———၊ လရိပ်မေ ၊———
မျက်တောင်တွေ ပါးလာတာက အိုမင်းမှုဖြစ်စဉ်ရဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ အသက်ကြီးလာချိန်မှာ သင့်မျက်တောင်တွေက အရင်လို ထူထဲရှည်လျားမှု မရှိတော့ဘူးဆိုရင် စိတ်မပူပါနဲ့။ ဒါက သဘာဝပဲ ဖြစ်ပါတယ်။ မျက်တောင်ကြီးထွားမှုမှာ အဆင့်လေးဆင့် ရှိပါတယ်။ ကြီးထွားတဲ့အဆင့်၊ နားနေတဲ့အဆင့်၊ ကျွတ်တဲ့အဆင့်နဲ့ ပြန်ပေါက်တဲ့အဆင့်ဆိုပြီး လေးဆင့်ရှိကာ မျက်တောင်တွေက ဒီလေးဆင့်အတိုင်း သံသရာလည်နေတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါ မျက်တောင်အိတ်တွေက ကြီးထွားနှုန်းနှေးတာ ဒါမှမဟုတ် ကြီးထွားနှုန်းရပ်တန့်တာတို့ ဖြစ်ပေါ်သွားပါတော့တယ်။
မျက်တောင်ကျွတ်စေသော အခြားအကြောင်းရင်းများ
အသက်ကြီးတာကြောင့် မဟုတ်ဘဲ မျက်တောင်ကျွတ်စေတဲ့ တခြားအကြောင်းတွေကတော့ –
မျက်တောင်တွေကို ခပ်ကြမ်းကြမ်းပွတ်တာ၊ မျက်စိကို ခပ်ကြမ်းကြမ်းပွတ်တိုက်တာကြောင့် မျက်ဝန်းအရေပြားကို ထိခိုက်စေပြီး မျက်တောင်တွေ ကျွတ်စေနိုင်ပါတယ်။
မျိုးဗီဇအရ မျက်တောင်ကျွတ်နှုန်းများတာကြောင့်လည်း ဖြစ်တတ်ပါတယ်။
တချို့ဆေးဝါးမှီဝဲတာနဲ့ ဆေးကုသမှုတချို့ကြောင့် မျက်တောင်တွေ ကျွတ်တတ်ပါတယ်။
မျက်တောင်သန်စွမ်းစေရန် လိုက်နာသင့်သော အချက်များ
မျက်တောင်သန်စွမ်း ထူထဲလှပစေဖို့ မျက်စိနဲ့ မျက်တောင်တွေမှာ နေရောင်ခြည်၊ လေဒဏ်နဲ့ အညစ်အကြေးတွေ မကပ်ငြိအောင် ကာကွယ်ဖို့ လိုပါတယ်။
မက်စ်ကာရာ
အမျိုးသမီးအများစုဟာ အများအားဖြင့် မျက်တောင်ရှည်စေ၊ ထူထဲစေတဲ့ မက်စ်ကာရာကို သုံးလေ့ရှိကြပါတယ်။ လိုက်နာသင့်တဲ့ အချက်ကတော့ မျက်ဝန်းပိုးဝင်တဲ့ အန္တရာယ်ကို ရှောင်လွှဲနိုင်ဖို့ မက်စ်ကာရာကို သုံးလကြာတိုင်း အသစ်လဲပေးသင့်ပါတယ်။
မျက်တောင်ရှည်စေသော ဆီကြည်
ဗီတာမင်နဲ့ အစိုဓာတ်ထိန်းနိုင်တဲ့ အဆီပါဝင်တဲ့ ဆီကြည် (Lash-boosting Serum) က မျက်တောင်တွေကို ရှည်လျားထူထဲစေပါတယ်။
မျက်တောင်တု
မျက်တောင်တုကို မျက်ခမ်းပေါ်မှာ ကပ်လိုက်၊ ခွာလိုက် လုပ်တာကြောင့် ပင်ကိုမျက်တောင်တွေမှာ ဒဏ်ဖြစ်ကာ ကျွတ်လွယ်စေပါတယ်။
မျက်တောင်စိုက်ခြင်း
သင့်မျက်တောင်တွေက အလွန်အမင်း ပါးလျနေတယ်လို့ သတိပြုမိရင် အရေပြားအထူးကု ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ အခုအခါမှာ မျက်တောင်ထူထဲအောင် မျက်တောင်စိုက်နည်းကိုလည်း လုပ်ဆောင်လို့ ရနေပြီ ဖြစ်ပါတယ်။
(Ref;healthywomen)