Healthy Life Ad
Health Tips

ပျော်ရွှင်မှုဆိုသော ထိုအရာ….မဝေးပါ..

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

‘ပျော်ရွှင်မှု’ဆိုတဲ့ အရာက ‘ကျန်းမာခြင်း’နဲ့ ဒွန်တွဲနေတာပါ။ ဘဝမှာ အရေးပါတဲ့ အရာက ဘာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်တဲ့အခါ အလုပ်အကိုင်၊ ငွေကြေး၊ ပေါင်းသင်းဆက်ဆံရေး၊ အချစ်ရေး၊ ပစ္စည်းဥစ္စာ၊ နာမည်ဂုဏ်သတင်း၊ ကျော်ဇောမှု စတဲ့အဖြေတွေ ထွက်လာနိုင်ပေမယ့် ဒီအရာတွေက ‘ပျော်ရွှင်မှု’ရဲ့ အခြေခံကျတဲ့ အဖြေတွေဖြစ်တာကြောင့် ပျော်ရွှင်မှုရဖို့ အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

(၁) လေ့ကျင့်ခန်းလုပ်ပါ

ကျန်းမာရေးကောင်းဖို့အတွက် ခန္ဓာကိုယ်သန်စွမ်း ကြံ့ခိုင်ကျန်းမာရေးက အရေးပါပါတယ်။ ပျော်ရွှင်မှုနဲ့ ခန္ဓာကိုယ် သက်သောင့်သက်သာ ရှိမှုတို့ကို ကျန်းမာရေးကောင်းမွန်မှ ရနိုင်တာပါ။ လေ့ကျင့်ခန်းကို အသင့်အတင့်လုပ်တာတောင် သင့်စိတ်ခံစားမှုကို အကြီးအကျယ် ကောင်းမွန်စေပါတယ်။

(၂) စွမ်းအားပြည့်အောင် စားပါ

မျှတကောင်းမွန်တဲ့ အစားအစာတွေကို စားသုံးတာကြောင့် သင့်ကို စိတ်စွမ်းအားပြည့်ဝစေပြီး ရောဂါဝေဒနာတွေ ကင်းဝေးစေပါတယ်။

(၃) ကြည်နူးမှုရရန် ကြိုးစားပါ

အပန်းဖြေအနားယူတာ၊ တရေးအိပ်တာ၊ ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဆော့ကစားတာ.. စတာတွေက ပျော်ရွှင်မှုရစေတဲ့ စိတ်ကြည်နူးဖွယ်ရာ နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။

(၄) မိမိကိုယ်ကိုယ် အကောင်းမြင်ပါ

မိမိကိုယ်ကိုယ် အကောင်းမြင်စိတ်ရှိတာက ပျော်ရွှင်မှုရဲ့ အရေးပါတဲ့ အခြေခံအချက် ဖြစ်ပါတယ်။

(၅) ငြိမ်းချမ်းရေးကို တည်ဆောက်ပါ

ပျော်ရွှင်မှုရဖို့အတွက် အိမ်တွင်းငြိမ်းချမ်းရေးကောင်းအောင် တည်ဆောက်ပေးပါ။ ဆူပူကြိမ်းမောင်းတာနဲ့ ဒေါသကြီးတာကို ရှောင်ရှားတာက အိမ်၊ ရုံးနဲ့ ပတ်ဝန်းကျင်မှာ ပြဿနာတွေ ကင်းစေမယ့် နည်းတွေဖြစ်ပါတယ်။

(၆) စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ

ဆေးလိပ်သောက်တာ၊ အရက်သောက်တာနဲ့ အစာကို အလွန်အမင်းစားတာတွေလို နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို မဖြေရှင်းပါနဲ့။ စိတ်ဖိစီးမှုထိန်းချုပ်နိုင်ဖို့ –

• အခြားသူများကို ပြောပြပါ – သူငယ်ချင်းကောင်း ဒါမှမဟုတ် အိမ်ထောင်ဖက်ထံ သင့်ခံစားချက်ကို ပြောပြတာက စိတ်ဖိစီးမှု ပြေလျော့စေတဲ့ နည်းလမ်းကောင်းပါ။

• ငိုကြွေးပါ – စိတ်ဖိစီးမှုနဲ့ ဝမ်းနည်းမှုတွေ ခံစားနေရတဲ့အခါ ငိုကြွေးလိုက်တာက စိတ်ခံစားမှု ကောင်းစေပြီး အနာကျက်စေပါတယ်။

• စာရေးခြင်း၊ အနုပညာဖန်တီးမှုတို့ လုပ်ကာ ခံစားချက်ကို ဖော်ပြပါ – သင့်ခံစားချက်အား တခြားသူတွေကို မပြောပြနိုင်ရင် စာရေးတာ၊ အနုပညာဖန်တီးတာ စတဲ့နည်းတွေနဲ့ စိတ်ဖိစီးမှုကို ဖွင့်ဟလိုက်ပါ။

• လမ်းလျှောက်ပါ – လမ်းလျှောက်တာက စိတ်ဖိစီးမှုကို လျော့ကျစေပြီး ထိန်းချုပ်နိုင်တဲ့ နည်းကောင်းတစ်ခုပါ။

(၇) မူးယစ်စေတတ်သော အရာများ ရှောင်ပါ

မူးယစ်စေတတ်တဲ့ ဆေးဝါးတွေ၊ အရက်နဲ့ ဆေးလိပ်ကို အလွန်အမင်းသုံးတာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီလို မူးယစ်စေတဲ့အရာတွေကို အလွန်အကျွံ သုံးစွဲမိရင် အထီးကျန်တာ၊ အလုပ်နဲ့ ရုံးမှာ အခက်အခဲတွေ ဖြစ်တာတွေ ကြုံတွေ့ရကာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

(၈) ဒေါသနှင့် ရန်လိုမှုကို ထိန်းချုပ်ပါ

နောက်တစ်ကြိမ် သင်ဒေါသထွက်တော့မယ်ဆိုရင် ဒေါသထွက်စေတဲ့ အကြောင်းရင်းကို အရင်ဆန်းစစ်ကြည့်ပါ။ ဒေါသထွက်တဲ့အခါ ရေအေးတစ်ခွက်ကိုသောက်ပြီး တစ်ကနေ ၁၀ အထိ ရေတွက်လိုက်ပါ။ ဒေါသမပြေသေးရင် လူရှင်းတဲ့နေရာတွေမှာ သွားအော်ပါ။ စိတ်ကို ပေါ့ပါးလန်းဆန်းသွားစေပါတယ်။

(၉) အရာရာကို အပြုသဘောဖြင့် တွေးပါ

အရာရာကို အပြုသဘောနဲ့ တွေးတောတာက ဘဝမှာ ဘယ်လိုလောကဓံမျိုးကိုပဲကြုံကြုံ ရင်ဆိုင်နိုင်ပါလိမ့်မယ်။

(၁၀) အပြစ်တင်ခြင်းကို ရှောင်ရှားပါ

အပြစ်တင်တတ်တဲ့စိတ်ဟာ မိမိရဲ့စိတ်ကိုလည်း ညစ်ညူးစေပါတယ်။ ဒါကြောင့် အပြစ်တင်တတ်တဲ့စိတ်ကို ဖယ်ရှားနိုင်ဖို့ ကြိုးစားကြည့်လိုက်ပါ။

(၁၁) တရားထိုင်ပါ၊ ဆုတောင်းပါ

ဆုတောင်းတာက နည်းလမ်းပေါင်းများစွာထက် ပိုပြီး သင့်ကို စိတ်ကြည်နူးချမ်းမြေ့မှု ရရှိစေပါတယ်။ စိတ်ဓာတ်တက်ကြွအောင် မြှင့်တင်ပေးနိုင်ပြီး စိတ်ဖိစီးမှုနဲ့ ပူပင်မှုတို့ လျော့ကျစေကာ အကောင်းမြင်စိတ်ကို တိုးစေပါတယ်။

(၁၂) အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးပါ

ဘာကိုပဲလုပ်လုပ် အစွန်းရောက်လုပ်တတ်တဲ့ အကျင့်ကိုရှောင်ပြီး အလယ်အလတ်ကျင့်စဉ်အတိုင်း လုပ်တာက အကောင်းဆုံးရလဒ်ကို ရရှိစေပါတယ်။ ကျန်းမာရေးအတွက် နေထိုင်စားသောက်ရာမှာ တန်ဆေးလွန်ဘေးဆိုတဲ့ စကားလုံးကို ကျင့်သုံးပေးပါ။

Most Popular

Healthy Life Ad
To Top