Healthy Life Ad
Health Tips

ကလေးငယ်ကို ရေကူးနည်းမသင်ပေးခင် ဘေးကင်းရေးအတွက် သိသင့်သော အခြေခံအချက်များ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကလေးတွေကို ရေကူးသင်ပေးတာက အလွန်ကောင်းမွန်ပါတယ်။ ရေကူးတဲ့ အားကစားနည်းဟာ ကလေးငယ်ရဲ့ ကျန်းမာဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့အပြင် ပင်လယ်ကမ်းခြေသွားတဲ့အခါ မတော်တဆ အန္တရာယ်ကြုံလာပါက ရင်ဆိုင်ကျော်လွှားနိုင်စေပါတယ်။ ကလေးငယ်တွေကို အလွန်ငယ်ရွယ်တဲ့ အသက်အပိုင်းအခြားမှာ ရေကူးနည်းသင်ပေးတာဟာ အလွန်သင်ရလွယ်ပါတယ်။ အသက်ကြီးလာချိန်မှာ ရေကူးတာနဲ့ ရေထဲမှာ အေရိုးဗစ်အားကစားပြုလုပ်တာတွေက ခန္ဓာကိုယ်ကို သန်စွမ်းကျန်းမာစေသလို လူငယ်တွေလိုပဲ ဟန်ချက်ညီနေပါလိမ့်မယ်။ ရေဆိုတာ အားကစားလုပ်ဖို့ သက်သောင့်သက်သောင်ရှိပြီး အေးမြတဲ့နေရာပါ။ ဒါကြောင့် ကလေးငယ်ကို ရေကူးသင်ပေးတာဟာ ကလေးငယ်ရဲ့ ဘဝတစ်လျှောက်လုံးကို ကျန်းမာသန်စွမ်းနေအောင် ပံ့ပိုးပေးရာ ရောက်ပါတယ်။ ကလေးငယ်ကို ရေကူးမသင်မီမှာတော့ ကလေးငယ်ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သိထားသင့်တဲ့ အချက်တွေရှိပါတယ်။

(၁) ကလေးငယ်ဟာ ကျွမ်းကျွမ်းကျင်ကျင် ရေမကူးတတ်ခင်မှာ ရေကူးတတ်တဲ့ ကြီးကြပ်ကွပ်ကဲသူ မရှိဘဲ ဘယ်တော့မှ ရေကူးကန်ထဲ မထားခဲ့ပါနဲ့။ အထူးသဖြင့် ပင်လယ်ထဲမှာ ရေကူးတဲ့အခါ ကလေးဟာ ဘယ်လောက်ပဲ ရေကူးကျွမ်းကျင်နေပါစေ၊ အနားမှာ လူကြီးစောင့်ကြည့်နေဖို့ လိုပါတယ်။

(၂) ကလေးဟာ သူ့ကိုယ်သူ မထိန်းနိုင်သေးခင်မှာ ကလေးငယ်ကို ရေထဲပစ်ချတာမျိုး မလုပ်သင့်ပါ။ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ကင်းကင်း ထိန်းချုပ်နိုင်တဲ့အခါကျမှ ရေနက်ထဲနေသင့်တာကြောင့် သင့်ကလေးကို ဘယ်တော့မှ နက်တဲ့နေရာမှာ မကူးစေသင့်ပါဘူး။

(၃) ကလေးကို ရေကူးသင်ပေးတဲ့အခါ သူတတ်နိုင်တာထက်ပိုပြီး အသက်အောင့်ခိုင်းတာမျိုး၊ အခြေခံရေကူးနည်းအကြောင်း သင်ပြပေးပြီး မကျွမ်းကျင်ခင်မှာ နောက်တစ်ဆင့်တက်တာမျိုးကို ရှောင်ပါ။

(၄) ကလေးအနေနဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ အချိန်မှာ ရေကူးဖို့ အတင်းဖိအားမပေးပါနဲ့။

(၅) အစာစားပြီးပြီးချင်း ရေမကူးခိုင်းပါနဲ့။

(၆) ကလေးကို ရေကူးသင်နေချိန်မှာ လိုအပ်တဲ့ အရေးပေါ်အကူအညီတွေ (ဥပမာ- ဖုန်း၊ အသက်ကယ်ဖို့ စောင့်သူနဲ့ တခြားအကူအညီ အသုံးအဆောင်တွေ)ကို ဆောင်ထားပါ။

(၇) လျှပ်စီးလက်ခြင်းနဲ့ မိုးကြိုးပစ်ခြင်းတွေ ဖြစ်ပေါ်နေပါက ရေကူးကန်ထဲမှ ကလေးအား ထွက်ခိုင်းပါ။

(၈) ရေကူးကန်ထဲမှာ ပြေးလွှားခြင်း၊ ကျွမ်းထိုးခြင်း စတဲ့ အန္တရာယ်မကင်းတဲ့ ကစားနည်းတွေကို မလုပ်ဆောင်ဖို့ ကလေးငယ်အား သင်ကြားထားပါ။

(၉) ရေကူးကန်ဟာ ရေချိုးခန်းမဟုတ်ဘူးဆိုတာ ကလေးအား သေချာရှင်းပြထားပါ။ ဒါကြောင့် ရေကူးပြီးတဲ့အချိန်မှာ ရေချိုးခိုင်းပါ။

(၁၀) ကူးစက်ရောဂါတွေ အဖြစ်များနေတဲ့ အချိန်မှာ ကလေးငယ်ကို အများသုံး ရေကူးကန်ထဲ ရေမကူးစေသင့်ပါဘူး။

Most Popular

Healthy Life Ad
To Top