြီး ကလေးအတွက်လည်း မကောင်းပါဘူး။”

ကလေးဝနေရင် ပိန်ဆေးတိုက်သင့်သလား

ကလေးတွေဝနေလို့ ပိန်ဆေးတိုက်တာတွေ ဘာတွေ တချို့မိဘတွေက လုပ်တတ်ပါတယ်။ အမှန်တော့ ဒါဟာ အတော်လေးကို မှားယွင်းနေတဲ့ အယူအဆပါ။ ကလေးတွေအတွက်လည်း အန္တရာယ်ရှိပါတယ်။ လူကြီးတွေ ပိန်ဆေးတွေဘာတွေ သောက်တာက သိပ်ဆိုးကျိုးမဖြစ်ဘူးဆိုရင်တော့ ကလေးတွေကတော့ လုံးဝလုံးဝ မသောက်သင့်ပါဘူး။ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေနဲ့သာ သေချာတိုင်ပင်ပြီး လိုအပ်တာတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာ ရိုးရှင်းလွယ်ကူပြီး ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ နည်းလမ်းတွေနဲ့သာ ပြုလုပ်သင့်ပါတယ်။ နေထိုင်မှုဘဝပုံစံနဲ့ အစားအသောက်ကိုသာ စနစ်တကျ ထိန်းပေးနိုင်ရင် အဆင်ပြေပါတယ်။

အကြံပြုချက်

အခုခေတ်က အလုပ်များတဲ့ မိဘတွေရှိတော့ မိဘတွေကလည်း ကလေးတွေကို လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ချက်ကျွေးတာမျိုးမဟုတ်ဘဲ ပြီးစလွယ် ကြက်အူချောင်းတွေ၊ ငါးအူချောင်းတွေကြော်ပြီး ကျောင်းထမင်းချိုင့် ထည့်ပေးလိုက်တာတွေ ရှိပါတယ်။ ဒီတော့ ကလေးတွေကလည်း မိဘတွေထည့်ပေးတဲ့အတိုင်း စားသောက်ပြီး အဆီပိုတွေဖြစ်လာကာ ကိုယ်အလေးချိန်တိုးလာတာ ဖြစ်ပါတယ်။

ဒီတော့ မိဘတွေအနေနဲ့ ရယ်ဒီမိတ်ဟင်းတွေကိုပဲ ထည့်ပေးလိုက်တာမဟုတ်ဘဲ ဟင်းသီးဟင်းရွက်ကြော်တွေ၊ အသီးအနှံတွေကိုလည်း ဖြစ်နိုင်ရင် နေ့တိုင်းတစ်မျိုးလောက်တော့ ထည့်ပေးစေချင်ပါတယ်။ နောက်ပြီး ကလေးတွေရဲ့ ထမင်းဘူးကို ကျောင်းဆရာမတွေက စစ်ဆေးပေးတာမျိုး ပြုလုပ်သင့်ပါတယ်။ ကလေးတွေရဲ့ဟင်းက အဆီအနှစ်တွေ အရမ်းများနေလား။ အချိုမုန့်တွေချည်းပဲ စားနေသလား။ ကလေးတွေ အချိုရည်ချည်းပဲ သောက်နေလား။ ကလေးတွေ ကျောင်းမှာ အချိုရည်သောက်တာနည်းအောင် ဆရာ/ဆရာမတွေကလည်း ထိန်းချုပ်ပေးဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top