Healthy Life Ad
Health Tips

ဗိုက်ပူနေပေမယ့် လေ့ကျင့်ခန်းကို အချိန်အပြည့်အဝပေးပြီး မလုပ်နိုင်သူတို့အတွက် ရိုးစင်းသော လေ့ကျင့်ခန်း

———၊ လရိပ်မေ ၊———

ဗိုက်ကလည်းပူနေတယ်၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကလည်း အပြည့်အဝမပေးနိုင်ဘူးဆိုတဲ့ သူတွေအတွက် ဖြေရှင်းပေးနိုင်မယ့် လေ့ကျင့်ခန်းကို ဂျပန်ကိုယ်အလေးချိန် ထိန်းချုပ်ရေးပညာရှင်က မျှဝေထားပါတယ်။ ဒီလေ့ကျင့်ခန်းက ဗိုက်ပူသူတွေကို ချပ်ရပ်တင်းရင်းတဲ့ ဝမ်းဗိုက်အလှပိုင်ရှင်ဖြစ်အောင် ရက်သတ္တပတ် အနည်းငယ်အတွင်း ပြောင်းလဲပေးနိုင်တယ်လို့ ဆိုပါတယ်။ လျှို့ဝှက်ချက်ကတော့ ဝမ်းဗိုက်နဲ့ ခါးကြွက်သားတွေကို ဆွဲဆန့်တင်းရင်းစေတာ ဖြစ်တယ်လို့ သိရပါတယ်။


အဆင့် (၁) စတင်ခြင်း

လေ့ကျင့်ခန်းမလုပ်ခင် သွေးပူလေ့ကျင့်ခန်းနဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်တာက စိတ်ကူးကောင်းပါ။ သွေးပူလေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ လက်မောင်းနှစ်ဖက်ကို တင်ပါးပေါ်တင်ပြီး မတ်မတ်ရပ်ပါ။ ခြေထောက်နာကျင်မှု မရှိစေဖို့ ယောဂဖျာကို သုံးနိုင်သလို ကြမ်းခင်းပေါ်မှာ ရပ်လို့လည်း ရပါတယ်။ ဒါမှမဟုတ် ဝေါ့ကင်းရှူး စီးထားနိုင်ပါတယ်။


အဆင့် (၂) အဆင်သင့်အနေအထား

လက်နှစ်ဖက်ကို တင်ပါးပေါ်တင်ပြီး ခန္ဓာကိုယ်ဟန်ချက်ထိန်းကာ ပခုံးအကျယ်ထက် ပိုကျယ်တဲ့ အနေအထားမျိုးနဲ့ ခြေထောက်တွေကို ချဲရပ်ပေးရပါမယ်။ ခြေထောက်တွေက အပြင်ကို အနည်းငယ် ဖြန့်ထွက်နေသင့်ပါတယ်။


အဆင့် (၃) ကွေးခြင်း

လက်နှစ်ဖက်ကို ဒူးတွေပေါ်တင်ပြီး ခြေထောက်ကိုကွေးလိုက်ပါ။ ပေါင်ကြွက်သားတွေ အလုပ်လုပ်တာကို ခံစားရပါလိမ့်မယ်။ လှုပ်ရှားမှုအသီးအသီးကို ဖြည်းဖြည်းလုပ်ဆောင်ရင်း ခြေထောက်ကြွက်သားအားလုံး တင်းမာမှု ပြေလျော့တာကို ခံစားရနိုင်ပါတယ်။


အဆင့် (၄) လှည့်လည်ခြင်း

ဝမ်းဗိုက်ထိရောက်စေတဲ့ လေ့ကျင့်ခန်းပါ။ ကိုယ်ကိုကိုင်းပြီး ညာပခုံးကို ဘယ်ဘက်လှည့်ပါ၊ ဘယ်ပခုံးကို နောက်ဘက်လှည့်ပါ။ ပေါင်၊ ခါးနဲ့ နောက်ကျောကြွက်သားတွေ ပြေလျော့တာကို ခံစားရပါလိမ့်မယ်။ အချိန် ၃ စက္ကန့်လောက်ထားပြီး မူလအနေအထားပြန်နေပါ။


အဆင့် (၅) အသက်ရှူခြင်း

ဒီအနေအထားအတိုင်း အသက်ပြင်းပြင်း ရှူပေးသင့်ပါတယ်။


အဆင့် (၆) ထပ်ခါတလဲလဲ ပြုလုပ်ခြင်း

အဆင့် (၄) ကို ဆန့်ကျင်ဘက်လားရာအတိုင်း ထပ်လုပ်ပါ။ ဘယ်ဘက်ပခုံးကို ညာဘက်လှည့်ပါ။ ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်ပျော့ပျောင်း သန်စွမ်းစေပြီး ကျောပြင်ကို အနားရစေကာ ဝမ်းဗိုက်ကြွက်သားတွေကို တင်းရင်းစေပါတယ်။ အကောင်းဆုံးရလဒ်ရဖို့ ၁၀ ကြိမ်လောက် လုပ်ပေးသင့်သလို ပိုထိရောက်ကောင်းမွန်တဲ့ ရလဒ်ရရှိစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို တွဲဖက်စားသောက်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top