Healthy Life Ad
Q & A

ရုတ်တရက် သတိလစ်ခြင်း

—၊ ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. တချို့သူတွေမှာ ရုတ်တရက်သတိလစ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။

A. အထူးသဖြင့် နှလုံးရုတ်တရက် ထိခိုက်သွားတယ်ဆိုရင် သတိလစ်ပြီး လဲတတ်ပါတယ်။ နောက်တစ်ချက်က သွေးပေါင်အရမ်းမြင့်တက်သွားတဲ့အခါ ရုတ်တရက် သတိလစ်တတ်ပါတယ်။ဆီးချိုသွေးချို ရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ် အရမ်းမြင့်တက်သွားတဲ့အချိန်မှာလည်း ရုတ်တရက် သတိလစ်သွားတတ်ပါတယ်။ နောက်တစ်ခုက အသက်အရွယ်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ အသက်ကြီးသူတွေမှာ အိပ်ရေးမဝတာ၊ အားနည်းတာတွေ ဆိုရင်လည်း ရုတ်တရက် သတိလစ်တာ ဖြစ်တတ်ပါတယ်။ ပြီးတော့ အတက်ရောဂါ (Epilepsy)ရှိသူတွေမှာလည်း ရုတ်တရက် သတိလစ်တာ ဖြစ်တတ်ပါတယ်။

Q. တချို့သူတွေကျတော့ လေ့ကျင့်ခန်းလုပ်ရင်းနဲ့ ရုတ်တရက်သတိလစ်တယ်လို့ ပြောကြပါတယ်။ အဲဒါကကော ဘာကြောင့်ပါလဲ ဆရာ။

A. အဲဒီလို ရုတ်တရက်သတိလစ်ရတာက တစ်ခါတလေ ရာသီဥတုနဲ့လည်း ဆိုင်ပါတယ်။ အရမ်းအေးတဲ့အချိန်မှာ လေ့ကျင့်ခန်းအပြင်းအထန်လုပ်မိရင် ဖြစ်တတ်သလို အရမ်းပူတဲ့အချိန်မှာ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်မိရင်လည်း ဖြစ်တတ်ပါတယ်။ တစ်ခါတလေ ရာသီဥတု ပူပြင်းတဲ့အချိန်မှာ အဝတ်အစားကို ကြပ်ထုပ်နေအောင် ဝတ်တာ၊ အဝတ်အစားအထူကြီးဝတ်ပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်တာတွေကြောင့်လည်း ရုတ်တရက် သတိလစ်သွားတာတွေ ရှိတတ်ပါတယ်။ တချို့ကျတော့ အရက်ကို အလွန်အကျွံသောက်တာကြောင့်လည်း ရုတ်တရက် သတိလစ်သွားတတ်ပါတယ်။ နောက်တစ်ခုက အမြင့်ပေ ၈၀ဝ၀-၉၀ဝ၀ လောက်မြင့်တဲ့ တောင်ပေါ်ဒေသကို ရောက်သွားတဲ့အခါ ကိုယ်တွင်းအောက်ဆီဂျင် ကမောက်ကမဖြစ်ပြီး ရုတ်တရက် သတိလစ်တာတွေ ရှိတတ်ပါတယ်။ ပြောရရင် သတိလစ်စေတဲ့ အကြောင်းတွေကတော့ အများကြီးပါပဲ။

“ဒီလို သတိလစ်သွားတဲ့ သူတစ်ယောက်ကိုတွေ့ရင် လူအများကြီး ဝိုင်းအုံကြည့်တာထက် သူ့ကို လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပေးရပါမယ်။ ခြေထောက်လေးကို ဆွဲမြှောက်ပေးပြီး ခေါင်းကိုနည်းနည်း စောင်းထားပေးရပါမယ်။ ပက်လက်အနေအထားနဲ့ထားရင် လျှာခေါက်တာ၊ အစာရှိခဲ့ရင် ပြန်ဆို့တာတွေ ဖြစ်မှာစိုးလို့ ဦးခေါင်းစောင်းပေးတာ၊ ခြေထောက်ဆွဲမြှောက်ပေးတာတို့ လုပ်ပေးသင့်ပါတယ်။”

Q. သတိလစ်သွားတဲ့ သူတစ်ယောက်ကို ဘယ်လိုမျိုး ပြုစုစောင့်ရှောက်ပေးသင့်ပါသလဲ ဆရာ။

A. အထူးသဖြင့် ဒီလို သတိလစ်သွားတဲ့ သူတစ်ယောက်ကိုတွေ့ရင် လူအများကြီး ဝိုင်းအုံကြည့်တာထက် သူ့ကို လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ ထားပေးရပါမယ်။ ခြေထောက်လေးကို ဆွဲမြှောက်ပေးပြီး ခေါင်းကို နည်းနည်းစောင်းထားပေးရပါမယ်။ ပက်လက်အနေအထားနဲ့ထားရင် လျှာခေါက်တာ၊ အစာရှိခဲ့ရင် ပြန်ဆို့တာတွေ ဖြစ်မှာစိုးလို့ ဦးခေါင်းစောင်းပေးတာ၊ ခြေထောက်ဆွဲမြှောက်ပေးတာတို့ လုပ်ပေးသင့်ပါတယ်။ ပြီးတော့ သတိပြန်ရလာအောင် ခေါ်ပေးရပါမယ်။ ပြီးရင် အရေးပေါ်ဌာန၊ အရေးပေါ် လူနာတင်ယာဉ်တို့ကို ဖုန်းခေါ်ပြီး အကူအညီတောင်းသင့်ပါတယ်။ တတ်နိုင်ရင် ချက်ချင်း ဆေးရုံပို့ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Q. သတိလစ်တတ်တဲ့ သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဆင်ခြင်နေထိုင်သင့်ပါသလဲ ဆရာ။

A. အထူးသဖြင့် ကိုယ်က အသက်အရွယ်ရလာပြီ၊ ကိုယ့်မှာ အခြေခံရောဂါဝေဒနာတွေလည်း ရှိနေတယ်ဆိုရင်တော့ သွားသတိ၊ လာသတိ၊ စားသတိဆိုပြီး ဘာကိစ္စမဆို သတိလေးထားပြီး နေထိုင်သွားလာ လှုပ်ရှားသင့်ပါတယ်။ ကားပေါ်အဆင်းအတက်ကအစ၊ အိမ်သာထဲဝင်တာကအစ ဘယ်သွားသွား ဘယ်လာလာ သတိအမြဲကပ်ထားဖို့ လိုပါတယ်။ မူးချင်သလိုလို၊ သတိလစ်ချင်သလိုလို ဖြစ်လာရင် ရုတ်တရက်ထိုင်ချလိုက်တာမျိုး၊ အခြေအနေပေးရင် လှဲလိုက်တာမျိုးနဲ့ အနားယူသင့်ပါတယ်။ အခြေခံရောဂါရှိရင်လည်း ရောဂါအတွက် သင့်တော်တဲ့ ဆေးဝါးတွေနဲ့ စနစ်တကျ ကုသမှုခံယူဖို့ အကြံပြုလိုပါတယ်။

Most Popular

Healthy Life Ad
To Top