Healthy Life Ad
Health Tips

အိပ်ပျော်ပါလျက် အိပ်မှန်းမသိသူ

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး-အငြိမ်းစား) ၊—–

စာရေးသူရဲ့ မိတ်ဆွေတစ်ယောက်က မေးမြန်းဖူးတဲ့ မေးခွန်းတစ်ခုကို မှတ်မိနေတယ်။

“ကျွန်မအိပ်မပျော်ဘူးလို့ ပြောရင် ကျွန်မယောကျာ်းက လက်မခံပါဘူး။ ကျွန်မ ညတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ တွေ့နေရတာပဲလို့ သူကပြောတယ်။ ကျွန်မ စိတ်ထင်နေလို့ပါတဲ့။ အိပ်ပျော်ပါလျက်နဲ့ အိပ်မပျော်ဘူးလို့ ထင်မြင်နေတတ်တာမျိုး ရှိလို့လား ကိုအုန်းကျော်”

“အဲလို အိပ်စက်ခြင်းရောဂါ ရှိပါတယ်။ “အပြည်ပြည်ဆိုင်ရာ အိပ်စက်ခြင်းရောဂါ ခွဲခြားသတ်မှတ်ခြင်းစာတမ်း”( International Classification of Sleep Disorders) မှာ အိပ်ပျော်ပါရက်နဲ့ အိပ်မပျော်ဘူးလို့ ထင်မြင်နေတဲ့ ရောဂါကို “အိပ်စက်မှုအခြေအနေ အသိမှားခြင်းရောဂါ” (Sleep State Misinterpretation)(SSM) လို့ ခေါ်ပါတယ်။ “အိပ်ပျော်မှန်းမသိရောဂါ”ဆိုပါတော့။ စိတ်ကျန်းမာရေး ဆေးပညာစာအုပ်တွေထဲမှာ “အယောင်ဆောင် အိပ်မပျော်ရောဂါ”( Pseudoinsomnia) လို့လည်း ဖော်ပြကြတယ်”

“ကျွန်မက လိမ်ညာပြောတာ မဟုတ်ပါဘူး။ ညတိုင်းညတိုင်း ကောင်းကောင်းအိပ်မပျော်ဘူးလို့ ကျွန်မယုံကြည်နေတာပါ။ ကျွန်မအတွေ့အကြုံပါ”

“မှန်ပါတယ်။ ကာယကံရှင်က လိမ်ညာပြောတဲ့ ရောဂါလို့ မသတ်မှတ်ပါဘူး။ ဘေးလူက ကြည့်ရှုလေ့လာတော့လည်း ခင်ဗျားက သူလိုငါလို ပုံမှန်အိပ်ပျော်နေတာ တွေ့နေရတော့ အမြင်ချင်း မတူဘူးပေါ့”

“ရှင်းပြပါဦး”

“အိပ်ပျော်မှန်းမသိရောဂါ (SSM) လက္ခဏာတွေကို ပြောပြမယ်။

(က) ကာယကံရှင်က အမှန်တကယ် အိပ်ပျော်နေပါတယ်။ ဒါပေမဲ့ အိပ်ရာကနိုးတဲ့အခါမှာ ကာယကံရှင်က သူအိပ်ပျော်နေတဲ့ အချိန်ပိုင်းကို လျှော့တွက်မယ်၊ အိပ်မပျော်ဘူးလို့ စိတ်ထဲမှာ ထင်မြင်ယူဆနေမယ်။ “ဘေးလူက ဘာပဲပြောပြော ငါနိုးကြားနေတာ ငါသိတာပေါ့”လို့ ကာယကံရှင်က ပြောတတ်တယ်။

“ဘေးကလူက ကာယကံရှင် အိပ်ပျော်မပျော် ဘယ်လိုသိနိုင်လို့လဲ၊ ငြိမ်ငြိမ်လေး လဲလျောင်းနေတာနဲ့ အိပ်ပျော်နေတယ်လို့ ပြောလို့ရပါ့မလား”

“(ခ) အိပ်ပျော်နေစဉ် ဟောက်သံနဲ့ ခင်ဗျားကို လှုပ်နှိုးလို့မရအောင် အိပ်ပျော်နေတာတွေကို ခင်ဗျားယောကျာ်းက တွေ့နေနိုင်ပါတယ်။

အိပ်စက်ခြင်း အခြေအနေတိုင်းကိရိယာ (Polysomnogram) နဲ့ စမ်းသပ်ကြည့်နိုင်တယ်။ “အိပ်ပျော်မှန်းမသိရောဂါ (SSM) ရှင်ကို လေ့လာကြည့်တဲ့အခါ အိပ်စက်ခြင်းအခြေအနေမှာ ဖြစ်ပေါ်နေတဲ့ ဇီဝသဘာဝဖြစ်စဉ်တွေကို တွေ့ရှိရတယ်။ ဦးနှောက်လျှပ်စစ်တိုင်းကိရိယာ (EEG) မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အဆင့်မှာ တွေ့ရှိရတဲ့ ဦးနှောက်လျှပ်စစ်လှိုင်း (Delta Wave) လွှမ်းမိုးနေတာ တွေ့ရမယ်။ လှိုင်းပြေးလွှားနှုန်းနှေးတဲ့ Delta Wave ပေါ်နေရင် အိပ်ပျော်နေတယ်လို့ ယူဆနိုင်ပါတယ်။

(ဂ) “ခင်ဗျားနေ့ခင်းနေ့လယ်အချိန်မှာ အိပ်ငိုက်လွန်းတာ၊ ပင်ပန်းနွမ်းနယ်တာမျိုး ခံစားရသလား”

“အဲလိုတော့ မခံစားရဘူး။ နေ့ခင်းနေ့လယ်မှာ အိပ်ချင်စိတ်မရှိပါဘူး။ လုပ်ကိုင်နေကျ အလုပ်ကိစ္စတွေကို ပုံမှန်လုပ်ကိုင် ဆောင်ရွက်နိုင်ပါတယ်။ ဒါပေမဲ့ “ငါ ညက အိပ်မပျော်ဘူး}}ဆိုတဲ့ အသိနဲ့ အားမလိုအားမရ ဖြစ်နေမိတယ်။ မပျော်ဘူးပေါ့”

“အဲဒါ အိပ်ပျော်မှန်းမသိရောဂါ (SSM) ရဲ့ လက္ခဏာတွေပဲ။ အမှန်တကယ် အိပ်မပျော်ရောဂါ ရှိသူလို နေ့ခင်းနေ့လယ်မှာ မောပန်းနွမ်းနယ်တာ မရှိဘူး။ ဒါပေမဲ့ ဥပါဒါန်ကြောင့် ဥပဒ်ဖြစ်တတ်တယ်။ ငါအိပ်မပျော်ဘူးဆိုတဲ့ အစွဲကြောင့် စိတ်ညစ်ညူးခြင်း၊ စိုးရိမ်ကြောင့်ကြစိတ်ပွားများခြင်း စတဲ့ ဖိစီးမှုဝေဒနာ ဖြစ်ပွားလာနိုင်တယ်”

(ဃ) “ကျွန်မမှာ စိတ်ရောဂါတစ်ခုခု ဒါမှမဟုတ် ခန္ဓာကိုယ်ရောဂါ တစ်ခုခုကြောင့် ဒီလိုခံစားနေရတာလား၊ “အဲဒီလိုလည်း မဟုတ်ပါဘူး။ အိပ်ပျော်မှန်းမသိရောဂါက သိသာထင်ရှားတဲ့ စိတ်ရောဂါ ဒါမှမဟုတ် ခန္ဓာကိုယ်ရောဂါကြောင့် ဖြစ်ပွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ညစ်လွယ်တတ်သူ၊ အိပ်ရာမဝင်ခင် စိတ်လှုပ်ရှားလွန်းသူနဲ့ အိပ်ရာမဝင်ခင် ဦးနှောက်အလုပ်များများ လုပ်ပြီးသူတွေထဲမှာ SSM ဖြစ်ပွားမှုနှုန်း များပြားပါတယ်”

“ဘာကြောင့်လဲ”

“အိပ်ပျော်နေချိန်မှာ လိုက်ပြီးမအိပ်တဲ့၊ အနားမယူသေးတဲ့ ဦးနှောက်ပိုင်းတချို့ ရှိနေလို့ပါ”

“ဘယ်လိုသိနိုင်သလဲ”

“အိပ်ပျော်မှန်းမသိ ရောဂါ SSM ရှိသူတွေ၊ အိပ်ပျော်နေစဉ်မှာ ဦးနှောက်လျှပ်စစ်လှိုင်းတိုင်းကိရိယာ (EEG)နဲ့ လေ့လာထားတာ ရှိတယ်။ ခုနကပြောခဲ့သလို သူတို့က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာ တွေ့ရတယ်။ သွားနှုန်းနှေးတဲ့ ဦးနှောက်လျှပ်စစ်လှိုင်း (Delta Waves) တွေ ပေါ်နေလို့ပါ။ ဒါပေမဲ့ SSM ရောဂါ “မရှိ”တဲ့သူတွေနဲ့ ကွဲပြားတာ တစ်ခုတွေ့ရတယ်။ Delta Waves တွေကြားထဲမှာ ပြတ်တောင်း ပြတ်တောင်း ပေါ်ပေါက်လာတဲ့ သွားနှုန်း ပိုမိုလျင်မြန်တဲ့ Alpha Waves တွေကို တွေ့ရှိရတယ်။ စိတ်ကြည်နူး နိုးကြားနေတဲ့ အချိန်မှာ တွေ့ရှိရတဲ့ Alpha Waves တွေပါ။ တည်တည်ငြိမ်ငြိမ် စီးဆင်းနေတဲ့ Delta ရေစီးကြောင်းမှာ Alpha ဝဲဂယက်တွေ ပြတ်တောင်း ပြတ်တောင်း ပွက်စီပွက်စီ ထိုးထွက်ဖြစ်ပွားလာတယ်လို့ ဆိုပါတော့။ ဦးနှောက်ဇီဝသဘာဝ ဖြစ်စဉ်အရ ပြောမယ်ဆိုရင် အိပ်ပျော်နေပေမယ့် ဦးနှောက်အင်္ဂါတစ်နေရာမှာ နိုးကြားနေတာ ရှိတယ်ပေါ့။ အိပ်ရာက နိုးလာတဲ့အချိန်မှာ ကာယကံရှင်က အဲဒီ “ဝဲဂယက်” လေးတွေကို မှတ်မိနေလို့ ဖြစ်နိုင်ပါတယ်”

“အိပ်မက်မြင်မက်နေတာမျိုးလား”

“မဟုတ်ပါဘူး။ အိပ်ပျော်မှန်းမသိရောဂါ (SSM) ရှိသူက သာမန်လူတွေလို အိပ်မက်မက်တာ ရှိပါတယ်။ EEG မှာလည်း အိပ်မက်မြင်မက်နေတဲ့ အိပ်စက်ချိန် (REM Sleep)မှာ တွေ့ရှိရတဲ့ အလွန်မြန်တဲ့ ဦးနှောက်လျှပ်စစ်လှိုင်းဖြစ်တဲ့ Betae နဲ့ Theta လှိုင်းတွေက သာမန်လူတွေလိုပဲ ပုံမှန်ဖြစ်ပေါ်နေတာတွေ့ ရှိရတယ်။ ဒါကြောင့် အိပ်မက်မက်တာ များလွန်းလို့လည်း မဟုတ်ပါဘူး”

“ဒီလိုဆိုရင် ကျွန်မဘာလုပ်သင့်သလဲ။ အိပ်ဆေးသောက်ရမလား”

“မသောက်ရဘူး၊ အိပ်ပျော်လျက်နဲ့ အိပ်မပျော်ဘူးလို့ထင်ပြီး အိပ်ဆေးသောက်လို့ အိပ်ဆေးစွဲရောဂါ ရရှိလာနိုင်တယ်။ ကြောင့်ကြစိတ်ကို ဖြေဖျောက်ဖို့ အရက်သောက်တဲ့သူ၊ မူးယစ်ဆေးသုံးစွဲသူတွေလည်း ရှိပါတယ်။

ခင်ဗျားလုပ်သင့်တာက အိပ်ရာမဝင်ခင် ဦးနှောက်ထဲမှာ လှုံ့ဆော်မှုများစေတဲ့ အပြုအမူတွေကို ရှောင်ရမယ်။ အိပ်ရာမဝင်ခင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမလုပ်နဲ့၊ ကော်ဖီမသောက်နဲ့၊ စိတ်လှုပ်ရှားစရာတွေကို ရှောင်၊ ငြင်းခုန်ဆွေးနွေး အခြေအတင်ပြောတာမျိုး မရှိစေနဲ့။ ဦးနှောက်ကို အသုံးချပြီး စဉ်းစားရလွန်းတဲ့ ကိစ္စတွေကို ဘေးဖယ်ထားရမယ်။ အိပ်ပျော်သွားပေမယ့် နိုးကြားနေတဲ့ ဦးနှောက်ပိုင်းကို ငြိမ်အောင်ထားဖို့ပါ။ အဲဒီတော့ အိပ်ရာမဝင်ခင် စိတ်ကြည်နူးမှုရရှိအောင် သီချင်းကြီးတွေနားထောင်၊ တရားထိုင်နိုင်ရင် ကောင်းပါတယ်”

“နံနက်အိပ်ရာနိုးလာရင် ငါအိပ်မပျော်ပါလားလို့ ထင်မြင်နေတဲ့ ကြောင့်ကြစိတ်ကို အားမပေးရဘူး။ ကျွန်တော်တို့ ဆွေးနွေးခဲ့တာကို သတိမူလေ့ကျင့်ပေးဖို့ပါပဲ”

Most Popular

Healthy Life Ad
To Top