Healthy Life Ad
Health Tips

လေ့ကျင့်ခန်းကို ဘယ်လောက်ကြာကြာ လုပ်သင့်သလဲ . . .

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ကျန်းမာရေးကောင်းမွန်တဲ့သူဖြစ်ရင်

ကျန်းမာရေးကောင်းမွန်တဲ့ လူအများစုက တစ်နေ့မှာ အနည်းဆုံးမိနစ် ၃၀ နဲ့ တစ်ပတ်မှာ ငါးကြိမ်ခန့် အသင့်အတင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းကို လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းအနေနဲ့ ခပ်သွက်သွက်လမ်းလျှောက်တာလို လေ့ကျင့်ခန်းကို ၁၀-၁၅ မိနစ်နဲ့ အလေးမတာလို ကြွက်သားသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းကို ၁၅-၂၀ မိနစ်လောက် လုပ်ပေးသင့်ပါတယ်။

ဘယ်လိုအကျိုးကျေးဇူး ရနိုင်သလဲ

ဒီလိုလေ့ကျင့်ခန်းကို လုပ်ပေးတာက သွေးတိုးတာ၊ လေဖြတ်တာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ၊ အူမကြီးကင်ဆာနဲ့ အရိုးပါးရောဂါတို့လို နာတာရှည်ရောဂါတွေရဲ့ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ဒါ့အပြင် ကြွက်သားဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးကာ အသက် ၃၀၊ ၄၀ ကျော်ချိန်မှာ ကိုယ်အလေးချိန် မြင့်တက်မှုမဖြစ်အောင်လည်း ထိန်းသိမ်းပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်လျော့ကျအောင် ကြိုးစားနေရင်

ကိုယ်အလေးချိန်လျော့ကျဖို့ ကြိုးစားနေတယ်ဆိုရင် ကိုယ်လက်လှုပ်ရှားမှုကို ပိုမိုလုပ်ဆောင်ပေးဖို့ လိုပါတယ်။ အသင့်အတင့် လေ့ကျင့်ခန်းကိုပဲ တစ်နေ့မှာ တစ်နာရီ ဒါမှမဟုတ် မိနစ် ၉၀ လောက် လုပ်ပေးသင့်ပါတယ်။ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေကတော့ ရွရွပြေးတာ၊ သက်လုံကောင်းစေတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေလုပ်တာ၊ စက်ဘီးစီးတာ စတဲ့လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျော့ကျလို သူတွေသိသင့်တဲ့အချက်က ဘာလေ့ကျင့်ခန်းမှ မလုပ်တာထက်စာရင် ဘယ်လိုလေ့ကျင့်ခန်းကိုမဆို လုပ်တာက ပိုကောင်းတယ်ဆိုတာပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းစတင်လုပ်ချိန်မှာ ၁၀-၃၀ မိနစ်လောက် လုပ်ပေးသင့်ပြီး နောက်ပိုင်းမှာ အချိန်ကို တဖြည်းဖြည်းတိုးပြီး လုပ်ဆောင်သွားသင့်ပါတယ်။

ဘယ်လိုအကျိုးကျေးဇူး ရနိုင်သလဲ

လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးခုန်နှုန်းကို မြန်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းနေရင် ကခုန်တာ၊ တင်းနစ်ကစားတာ၊ အိမ်သန့်ရှင်းရေးလုပ်တာ၊ သစ်ပင်ပန်းပင်တွေစိုက်ပျိုးတာ စတဲ့ အလုပ်တွေကို လုပ်ပေးနိုင်ပါတယ်။ အဆီတွေကို လျော့ကျစေပြီး ကြွက်သားထုထည်ကို တိုးစေတဲ့အတွက် ခန္ဓာကိုယ်ကို ကျစ်လျစ်သွယ်လျစေပါတယ်။

Most Popular

Healthy Life Ad
To Top