Healthy Life Ad
Q & A

မျက်စိအားဖြည့်ဆေးများ

—၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. မျက်စိအတွက် ဘယ်လိုဗီတာမင်ဓာတ်တွေက အရေးပါပါသလဲ ဆရာ။

A. မျက်စိအတွက် အဓိကလိုအပ်တာက ဗီတာမင် အေ၊ ဗီတာမင် ဒီ၊ ဗီတာမင် အီး ဆိုတဲ့ ဗီတာမင်ဓာတ်တွေနဲ့ ဇင့်(သွပ်) နဲ့ ဆီလီနီယမ်သတ္တုဓာတ်တွေ ပါတဲ့ဆေးတွေ လိုအပ်ပါတယ်။ ဒီဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ ဆေးတွေက မျက်စိအတွက် အထောက်အကူပြုပါတယ်။ အရင်ကတည်းက မြန်မာပြည်ကို ဝင်လာတဲ့ ဗီတာမင်အုပ်စုတွေမှာ ဒီဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တယ်ဆိုရင် မျက်စိအတွက် အားကောင်းတယ်ဆိုပြီး သောက်လို့ရတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ လူတိုင်းက ဇက်ကြောတက်တယ်၊ ခေါင်းကိုက်တယ် ဖြစ်လာကြတော့ ဗီတာမင်ဘီလည်း လိုအပ်လာပါတယ်။ ဒီဓာတ်တွေကို စံချိန်စံညွှန်းထားပြီး ကြည့်မယ်ဆိုရင် ဒီဆေးတစ်ခုက မျက်စိအတွက် သောက်သင့်၊ မသောက်သင့်ဆိုတာကို ဒီဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုရှိ၊ မရှိ ဆိုတာကို ကြည့်ရပါတယ်။ ဒီဆေးတွေ ပါဝင်တယ်ဆိုရင် ပြည့်စုံမှုရှိပြီး မပါဝင်ဘူးဆိုရင်တော့ မပြည့်စုံပါဘူး။

Q. မျက်စိအားဆေးတွေအဖြစ် လူတွေက ဘာဆေးမဆို သောက်ကြတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး အကြံပြုပေးပါဦး ဆရာ။

A. တချို့လူတွေ မျက်စိအားဆေးအဖြစ် သောက်နေတဲ့ တရုတ်ဆေး၊ မြန်မာဆေးတွေမှာတော့ ဘာဓာတ်တွေ ပါဝင်မှုရှိသလဲဆိုတာ ဆရာတို့မသိပါဘူး။ အဲဒီအထဲမှာ ဗီတာမင်အေပါသလား၊ ပါတဲ့ဗီတာမင်အေက မျက်စိအတွက် လုံလောက်သလား . . ဒီအချက်တွေကို မသိနိုင်ပါဘူး။ အခုထုတ်နေတဲ့ ရွှေဖရုံသီးမျက်စိအားဆေးဆိုရင် ရွှေဖရုံသီးမှာ ဗီတာမင် အေအများကြီးပါတော့ ကောင်းတယ်လို့ အကြမ်းဖျင်းပြောလို့ရတယ်။ တခြားတိုင်းရင်းဆေးမှာပါတဲ့ အရွက်တွေကျတော့ ဘယ်လောက်ပမာဏ ပါသလဲဆိုတာလည်း သေချာမဖော်ပြထားတော့ မသိပါဘူး။

“အခုနောက်ပိုင်းမှာ လူတိုင်းက ဇက်ကြောတက်တယ်၊ ခေါင်းကိုက်တယ် ဖြစ်လာကြတော့ ဗီတာမင်ဘီလည်း လိုအပ်လာပါတယ်။ ဒီဓာတ်တွေကို စံချိန်စံညွှန်းထားပြီး ကြည့်မယ်ဆိုရင် ဒီဆေးတစ်ခုက မျက်စိအတွက် သောက်သင့်၊ မသောက်သင့်ဆိုတာကို ဒီဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်မှုရှိ၊ မရှိဆိုတာကို ကြည့်ရပါတယ်။ ဒီဆေးတွေ ပါဝင်တယ်ဆိုရင် ပြည့်စုံမှုရှိပြီး မပါဝင်ဘူးဆိုရင်တော့ မပြည့်စုံပါဘူး” . . .

ဒီဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတဲ့ အားဆေးတွေသောက်တာကြောင့် မျက်စိကျန်းမာရေးကို ကောင်းတယ်လို့ပဲ ဆိုလိုတာပါ။ ဒီဆေးတွေသောက်လို့ မျက်စိပါဝါကျတာ မဟုတ်ပါဘူး။ Refractive Error လို့ခေါ်တဲ့ အနုတ်ပါဝါမျက်မှန် တပ်ရတဲ့သူက ဒီဆေးတွေသောက်လို့ ပါဝါကျမလားဆိုရင် မကျနိုင်ပါဘူး။ မျက်စိတစ်ဖက်ရဲ့ ပါဝါကျတော့ Cornea Curvature (မျက်ကြည်လွှာအခုံးအခွက်)၊ Axial Length (လှိုင်းအလျား) ဒီနှစ်ခုအပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် တရုတ်တိုင်းရင်းဆေးပဲ သောက်သောက်၊ မြန်မာတိုင်းရင်းဆေးပဲ သောက်သောက် ပါဝါတော့ ဘယ်လိုမှမကျနိုင်ပါဘူး။ ဒီဆေးတွေ Safe ဖြစ်ရဲ့လား၊ မဖြစ်ဘူးလားဆိုတာကလည်း အဲဒီဆေးတွေထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေကို မသိတဲ့အတွက် ဝေဖန်လို့ မရပါဘူး။

ဒါပေမဲ့ တိုင်းရင်းဆေးသောက်လို့ မျက်စိထိခိုက်တယ်ဆိုပြီး ဆရာတို့ဆီကို လာပြတဲ့ လူနာမျိုးကိုတော့ မကြုံဖူးသေးပါဘူး။ ဒါပေမဲ့ အင်္ဂလိပ်ဆေးတွေကတော့ စနစ်တကျ လေ့လာထားပြီးသားဖြစ်လို့ အာနိသင်၊ ဘေးထွက်ဆိုးကျိုး စတာတွေကို သိရှိပြီးဖြစ်ပါတယ်။ ဥပမာအားဖြင့် Ocular Side Effect of Systemic Drugs ဆိုတဲ့ ဆေးတွေရှိတယ်။ ဥပမာ- Prednisolone သောက်ရင် ဘာဖြစ်မယ်၊ CTZ သောက်ရင်ဘာဖြစ်မယ်၊ Cloroquine သောက်ရင် ဘာဖြစ်မယ်၊ ဒီဆေးတွေကို အများကြီး ရေရှည်စွဲသောက်ရင် ဘာဖြစ်မယ်ဆိုတာ စမ်းသပ်မှုတွေအရ သိပြီးဖြစ်တယ်။ ဒါပေမဲ့ တိုင်းရင်းဆေးတွေကျတော့ ဘာပစ္စည်းတွေပါဝင်မှန်း မသိဘူး။ မသိတော့ ဆရာတို့ ပြောလို့မရပါဘူး။

မျက်မှန်ပါဝါက Cornea Curvature (မျက်­ကြည်လွှာအခုံး၊ အခွက်)၊ Axial Length (လှိုင်းအလျား) ဒီနှစ်ခုအပေါ်မှာ မူတည်တဲ့အတွက်ကြောင့် ဆေးနဲ့ ပြုပြင်ပြောင်းလဲလို့ မရတဲ့အတွက် ဘယ်ဆေးမှ အာနိသင်မရှိပါဘူး။ ဒါပေမဲ့ ဗီတာမင်အီး၊ ဗီတာမင်အေနဲ့ ဗီတာမင်ဘီတွေက မျက်လုံးတစ်ခုရဲ့ Metabolism အတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် မျက်လုံးကို အထိုက်အလျောက် အားပေးတာကြောင့် သောက်သုံးသင့်တယ်လို့ ပြောလို့ရပါတယ်။ ဒီလို အားပေးတဲ့အတွက် မျက်စိပါဝါကျတာမျိုးတော့ မဟုတ်ပါဘူး။

Q. မျက်စိကျန်းမာရေးအတွက် ဘယ်လိုအာဟာရဓာတ်တွေက အရေးပါပါသလဲ ဆရာ။

A. မျက်စိကျန်းမာရေးအတွက်ဆိုရင် ဗီတာမင်အေက အဓိကအရေးကြီးဆုံးဆိုတာ လူတိုင်းသိပါတယ်။ ဒါကြောင့် ဗီတာမင်အေရရှိအောင် အစိမ်းရောင်နဲ့ အဝါရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို စားပေးသင့်ပါတယ်။ မုန်လာဥ၊ သင်္ဘောသီး၊ ဟင်းနုနယ်ရွက်၊ ငှက်ပျောသီး စတာတွေကိုလည်း စားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top