Healthy Life Ad
Health Tips

ကိုယ်ရောင်ခြင်း (Edema)

———၊ ဒေါက်တာတင့်ဆွေ ၊———

ကိုယ်ရောင်တာကို အမေရိကန်စာလုံးပေါင်း Edema နဲ့ အင်္ဂလိပ်စာလုံးပေါင်း Oedema လို့ခေါ်တယ်။ ရိုးရိုးအင်္ဂလိပ်စာနဲ့ Swelling ဖြစ်တယ်။ အရင်က Dropsy or Hydropsy လို့ခေါ်ခဲ့တယ်။ တကိုယ်လုံးမှာ ဖြစ်နိုင်တယ်။ ရေ-အရည်တွေက မလိုအပ်ဘဲ အောင်း-ဖောင်းနေတာဖြစ်တယ်။ အရေပြားမှာရောင်နေရင် အရိုးနေရာပေါ်မှာ ခဏလေးဖိထားပြီး ပြန်လွှတ်လိုက်ရင် ခွက်နေတာကို တွေ့ရမယ်။Pitting edema ခေါ်မယ်။ Non-pitting edema နှိပ်ကြည့်တဲ့အခါ ခွက်ဝင်မသွားတဲ့ရောင်ခြင်းကို Lymphedema, Lipedema, Myxedema တွေမှာ တွေ့ရမယ်။ ဥပမာ ဆင်ခြေထောက်ရောဂါ။ ခြေထောက်ရောင်တာက သွေးခဲပိတ်တာ၊ သွေးပြန်ကြောဖောင်းတာ၊ အကျိတ်-ကင်ဆာ၊ မလှုပ်မရှား အကြာကြီးရပ်နေတာ၊ ပူတဲ့ရာသီဥတု၊ အမြင့်တက်တာ၊ အပူလောင်ခြင်းတွေကနေ ဖြစ်နိုင်တယ်။ မြန်မာလို ရောင်တယ်ဆိုတာမှာ ဆေးပညာအရ ၂ မျိုးရှိတယ်။ Edema ဖောင်းပြီးရောင်နေတာနဲ့ Inflammation ပိုးဝင်လို့ရောင်တာ။ လက်ခုပ်တီးရင် လက်ဖဝါးတွေရောင်တယ်။ ဒီလိုဒဏ်ကြောင့်၊ ပိုးကြောင့်ရောင်တာမှာ ဖောင်းပြီးရောင်တာလည်း တွဲဖြစ်ပါတယ်။

ကိုယ်ရောင်ခြင်း ဖြစ်စေနိုင်တာတွေကတော့-

အာဟာရ (ပရိုတင်း) မပြည့်ဝလို့ဖြစ်တာကို Kwashiorkor ခေါ်တယ်။ မျက်နှာမှောက်အိပ်နေတာကြာလို့ မျက်လုံးတဝိုက်ရောင်တာလည်း ဖြစ်တယ်။ အင်းဆက်ကောင်တွေ ကိုက်တာကနေရောင်မယ်။ နှလုံးရောဂါဆိုးလာရင် Pulmonary edema အဆုတ်ရောင်တာ၊ Pleural effusions အဆုတ်ထဲ အရည်အောင်းတာ၊ Ascites ရေဖျင်း၊ Peripheral edema အဖျားနေရာ(ခြေ-လက်)ရောင်တာတွေ ဆက်ဖြစ်နိုင်တယ်။

“ရေ-အရည်တွေက မလိုအပ်ဘဲ အောင်း-ဖောင်းနေတာဖြစ်တယ်။ အရေပြားမှာ ရောင်နေရင် အရိုးနေရာပေါ်မှာ ခဏလေးဖိထားပြီး ပြန်လွှတ်လိုက်ရင် ခွက်နေတာကို တွေ့ရမယ်။ Pitting Edema ခေါ်မယ်။ Non-Pitting Edema နှိပ်ကြည့်တဲ့အခါ” . . .

Parvovirus B19 infection ဗိုင်းရပ်စ်ပိုးဝင်တာကနေလည်း တကိုယ်လုံးရောင်တာ ဖြစ်စေနိုင်တယ်။ Nephrotic syndrome ကျောက်ကပ်ရောဂါမှာလည်း ကိုယ်ရောင်တယ်။ ဆီးစစ်ရင် Proteinuria ဆီးထဲမှာ အနည်ပါနေမယ်။ သွေးစစ်ရင် Plasma protein နည်းနေမယ်။ ကိုယ်ဝန်ဆောင်ရင်လည်း အနည်းနဲ့အများ ရောင်မယ်။ ခြေထောက်မှာသာ ရောင်တယ်။ ရောင်တာ + ဆီးအနည်ပါတာ + သွေးဖိအားတက်တာဖြစ်နေရင် ကိုယ်ဝန်သွေးဆိပ်တက်တာလို့ ခေါ်တယ်။ Tendinitis အရွတ်ရောင်တာနဲ့ Pancreatitis သရက်ရွက်ရောင်တာကနေလည်း ရောင်တယ်။ မျက်စိရေတိမ်ဖြစ်လို့၊ မျက်စိနာလို့၊ ခွဲစိတ်လို့ကနေ မျက်ကြည်လွှာရောင်မယ်။ မတည့်တာနဲ့ ထိရာကနေ အရေပြားရောင်မယ်။ နာတာရှည် အဆုတ်ရောဂါ၊ လည်ပင်းကြီးရောဂါ၊ အသည်းရောဂါ၊ Corticosteroids စတီးရွိုက်ဆေး၊ သွေးတိုးကျဆေး၊ ကိုယ်ဝန်တားဆေး၊ ဘာလို့ရောင်တာမသိတဲ့ အမျိုးအစားလဲ ရှိပါသေးတယ်။

Cerebral edema ဦးနှောက်ရောင်တာ အရေးကြီးတယ်။ ထိခိုက်မိလို့ဖြစ်ဖြစ်၊ ဦးနှောက်ရောဂါကြောင့်ဖြစ်ဖြစ် ဦးနှောက်ရောင်နိုင်တယ်။ Pulmonary edema အဆုတ်ရောင်တာ ချက်ချင်းဆေးကုသဖို့လိုတယ်။ အဆုတ်ရောဂါမဟုတ်ဘဲ ဆေးမတည့်လို့၊ (အလာဂျီ)ရလို့ (ရှော့ခ်)ဖြစ်ရာကနေ ဆက်ဖြစ်စေနိုင်တယ်။ ကုသရာမှာ ဖြစ်စေတဲ့အကြောင်းကို အဓိကကုသရမယ်။ ကိုယ်တိုင်လုပ်နိုင်တာတွေ ရှိပါတယ်။ ရောင်တဲ့နေရာကို ဖြစ်နိုင်သလောက် မြှင့်ထားသင့်တယ်။ ဆိုဒီယမ်(ဆား၊ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည်၊ ဟင်းချိုမှုန့်)မတည့်ပါ။ ခေတ်ပေါ် အသင့်ဝယ်စားလို့ရတဲ့ သွားရည်စာတွေမှာ ဆားများတယ်။ ကိုယ်အလေးချိန်ချပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊

Diuretics ဆီးသွားစေတဲ့ဆေးကို အများဆုံးသုံးရတယ်။ ဆီးလမ်းပိုးဝင်လို့ ဆီးခဏခဏသွားရပြီး နောက်ပိုင်း ဆီးနည်းလို့သောက်မိရင် ပိုဆိုးမယ်။ ဆီးသွားစေတဲ့ ဆေးအမျိုးမျိုးရှိတယ်။ ဆီးသွားရလို့ (ပိုတက်ဆီယမ်)နည်းပြီး ကြွက်သားတွေ မလှုပ်ချင်ဖြစ်တယ်။ ဒါကြောင့် (ပိုတက်ဆီယမ်)ဆေးပါ ပေးရတတ်တယ်။ အုန်းရည်သောက်ခိုင်းတယ်။ လိမ်မ္မော်သီး၊ ငှက်ပျောသီးစားခိုင်းတယ်။ နောက်ပေါ်ဆီးသွားစေတဲ့ ဆေးတွေက (ပိုတက်ဆီယမ်) မနည်းတာမျိုး ဖြစ်တယ်။

Most Popular

Healthy Life Ad
To Top