Healthy Life Ad
Health Tips

၂၀ဝ၈ က စခဲ့သည့် အစာလမ်း တွယ်ဆက်တစ်သျှူးကင်ဆာကို လေးကြိမ်တိုင်တိုင် ခွဲစိတ်ကုသမှုခံယူခဲ့သူ ဒေါ်ခင်သန္တာလင်း

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ယခုအခါ အသက် (၅၉) နှစ်အရွယ် ဒေါ်ခင်သန္တာလင်းသည် ၂၀ဝ၈ ခုနှစ်၊ သြဂုတ်လကစပြီး အစာလမ်းတွယ်ဆက် တစ်သျှူးကင်ဆာ ဝေဒနာ လက္ခဏာများကို စတင်ခံစားခဲ့ရသူ ဖြစ်သည်။

“စစချင်း ဘယ်လိုလက္ခဏာတွေ စဖြစ်လာသလဲဆိုတော့ အန်တီဝမ်းသွားရင် ကျန်သလိုဖြစ်ပြီး ဝမ်းသွားတာအားမရဘူး။ ခဏခဏ ဝမ်းသွားချင်နေတယ်။ ဆီးသွားရတာလည်း အားမရဖြစ်လာပါတယ်”

ဒေါ်ခင်သန္တာလင်းသည် ဝမ်းသွားတိုင်း အားမရဖြစ်လာသဖြင့် ရပ်ကွက်ထဲမှာ ဒေါက်တာဒေါ်ဖြူဖြူခိုင်နှင့် တိုင်ပင်ပြသခဲ့ရာ အာထရာဆောင်း ရိုက်ခြင်းမှတဆင့် ထပ်မံလိုအပ်သော အခြားစစ်ဆေးမှုများကို တစ်ခုချင်း ပြုလုပ်ခဲ့ရသည်။

“အရမ်းကို တော်သောဆရာမပါ။ စစ်ဆေးမှုတွေက ဆရာမတွေညွှန်ကြားချက်အတိုင်း ပြရတဲ့အတွက် ဆရာမတွေ ဖုန်းနံပါတ်ယူပြီး ဘယ်နေရာရှိလဲဆိုပြီး ချက်ချင်းလိုက်ပြတာတောင် စစ်ဆေးမှုအားလုံးက အချိန်တစ်လနီးပါးလောက် ကြာပါတယ်။ အန်တီစဖြစ်လို့ ပြကတည်းက အမျိုးသားကလည်း နှလုံးရောဂါနဲ့ ခွဲစိတ်ဖို့ ဆေးရုံကြီးရောက်နေတာနဲ့ သူ့ကို အန်တီမကြည့်နိုင်ဘူး။ ကိုယ့်တစ်ယောက်တည်း ဆေးခန်းတွေပြနေရတာ”ဟု အန်တီဒေါ်ခင်သန္တာလင်းက ဆိုသည်။

မော်လမြိုင်သူဖြစ်သည့် ဒေါ်ခင်သန္တာလင်းသည် ငယ်ရွယ်စဉ်ကတည်းက ကစားနည်းပေါင်းစုံ အကုန်ကစားရင်း ကျောင်းပေါင်းစုံမြို့နယ်အထိ ရောက်ခဲ့သူ၊ သွက်လက်ဖျတ်လတ်သူ၊ စကားရည်လုပွဲတိုင်းတွင် ပထမဆုကိုချည်း ဆွတ်ခူးရရှိခဲ့သူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူဖြစ်ရာ ကင်ဆာဆိုသော အဖြေကြားသည့်အခါတွင် ခေါင်းအေးအေးဖြင့် အကောင်းဆုံးကုထုံးကို လက်ခံကုသရန် ဆုံးဖြတ်ခဲ့သည်။

“အန်တီက အစကတည်းက ပျော့ညံ့သူထဲ မပါခဲ့ဘူးလေ။ ဘာအလုပ်ကိုဖြစ်ဖြစ် ခေါင်းအေးအေးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်တတ်သူပါ။ ကင်ဆာဆိုတာ အန်တီ့အသိကျွမ်းထဲမှာလည်း တစ်ယောက်မှမဖြစ်ဘူး။ ဒီစကားက အန်တီနဲ့ အတော်ဝေးနေတဲ့ စကားပါ။ ဒါပေမဲ့လည်း ကိုယ့်မှာဖြစ်လာပြီဆိုတော့ ရှောင်လို့မရတော့ဘူးလေ။ လာမယ့်ဘေး ပြေးတွေ့ရမှာပေါ့။ အဖြေသိသိချင်း စိတ်မကောင်းဖြစ်ပေမယ် ကိုယ်မှမသေချင်သေးတာ။ ဒါနဲ့ ဘယ်လိုအကောင်းဆုံး ကုလို့ရမလဲဆိုတာ လေ့လာပါတယ်”

ဒေါ်ခင်သန္တာလင်းဖြစ်သည့် ကင်ဆာအမျိုးအစားသည် GIST (Gastrointestinal stromal tumor) ဆိုသည်မှာ အစာလမ်းတွင်ဖြစ်သည့် ရှားပါးသော ကင်ဆာတစ်မျိုးဖြစ်ပြီး လူ့ကိုယ်တွင် တွယ်ဆက်တစ်ရှူးမှ ဖြစ်လာသည့် ကင်ဆာအမျိုးအစား ဖြစ်သည်။

“အန်တီခွဲတာ ၄ ကြိမ်ရှိပါပြီ။ ပထမအကြိမ်ခွဲတာက ၂၀ဝ၈ ခုနှစ်ကပါ၊ ဒုတိယအကြိမ် ၂၀ဝ၉ မှာခွဲတာပါ၊ တတိယအကြိမ် ၂၀၁၂ မှာခွဲပြီး စတုတ္ထအကြိမ် ၂၀၁၈ မှာ ခွဲတာဖြစ်ပါတယ်။ အန်တီရဲ့ ကင်ဆာအမျိုးအစားက အစာလမ်းက တွယ်ဆက်တစ်သျှူးကင်ဆာ (GIST-Gastrointerstinal Stomal Tumor) ဖြစ်လို့ ခွဲပြီးတိုင်း ဆေးပဲသောက်ရပါတယ်။ ဆေးမသွင်းရသလို ဓာတ်ရောင်ခြည်ကုထုံးလည်း မခံယူရပါဘူး။ Imatinib ဆိုတဲ့ ကင်ဆာဆေး 400gm သောက်ရပါတယ်။ အခုနောက်ဆုံးခွဲပြီးတော့ ဆေးကိုပြောင်းသောက်ဖို့ ပြောပါတယ်။ ဆေးကတရက်ကို ၁ သိန်းပါ။ အန်တီက ဆေးကို အကြာကြီးသောက်ရမှာဆိုတော့ အန်တီအတွက် ဒီဆေးက မစဉ်းစားရဲတဲ့ဆေးပါ။ အဲတော့ သောက်နေကျဆေးကို 600gm တိုးသောက်ရပါတယ်။ ဆေးသောက်တယ်ဆိုပေမယ့် သူလဲကီမိုသွင်းသလိုပါပဲ။ အစာမရှိရင် အရမ်းခံရခက်တယ်။ အစာရှိလည်း အခန့်မသင့်ရင် ရင်တွေပူ၊ အန်ထွက်ပါတယ်။ ဆရာဝန်ပြောတဲ့အတိုင်း အားရှိတာတွေ စားရပါတယ်။ အဆာမခံဘဲနဲ့ အစားသောက်တွေကို ဂရုစိုက်ပြီး စားဖြစ်ပါတယ်။ ခွဲစိတ်ဖို့ အားလုံးစီစဉ်ပေးတဲ့ သားဖွားမီးယပ်အထူးကု ဒေါက်တာဒေါ်ခင်မြင့်မြင့်သန်းနဲ့ လေးခါလုံး ခွဲစိတ်ပေးတဲ့ ဒေါက်တာဒေါ်တင်တင်မာ တို့ကို ကျေးဇူးတင်ပါတယ်” ဟု ဒေါ်ခင်သန္တာလင်းက ဆိုသည်။

မော်လမြိုင်မြို့တွင် လူမှုဝန်ထမ်းဌာန၊ ကလေးပြုစုရေးနေ့ ကလေးထိန်းကျောင်းနှင့် ရန်ကုန်အမျိုးသမီး သက်ကြီးကျောင်း (ဗဟန်း)တို့တွင် အလုပ်လုပ်ခဲ့ပြီး သားကြီးမွေးပြီး ၆ လအကြာတွင် အလုပ်ထွက်ခဲ့သော ဒေါ်ခင်သန္တာလင်းသည် ယခုအခါ အသက် (၉၉) နှစ်အရွယ် မိခင်ကြီး၊ ခင်ပွန်းဖြစ်သူ ဦးခင်မောင်ချိုဦး၊ သားငယ်တို့နှင့်အတူ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။

“အန်တီ့အမျိုးသားက ကုန်းလမ်းပို့ဆောင်ရေး (ဘုရင့်နောင်) လုပ်သက် ၃၅ နှစ်နဲ့ အလုပ်ထွက်ပြီး ပင်စင်မယူခဲ့သူပါ။ သားကြီးကျော်ကိုကိုထက် E.C နဲ့ သံလျင် G.T.C က ကျောင်းပြီးလို့ Japan မှာ Software အလုပ်လုပ်နေပါတယ်။ သားငယ် ဇော်ညီညီထက်က စာဖိုမှူးပါ။ အမျိုးသားကတော့ ဆေးရုံဆေးခန်းဆေးတွေ စသောက်တော့ ပထမတစ်ခါခွဲတော့ တစ်လ ၂ သိန်းခွဲနဲ့ ၃ လ၊ ဒုတိယတစ်ခါခွဲတော့ ၂ သိန်းခွဲနဲ့ တစ်နှစ်၊ တတိယခွဲတော့ တစ်လ ၁ သိန်းကျော်ကျော်လေးနဲ့ ၅ နှစ်ဆက်တိုက် အခုနောက်ဆုံးခွဲပြီးတော့ တစ်လ ၁ သိန်းခွဲနဲ့ အခု ၁ နှစ်ခွဲရှိပါပြီ။ ဆေးကုစရိတ်တွေ အားလုံးက သူရဲ့ကြိုးစားရှာဖွေမှုတွေပါ။ အမေရဲ့မေတ္တာတွေက အန်တီအတွက် အားတွေပါ”ဟု ဆေးကုသမှု ခရီးလမ်းအတွက် မိသားစု၏ အားပေးပံ့ပိုးမှုများအကြောင်း ဒေါ်ခင်သန္တာလင်းက ပြောပြခဲ့သည်။

“အန်တီက ဆေးသောက်နေရသူဆိုတော့ လတိုင်းသွေးစစ်၊ အာထရာဆောင်းရိုက်ရတယ်။ ၆ လ တခါ CT ရိုက်ရပါတယ်။ အခုတော့ အသီးအရွက်တွေ များများစားပါတယ်။ ငါးကိုတော့ တစ်ပတ် ၂ ခါ-၃ ခါလောက် စားဖြစ်တယ်။ အသားက တစ်ပတ် ၂ ခါလောက်တော့ စားဖြစ်တယ်။ ရေများများသောက်တယ်။ ငရုတ်သီးကတော့ ငယ်ငယ်ထဲက သိပ်မစားဖြစ်ဘူး။ အချိုမှုန့်မစားဘူး၊ အငန်နဲ့ ဆီလျှော့တယ်။ ကြိုက်လည်းမကြိုက်လို့ပါ။

အန်တီဘာကြောင့် ဒီကင်ဆာဖြစ်သလဲဆိုတော့ လမ်းဘေးစာ၊ တုတ်ထိုးအချဉ်နဲ့ တို့တာတွေ တော်တော်လေးစားခဲ့တယ်။ အဲဒါလို့ပဲ ထင်တယ်။ ကင်ဆာမျိုးရိုးလည်း မရှိခဲ့ပါဘူး။ အန်တီ့ကို ရန်လာဖြစ် ဒေါသထွက်တဲ့သူရှိရင်တောင် ပြုံးပြီးနာထောင်၊ စိတ်ထဲကတော့ ဘုရားစာရွတ်နေသူပါ။ အခုဘဝမှာ ကိုယ်ဘာမှမလုပ်ခဲ့ပေမယ့် ကိုယ်မသိတဲ့ဘဝမှာ ကိုယ်ဘာတွေလုပ်ခဲ့လဲ၊ ကိုယ့်အကြောင်းတရားနဲ့ ကိုယ်ပဲလေ။ ဗုဒ္ဓသာဘာဝင်ဆိုတော့ လက်ရှိဘဝမှာ အမေကိုပြုစုတယ်၊ ဘုရားရှိခိုး ငါးပါးသီလလုံအောင် ထိန်းတယ်။ တစ်မိသားစုလုံး ဒီနေ့အထိ ဘယ်သူ့အပေါ်မှ မလိမ်ညာခဲ့ဘူး။ အားလုံးကိုမေတ္တာထား၊ သတ္တဝါလေးတွေကအစ ဒုက္ခရောက်ရင် ကယ်တင်မွေးခဲ့ပါတယ်။ အဲလိုတွေကြောင့် ၁၂ နှစ်တာ ကင်ဆာဖြတ်သန်းမှုကာလကို ကျော်လွှားနိုင်တယ်လို့ ထင်ပါတယ်။

ကင်ဆာဖြစ်နေသူတွေ အနေနဲ့လည်း စိတ်ဓာတ်မကျဘဲ ဆေးကုသမှုခရီးလမ်းကို ကျော်ဖြတ်အနိုင်ယူကြပါလို့ အန်တီရဲ့ အတွေ့အကြုံနဲ့အတူ မျှဝေပေးလိုက်ပါတယ်။ အားလုံးလည်း ကင်ဆာရောဂါဘေး ကင်းဝေးကြပါစေ”

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဒေါ်ခင်သန္တာလင်း၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။)

Most Popular

Healthy Life Ad
To Top