Healthy Life Ad
Health Tips

နေထိုင်မှုပုံစံနှင့် ဆီးချိုသွေးချိုရောဂါ အကြောင်း (Lifestyle and Diabetes)

ယခင်တစ်ပတ်မှအဆက်

—၊ ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—

သုတေသီတစ်ဦးအဖြစ် စတင်ဆောင်ရွက်ခြင်း

၂၀၁၆ ခုနှစ်မှာ စတင်းဖော့ဒ်ဆေးရုံ (Stanford Medical center) မှ သူရဲ့နှလုံးဆရာဝန် ဒေါက်တာဂွါဒီနို (Dr.Guardino) ရဲ့ တိုက်တွန်းချက်အရ သူရဲ့လေ့လာတွေ့ရှိချက်တွေကို လူအများအတွက် အကျိုးရှိစေဖို့ ရည်ရွယ်ပြီး စာတမ်းတင်ဖြစ်ခဲ့ပါတယ်။ သုတေသနစာတမ်းများ ရေးသားပြီး ပုံနှိပ်ထုတ်ဝေခွင့် ရရှိခဲ့ပါတယ်။ သူ့ရဲ့ပထမဦးဆုံး စာတမ်းကို IDF 2017 Abu Dabhi မှာ လက်ခံခွင့်ပြုချက် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဂျယ်ရီဟာ သူကိုယ်တိုင် ကျန်းမာလာတဲ့ လမ်းစဉ်ကို လူအများကို သင်ခန်းစာပေးပြီး နည်းပေးလမ်းပြနေရုံသာမက သူတွေ့ရှိထားတဲ့ Math-physical Medicine (MPM) သင်္ချာ-ရူပဗေဒ ဆေးကုနည်းကို စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ၂၀၁၈ ခုမှာတော့ စာတမ်းပေါင်း ၄၄ ခုကို တင်ခဲ့ပါတယ်။ ဆေးဂျာနယ်တွေမှာလည်း ဆောင်းပါး article ပေါင်း ၂၂ ခုကို ရေးသားဖြန့်ဝေနိုင်ခဲ့ပါတယ်။ ဆေးညီလာခံတွေသာမက ဆေးပညာမဟုတ်သော တခြားညီလာခံတွေမှာပါ ဟောပြောသူအဖြစ်လည်း ဖိတ်ကြားခြင်းများစွာ ခံယူရရှိခဲ့ပါတယ်။

“တစ်ကမ္ဘာလုံးမှာ ဆေးကုနေကြတဲ့ ဆီးချိုဆရာဝန်အားလုံးနဲ့ အာဟာရပညာရှင်တွေ အားလုံးရဲ့ လိုအပ်ချက် ရှိနေသေးတဲ့ အရေးကြီးဆုံးအချက်တစ်ခုကတော့ စားသောက်နေထိုင်မှုပုံစံ Lifestyle ပြောင်းလဲခြင်းကို စာတွေ့သာ ဆောင်ရွက်နေကြပြီး လက်တွေ့မှာ မအောင်မြင်ကြသေးခြင်းကို မီးမောင်းထိုးပြထားပါတယ်။ တကယ်လုပ်မှ တကယ်အောင်မြင်တာ တွေ့ရပါတယ်။”

ယခုနှစ် ၂၀၁၉ ခုမှာ ဟောပြောသူ Keynote speaker အဖြစ် ညီလာခံပေါင်းများစွာ ( ၁၀ဝကျော်) မှ ဖိတ်ကြားခံရပြီး ၂၈ ခုကို သွားရောက်ဖို့ ရွေးချယ်ထားကြောင်း သိရပါတယ်။ စာတမ်းပေါင်း ၅၈ ခု တင်ဖို့ရှိကြောင်း ပြောပါတယ်။ ဒီလို များပြားလှတဲ့ ဖိတ်ကြားမှုတွေအတွက် မအားလပ်နိုင်တဲ့ အစီအစဉ်တွေကြားက မြန်မာနိုင်ငံမှ MSEM မြန်မာနိုင်ငံ ဟော်မုန်းရောဂါအသင်းရဲ့ ဖိတ်ကြားချက်ကို နှစ်ကြိမ်ခန့်သာ စဉ်းစားပြီး လက်ခံဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် များစွာကျေးဇူးတင် ဂုဏ်ယူမိပါတယ်။ သူရဲ့ခံယူချက်တွေကတော့ တစ်ကမ္ဘာလုံးမှာ သူ့လိုခံစားနေရတဲ့ ဆီးချိုဝေဒနာရှင်တွေကို နောက်ဆက်တွဲဝေဒနာအပေါင်းမှ ကင်းဝေးစေလိုတဲ့ စေတနာ၊ အသက်တိုရခြင်းတွေမှ လွတ်ရုန်းစေနိုင်မယ့် စေတနာအပေါင်းတို့နဲ့ ကူညီပေးလိုတဲ့ ဆန္ဒအပြည့်ရှိကြောင်း သိရပါတယ်။ လက်ရှိကျန်းမာရေး တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်၊ သူနာပြု၊ အာဟာရပညာရှင်နဲ့ ပြည့်သူ့ကျန်းမာရေး ဆောင်ရွက်နေသူတွေ အားလုံမှတဆင့် သူရဲ့တွေ့ရှိခဲ့တဲ့ နေထိုင်မှုပုံစံ ပြုပြင်ခြင်းအကြောင်းအပါအဝင် သူတီထွင်ထားတဲ့ AI အေအိုင်ပစ္စည်းကို သုံးပြီး နယ်စည်းမခြားတဲ့ဆရာဝန် “Doctors without Distance” အဖြစ် နေရာတကာ ရောက်ရှိ အသုံးပြုနိုင်ကြစေလိုတဲ့ စေတနာတွေကို ဖော်ပြလိုက်တဲ့အတွက် များစွာလေးစားမိပါတယ်။

alignnone size-medium wp-image-56776

သူရဲ့ဟောပြောချက်တွေနဲ့တကွ သူရဲ့ဘဝကို လေ့လာခွင့်ရရှိခြင်း၊ သူရဲ့တွေ့ရှိတဲ့ သုတေသနတွေကို လေ့လာရခြင်းနဲ့ သူရဲ့တီထွင်ထားတဲ့ ဆီးချိုနှင့် အဝလွန်ခြင်းကို AI အေအိုင် ဦးနှောက်ဉာဏ်အတုနဲ့ ကုသနိုင်ခြင်းတွေကို သိရှိရတဲ့အတွက် ဆေးလောကမှ ဆရာဝန်များ၊ လူနာတွေရဲ့ အမြင်တွေကို ပြောင်းလဲစေခဲ့ပါတယ်။ လူနာများအဖို့ ရရှိနိုင်တဲ့ သင်ခန်းစာတွေကတော့ ချမ်းသာကြွယ်ဝခြင်းဟာ ဆီးချိုရောဂါကို ပိုဖြစ်စေတယ်၊ ပိုဆိုးစေတယ်၊ ကျန်းမာရေးကို ငွေဘယ်လောက်ရှိရှိ အဆင်သင့်ဝယ်ယူလို့ မရပါဘူး။ ဒါကြောင့် သူ့လို ချမ်းသာတဲ့သူပင်လျှင် မိမိကိုယ်ကိုမိမိ ပြုပြင်မှရမည့်အကြောင်း ၊ ခြိုးခြံပြီးစား၊ စားသင့်တာကိုပဲ ရွေးချယ်စားသင့်ကြောင်း၊ မိမိကိုယ်လက်လှုပ်ရှားမှုကို မိမိကသာ လုပ်ရမည်ဖြစ်ကြောင်း ဆရာဝန်နဲ့ ဆေးတွေကိုသာ အားမကိုးသင့်ကြောင်း စတဲ့ သင်ခန်းစာတွေ ရရှိခဲ့ပါတယ်။ လူနာတွေအဖို့ ဂျယ်ရီကဲ့သို့ မိမိရောဂါအကြောင်းကို မိမိ အသေးစိတ် နားလည်သဘောပေါက်အောင် လေ့လာမယ်ဆိုရင် အကောင်းဆုံးရလဒ်တွေ ရရှိနိုင်ကြောင်း သင်ခန်းစာယူသင့်ပါတယ်။ ဆေးကုသမှု ပေးသူတွေဘက်ကလည်း မိမိလူနာတွေနဲ့ လူနာမိသားစုတွေကို ကျန်းမာရေးပညာပေးတွေ ပိုပေးဖို့ ပညာပေးတာကို အလေးထားပြီး ဆေးတစ်ခွက်တိုက်သကဲ့သို့ သဘောထားသင့်ပါတယ်။

တစ်ကမ္ဘာလုံးမှာ ဆေးကုနေကြတဲ့ ဆီးချိုဆရာဝန်အားလုံးနဲ့ အာဟာရပညာရှင်တွေ အားလုံးရဲ့ လိုအပ်ချက်ရှိနေသေးတဲ့ အရေးကြီးဆုံး အချက်တစ်ခုကတော့ စားသောက်နေထိုင်မှုပုံစံ (Lifestyle) ပြောင်းလဲခြင်းကို စာတွေ့သာ ဆောင်ရွက်နေကြပြီး လက်တွေ့မှာ မအောင်မြင်ကြသေးခြင်းကို မီးမောင်းထိုးပြထားပါတယ်။ တကယ်လုပ်မှ တကယ်အောင်မြင်တာ တွေ့ရပါတယ်။ A1c သုံးလပျမ်းမျှသွေးချို အဖြေကောင်းဖို့ တစ်ခုတည်းသာမက လူတွေရဲ့ စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲဖို့ အားစိုက်ကြဖို့ နှိုးဆော်ပေးတဲ့ အကျိုးကျေးဇူးတွေ ရရှိခဲ့ပါတယ်။

စာရေးသူအနေနဲ့ ဤအတွေ့အကြုံတွေကို ဆီးချိုလူနာအပေါင်းနဲ့တကွ ဆီးချိုမဖြစ်သေးသူတွေ အားလုံးသာမက ဆီးချိုပြုစုစောင့်ရှောက်သူ ဆေးလောကပညာရှင်တွေ အားလုံးကပါ ဒီဆောင်းပါးကို ဖတ်ရှုသင်ခန်းစာတွေ ယူနိုင်ကြပါစေဟု ဆန္ဒပြုရင်း ဂျယ်ရီတစ်ယောက် အသက်များစွာရှည်ပြီး ဆက်လက်ကျန်းမာလျက် ရှိပါစေကြောင်း ဆုတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

Most Popular

Healthy Life Ad
To Top