Healthy Life Ad
Health Tips

“ထောင်တန်တဲ့ စိတ်ရောဂါ”

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊—–

ရပ်ကွက်ထဲမှာ သတင်းထူးရှိရင် စာရေးသူရဲ့ မိတ်ဆွေကိုတာက စကားဝိုင်းခင်းဖို့ အလည်အပတ် ရောက်လာလေ့ရှိပါတယ်။

“ကြွပါကိုတာ၊ ဒီနေ့ သတင်းထူးရှိလို့လား”

“တစ်နိုင်ငံလုံးမှာ ဂယက်ရိုက်နေတဲ့ သတင်းပေါ့။ သြစတြေးလျနိုင်ငံ ကက်သလစ်ဘာသာ ဂိုဏ်းချုပ်ကြီး ဂျော့ပဲလ်ရဲ့ အမှုလေ။ အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေးကို လိင်ဗလက္ကာယ ပြုမှုကျူးလွန်တယ်လို့ တရားရုံးက အမိန့်ချမှတ်လိုက်တယ်။ ဂိုဏ်းချုပ်ကြီးက အယူခံဝင်နေတာတော့ ရှိတယ်။ အယူခံဝင်တာရှုံးရင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်တဲ့”

“ဟုတ်လား။ အဲဒါ”သြစတြေးလျနိုင်ငံက ကလေးသူငယ် လိင်စော်ကားဗလက္ကာရ ပြုမှုစုံစမ်းရေး တော်ဝင်ကော်မရှင်”( Australia Royal Com-mission To Child Sexual Abuse)ရဲ့ ရလဒ်တစ်ခုပေါ့”

ကိုတာက သူဖတ်ခဲ့တဲ့ သတင်းကို ဆက်လက်ပြောပြပါတယ်။

“သြစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်အောက် ကလေးသူငယ် ၁၀ ရာခိုင်နှုန်းက လိင်အဓမ္မပြုကျင့်တာ ခံရဖူးတဲ့ ရာဇဝင်ရှိတယ်လို့ သိရတယ်။ သူတို့ လိင်ဗလက္ကာယ ပြုတာခံရရင် ကလေးတွေက ဖွင့်ဟပြောကြားတိုင်တန်းဖို့ ဝန်လေးတတ်တယ်။ လိင်စော်ကားခံရတဲ့ဒဏ်ကြောင့် အရွယ်ရောက်လာတဲ့အခါ စိတ်ဖိစီးမှုဝေဒနာ(PTSD) ခံစားကြရတယ်။ ဘုန်းတော်ကြီးပဲလ် အဓမ္မပြုကျင့်ခဲ့တဲ့ လူငယ်နှစ်ယောက်ထဲမှာ တစ်ယောက်က အမှုမစစ်ဆေးခင်ကတည်းက သူ့ကိုယ်သူ သတ်သေသွားတယ်လို့ သိရတယ်”

စာရေးသူက ဆက်စပ်ပြောကြားပါတယ်။

“ကလေးသူငယ်ကို လိင်အဓမ္မပြုကျင့်တဲ့ ပြဿနာကို မြန်မာနိုင်ငံမှာလည်း ကြုံတွေ့နေရပါတယ်။ ၂၀၁၆ ခုအတွင်းက မြန်မာနိုင်ငံမှာ ကလေးသူငယ်ကို မုဒိမ်းကျင့်တဲ့အမှု၊ လိင်ဗလက္ကာယပြုတဲ့ အမှုပေါင်း ၆၇၀ ရှိတယ်။ ၂၀၁၇ ခုနှစ်မှာ အဲဒီလိုအမှုပေါင်း ၈၉၇ မှုအထိ တိုးတက်များပြားလာတယ်။ ၂၀၁၃ ခုနှစ်ကစပြီး ရေတွက်ကြည့်ရင် ကလေးသူငယ်ကို လိင်အဓမ္မပြုကျင့်မှုက ၅ နှစ်အတွင်း ၁၁ ဆ တိုးပွားလာတယ်လို့ သိရတယ်။ (Myanmar Times ၁၉-၂-၂၀၁၈)”

ကိုတာက စိတ်ကျန်းမာရေး ဆေးပညာဘက်ကို ဦးလှည့်လာပါတယ်။

“အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ကို လိင်အဓမ္မပြုကျင့်သူက စိတ်ရောဂါရှိသူလား”

“ကလေးသူငယ်ကို လိင်အဓမ္မပြုကျင့်မှု ကျူးလွန်သူအမျိုးမျိုး ရှိပါတယ်”

“ရှင်းပြပါ ဆရာကြီး”

“(၁) သြစတြေးလျနိုင်ငံမှာ နှစ်ဦးသဘောတူ လက်ထပ်နိုင်တဲ့ အသက်က ၁၈ နှစ်ဖြစ်တယ်။ အသက် ၁၆ နှစ်နဲ့ ၁၈ နှစ်ကြား ကလေးသူငယ်ကို မိဘနဲ့ တရားရုံးက ခွင့်ပြုရင် တရားဝင်လက်ထပ်ယူနိုင်တယ်။ အသက် ၁၆ နှစ်အောက် မိန်းကလေး၊ ယောကျာ်းလေးကို ဘယ်လိုနည်းနဲ့မှ တရားဝင်လက်ထပ်ခွင့် မပြုဘူး။ တချို့နိုင်ငံတွေမှာတော့ ၁၆ နှစ်အောက် အရွယ်မရောက်သေးတဲ့ မိန်းကလေးကို အိမ်ထောင်ပြုပေးတဲ့ ဓလေ့ထုံးတမ်းရှိတယ်။ သြစတြေးလျနိုင်ငံကို ရောက်နေတဲ့ တချို့နိုင်ငံခြားသားတွေက အဲဒီဓလေ့ထုံးစံကို ဆက်လက်ကျင့်သုံးနေတာ တွေ့ရတယ်။ အဲဒီလိုယောကျာ်းကို ကလေးသူငယ် လိင်အဓမ္မပြုကျင့်မှုနဲ့ တရားစွဲဆိုနိုင်တယ်။

(၂) ဒုတိယအမျိုးအစားက ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းသူဖြစ်တယ်။ လူမှုစည်းကမ်းဖောက်ဖျက် ကိုယ်ရည်ကိုယ်သွေးချို့ယွင်းရောဂါ (Antisocial Personality Disorder) ဒါမှမဟုတ် လူဆိုးလူမိုက် ကိုယ်ရည်ကိုယ်သွေးချို့ယွင်းရောဂါ (Psychopathic Personality Disorder) ရှိသူမျိုး ဖြစ်ပါတယ်။ အဲဒီလိုလူမျိုးက ရာဇဝတ်မှု အမျိုးမျိုးကို ကျူးလွန်တတ်တယ်။ ကလေးသူငယ်ကိုမရှောင် လိင်အဓမ္မပြုကျင့်နိုင်သူမျိုး ဖြစ်ပါတယ်”

ကိုတာက ကြားဖြတ်ပြောတယ်။

“ဖိုမသဘာဝ ချို့ယွင်းတဲ့ ရောဂါရှိရင် ကလေးသူငယ်ကို လိင်အဓမ္မပြုကျင့်တာ ရှိသလား”

“ရှိပါတယ်။ အဲဒါက တတိယအမျိုးအစား ဖြစ်တယ်။ (၃) ကလေးကို လိင်ဆန္ဒသွေဖည်ဖောက်ပြန်ရောဂါ (Pedophilia)လို့ခေါ်တယ်။ အဲဒီရောဂါရှိသူက သူတို့လိင်ဆန္ဒဖြေဖျောက်ဖို့ ကလေးသူငယ်တွေကို ပစ်မှတ်ထားတယ်။ ပီဒိုဖီးလ်ရောဂါရှိသူက လူဆိုးလူမိုက်ကိုယ်ရည်ကိုယ်သွေးရောဂါရှိသူ၊ စိတ္တဇရောဂါရှိသူ မဟုတ်ဘူး”

ကိုတာက မှတ်ချက်ချတယ်။

“လူယုတ်မာပေါ့”

“ပြောလို့ရပါတယ်။ ယောကျာ်းတွေထဲမှာ “ပီဒိုဖီးလ်”ရောဂါရှိသူ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ကလေးလူငယ်ကို လိင်အဓမ္မပြုကျင့်သူတွေထဲမှာ ၅၀ ရာခိုင်နှုန်းက ပီဒိုဖိီးလ်ရောဂါရှိသူတွေ ဖြစ်ပါတယ်။ အမျိုးသမီးတွေထဲမှာတော့ ပီဒိုဖီးလ်ရောဂါရှိသူက တစ်ထောင်မှာ ငါးယောက်နှုန်းလောက် ရှိနိုင်တယ်”

ကိုတာက သူဖတ်ဖူးတဲ့ သတင်းတစ်ခုကို သတိရလာတယ်။

“သြစတြေးလျနိုင်ငံကနေ အစ်ရီးရယ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ကျောင်းအုပ်ဆရာမကြီးဟောင်း Ms Leifer လိုလား။ အဲဒီကျောင်းဆရာမကြီးကို ကျောင်းသားလူငယ်တွေအပေါ် လိင်ဗလက္ကာယပြုမှု ၇၄ မှုနဲ့ ရဲကတရားစွဲဖို့ အလိုရှိနေတယ်တဲ့”

“မှန်ပါတယ်ကိုတာ။ ပီဒိုဖီးလ်ရောဂါရှိသူက “ချို”ပေါက်နေသူ မဟုတ်ဘူး။ ရပ်ကွက်ထဲမှာ သူလိုငါလိုလူတွေပါ။ ဒါပေမဲ့ ကလေးသူငယ် လိင်အဓမ္မပြုတတ်သူကို တွေ့ချင်ရင် အဝေးမှာရှာမကြည့်နဲ့။ ကလေးသူငယ်နဲ့ ခင်မင်သိကျွမ်းနေသူတွေက များတယ်”

“ဟုတ်ကဲ့လား”

“တချို့ ပီဒိုဖီးလ်ရောဂါရှိသူက အသက် ၁၀ နှစ်အောက် ကလေးတွေကို ပစ်မှတ်ထားတယ်။ တချို့ကတော့ အပျိုဖြန်းအရွယ်လေးတွေအပေါ်မှာ ပြစ်မှားချင်စိတ် ရှိတယ်။ ကိုယ်အင်္ဂါချို့ယွင်းတဲ့ ကလေး၊ ရှက်တတ်တဲ့ ကလေး၊ အပေါင်းအသင်းနည်းတဲ့ ကလေး၊ မိသားစုထဲမှ အဆင်မပြေဖြစ်နေတဲ့အိမ်မှာ နေထိုင်တဲ့ကလေးတွေကို ပစ်မှတ်ထားလေ့ရှိတယ်” . . .

“ဟုတ်ပါတယ်။ ကလေးသူငယ်ကို လိင်အဓမ္မပြုကျင့်မှု ကျူးလွန်သူတွေထဲမှာ သူစိမ်းတရံဆံက ၁၀ ရာခိုင်နှုန်းပဲရှိတယ်။ ၃၀ ရာခိုင်နှုန်းက ကလေးသူငယ်တွေကို နေ့စဉ်ထိတွေ့ ဆက်ဆံနေရတဲ့ အလုပ်အကိုင်မျိုးမှာ တာဝန်ယူထားသူတွေ ဖြစ်တယ်။ ဥပမာ- ကျောင်းဆရာ၊ ကျန်းမာရေးဝန်ထမ်း၊ ကလေးထိန်းနဲ့ ရဲအရာရှိ၊ လူမှုရေးဝန်ထမ်း၊ အားကစားနည်းပြ၊ ဘာသာရေးခေါင်းဆောင်၊ ပရဟိတလုပ်အားပေးဝန်ထမ်း၊ အိမ်နီးနားချင်း စသဖြင့်ပေါ့။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းက အိမ်ထောင်စုဝင်နဲ့ ဆွေမျိုးသားချင်းတွေ ဖြစ်ပါတယ်။ လိင်စော်ကားခံရတဲ့ ကလေးရဲ့မိဘ၊ အဘိုးအဘွား၊ အဒေါ်ဦးလေး၊ ညီ အစ်ကိုမောင်နှမတဝမ်းကွဲ၊ ပထွေး၊ မိထွေးစသဖြင့်ပေါ့ဗျာ။ မှတ်တမ်းတွေရှိပါတယ်”

ကိုတာက မေးမြန်းပါတယ်။

“ဒီလိုဆိုရင် ကလေးသူငယ်ရဲ့ ပတ်ဝန်းကျင်မှာ ပီဒီုဖိီးလ်ရောဂါရှိသူ နေထိုင်နေခြင်း ရှိ၊ မရှိ ဘယ်လိုသိနိုင်သလဲ”

“အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ ကလေးသူငယ် အန္တရာယ်မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။ ဒါကြောင့် ကလေးမိဘတွေနဲ့ အုပ်ထိန်းသူတွေ သိရှိလေ့လာသင့်တဲ့ အချက်တွေရှိပါတယ်”

“ပြောပြဗျာ”

“ပီဒိုဖီးလ်ရောဂါရှိသူက အများအားဖြင့် ယောကျာ်းဖြစ်မယ်။ အသက် ၃၀ ပတ်ဝန်းကျင်ရှိမယ်။ တစ်ဦးတည်းနေထိုင်တာများတယ်။ ရွယ်တူမိတ်ဆွေသူငယ်ချင်း နည်းပါးတယ်။ ကလေးသူငယ်တွေနဲ့ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တယ်။ ကလေးတွေကို အရွယ်ရောက်သူလို ပြောဆိုဆက်ဆံလေ့ရှိတယ်။ ကလေးတွေနှစ်ခြိုက်တဲ့ ကစားနည်းနဲ့ ဝါသနာကို ပိုမိုနှစ်ခြိုက်ကြတယ်။ ဥပမာ-ကာတွန်းအရုပ်တွေ စုဆောင်းခြင်း။ ကလေးတွေကို မြှောက်ပင့်ပြောဆိုတဲ့ စကားလုံးဝေါဟာရတွေကို အသုံးပြုပြောကြားလေ့ရှိတယ်။ ဥပမာ-ညည်းက နတ်သမီးလေးလို လှလိုက်တာ။ ညည်းက ခြောက်ပြစ်ကင်းသဲလဲစင် ကလေးလေးပဲ။ တချို့ပီဒိုဖီးလ်ရောဂါရှိသူက အသက် ၁၀ နှစ်အောက် ကလေးတွေကို ပစ်မှတ်ထားတယ်။ တချို့ကတော့ အပျိုဖြန်းအရွယ်လေးတွေအပေါ်မှာ ပြစ်မှားချင်စိတ်ရှိတယ်။ ကိုယ်အင်္ဂါချို့ယွင်းတဲ့ ကလေး၊ ရှက်တတ်တဲ့ ကလေး၊ အပေါင်းအသင်းနည်းတဲ့ ကလေး၊ မိသားစုထဲမှ အဆင်မပြေဖြစ်နေတဲ့အိမ်မှာ နေထိုင်တဲ့ ကလေးတွေကို ပစ်မှတ်ထားလေ့ရှိတယ်။ ပီဒိုဖီးလ်ရောဂါရှိသူက မိမိပစ်မှတ်ထားတဲ့ ကလေးကို နည်းအမျိုးမျိုးနဲ့ အယုံသွင်းတတ်တယ်။ ပစ္စည်းလက်ဆောင်တွေ ဝယ်ယူပေးကမ်းခြင်း၊ ကလေးကို မြှောက်ပင့်ပြောဆိုခြင်း၊ မိဘက တားမြစ်ထားတဲ့ ကိစ္စကို ခွင့်ပြုလိုက်လျောခြင်း၊ တခြားကလေးတွေထက်ပိုပြီး ဦးစားပေးဆက်ဆံခြင်း စတဲ့ အပြုအမူတွေကို တွေ့ရှိရမယ်။ ကလေးရဲ့မိဘနဲ့ အုပ်ထိန်းသူကို ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံလာခြင်း၊ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခွင့်ရှိအောင် သိမ်းသွင်းခြင်းတို့ကိုလည်း တွေ့ရှိနိုင်ပါတယ်”

ကိုတာက ကြားဖြတ်ပြီး မှတ်ချက်ချပါတယ်

“မိမိတို့သားသမီးနဲ့ အစဉ်အမြဲ ထိတွေ့ဆက်ဆံနေသူတွေကို မယုံသင်္ကာရှိရင် မိဘတွေ သတိထားလေ့လာသင့်တဲ့ အချက်တွေပေါ့”

“မှန်ပါတယ်။ သြစတြေးလျနိုင်ငံမှာ ရဲအဖွဲ့ကလည်း ပီဒိုဖီးလ်ရောဂါရှိနိုင်သူကို စောင့်ကြည့်တဲ့ အစီအစဉ်ရှိပါတယ်။ အင်တာနက်ထဲမှာ ကလေးသူငယ် “အပြာ”ဝက်ဘ်ဆိုက်တွေကို အသုံးပြုတဲ့ လူတွေကို ရှာဖွေဖမ်းဆီး အရေးယူပါတယ်။

သြစတြေးလျနိုင်ငံ၊ ပြည်နယ်တိုင်းမှာ ကလေးသူငယ် လိင်စော်ကားမှုကို မလုပ်မနေရ တိုင်ကြားရတဲ့ ဥပဒေ(Mandatory Reporting Law)ကို ပြဌာန်းထားပါတယ်။ ဒီဥပဒေအရ ကလေးသူငယ်ကို စောင့်ရှောက်ဖို့ တာဝန်(Duty Of Care) ရှိသူ (ဥပမာ-မိဘအုပ်ထိန်းသူ၊ ကျောင်းဆရာဆရာမ၊ ကျန်းမာရေးဝန်ထမ်း၊ လူမှုဝန်ထမ်း)က ကလေးသူငယ်မှာ လိင်အဓမ္မပြုကျင့်တာ ခံစားနေရတဲ့ အထောက်အထားတွေ့ရှိရင် သက်ဆိုင်ရာအာဏာပိုင်ကို တိုင်တန်းရမယ့် တာဝန်ရှိပါတယ်”

ကိုတာက မှတ်ချက်ချပါတယ်။

“ပီဒိုဖီးလ်ရောဂါကို “ထောင်”တန်တဲ့ စိတ်ရောဂါလို့ နာမည်ပြောင်းခေါ်သင့်တယ်”

Most Popular

Healthy Life Ad
To Top