Healthy Life Ad
Health Tips

ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်မှုဘဝကြောင့် အိမ်ရှင်မများရရှိသည့် အကျိုးကျေးဇူး

———၊ ငွေကြယ်စင်ယံ ၊———

အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးဟာ သူရဲ့နိစ္စဓူဝ အလုပ်ကိစ္စတွေမှာ ပျော်မွေ့ပြီး ဝါသနာပါရာ အလုပ်တွေကိုလည်း လုပ်ခွင့်ရနေမယ်ဆိုရင် လူမှုဆက်ဆံရေးလည်း ကောင်းမွန်နေပါလိမ့်မယ်။

အိမ်ထောင်မှုဘဝမှာ အဆင်ပြေတဲ့ အမျိုးသမီးတစ်ယောက်က အိမ်ထောင်မှုဘဝမှာ အဆင်မပြေတဲ့ အမျိုးသမီးနဲ့နှိုင်းယှဉ်ရင် အလုပ်လုပ်တဲ့အခါ လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်း (Cortisol) ထွက်နှုန်းနည်းပြီး စွမ်းဆောင်ရည် ပိုကောင်းနေတတ်ပါတယ်။

အလုပ်လုပ်တဲ့ အိမ်ရှင်မဟာ အိမ်ထောင်ရေးသာ အဆင်ပြေနေတယ်ဆိုရင် ဘဝအပေါ် အကောင်းမြင်စိတ် ပိုရှိတတ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သည်ဘဝကြောင့် သူ့အပေါ် ဖိအားကျရောက်ခဲ့ရင်တောင် သက်ရောက်မှုနည်းပါးပြီး ပျော်ရွှင်မှုရရှိကာ နေရတဲ့ဘဝမှာ အဓိပ္ပာယ်ရှိနေတတ်ပါတယ်။

ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝဟာ အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ပိုင်ဘဝမှာရော လုပ်ငန်းခွင်ဘဝမှာပါ အောင်မြင်မှုကို ရရှိစေတယ်လို့ လေ့လာသူတွေက သက်သေပြနိုင်ခဲ့ပါတယ်။

လိုအပ်ချက်ကို နားလည်ပြီး အကူအညီပေးတဲ့ ဘဝအဖော်ရှိတာက အမျိုးသမီးတွေရဲ့ လူမှုဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပါတယ်။ လူတွေနဲ့ အဆင်ပြေပြေ လိုက်လျောညီထွေ နေတတ်လို့ပါ။

ပျော်ရွှင်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေက မပျော်ရွှင်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေထက် စိတ်ဖိစီးမှုများတဲ့ အခြေအနေကို ညှိနှိုင်းနိုင်ပါတယ်။ စိတ်ဖိစီးမှု များနေသူတွေကိုလည်း ကူညီနိုင်ပါတယ်။

အိမ်ထောင်ရေးအဆင်ပြေတဲ့ အမျိုးသမီးတွေက အလုပ်မှာရော အိမ်မှာပါ လိုအပ်ချက်တွေကို ကောင်းကောင်းကိုင်တွယ် ထိန်းချုပ်နိုင်ပါတယ်။ သူဟာ တစ်ချိန်တည်းမှာ ဇနီးကောင်း၊ မိခင်ကောင်းနဲ့ တော်တဲ့လုပ်ငန်းရှင် ဖြစ်နေနိုင်ပါတယ်။

မသာယာတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေဟာ စိတ်ဓာတ်ကျတာ၊ တာရှည်နုံးနေတာတွေ ခံစားရပြီး စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေ ဖြစ်တတ်ပါတယ်။

အိမ်ထောင်ရေး ပျော်ရွှင်ချမ်းမြေ့မှုကြောင့် အမျိုးသမီးတွေက လူမှုဘဝအဖွဲ့အစည်းကို ကောင်းကောင်းထောက်ပံ့မှု ပေးနိုင်ပါတယ်။ ကလေးတွေက ကျန်းကျန်းမာမာ ကြီးပြင်းလာပြီး ခင်ပွန်းသည်ကိုလည်း ကျန်းမာအောင် ပံ့ပိုးပေးနိုင်ပါတယ်။ အလုပ်လုပ်သူဖြစ်ရင် အလုပ်မှာလည်း ကောင်းကောင်းဆောင်ရွက်နိုင်ကာ အလုပ်နဲ့အိမ်ကို ဟန်ချက်ညီညီ ထိန်းနိုင်စွမ်း ရှိတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top