Healthy Life Ad
Health Tips

COVID-19 ရောဂါနှင့် စိတ်ကျန်းမာရေး

———၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။ ၊———

COVID-19 ရောဂါကြောင့် စိတ်ကျန်းမာရေး ထိခိုက်မှု ရှိနိုင်သလား၊ ရှိနိုင်တယ်ဆိုရမယ်။

(က) COVID-19 ရောဂါ မခံစားရပေမယ့် ပြည်သူလူထုထဲမှာ ဖိစီးမှုဒဏ်ခံစားရသူ ၂၅ ရာခိုင်နှုန်းမှ ၃၇ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဖိစီးမှုခံရဖို့ အလားအလာများတဲ့ အုပ်စုလေးမျိုးရှိတယ်လို့ Black Dog Institute 09/2020 က ထောက်ပြထားတယ်။

(၁) မူလကတည်းက စိုးရိမ်စိတ်များသူတွေထဲမှာ ရောဂါကြောင့်ကြစိတ် လွန်ကဲဝေဒနာ၊ စိုးရိမ်စိတ်လွန်ကဲရောဂါနဲ့ စိတ်ကျရောဂါတွေ ပိုမိုဖြစ်ပွားလာနိုင်ပါတယ်။

(၂) ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်၊ သူနာပြုနဲ့ ဆေးရုံဆေးခန်း အမှုထမ်းတွေဖြစ်တယ်။ COVID-19 ကပ်ရောဂါကာလမှာ ဆေးရုံဆေးခန်းကို လာရောက်ကုသသူတွေများမယ်။ ပုံမှန်အလုပ်တာဝန်ထက် ပိုမိုလုပ်ကိုင်နေရပြီး မနိုင်မနင်းဖြစ်နိုင်တယ်။ ဆရာဝန်နဲ့ သူနာပြုတွေက COVID-19 လူနာကို ကုသပေးတဲ့အခါမှာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ပေးနေရတယ်။ ဆေးရုံတင်ကုသဖို့ လိုအပ်သလား၊ အောက်ဆီဂျင်ပေးဖို့ လိုသလား၊ အထူးကြပ်မတ်ကုသဆောင် (ICU)မှာ ပြောင်းရွှေ့ထားရမယ့် လူနာလား၊ အသက်ရှူစက် တပ်ဆင်ပေးဖို့ လိုအပ်လာပြီလား စတဲ့ဆုံးဖြတ်ချက်တွေ ဖြစ်တယ်။ ဒီလိုဆုံးဖြတ်ချက်က တချို့လူနာတွေအတွက် သေရေးရှင်ရေး ပြဿနာဖြစ်တယ်။ ဒီလိုဆုံးဖြတ်ချက်က တချို့လူနာတွေအတွက် သေရေးရှင်ရေး ပြဿနာဖြစ်တယ်။ အခြေအနေ ဆိုးရွားတဲ့ လူနာတွေ များပြားပြီး အသက်ရှူစက် မလုံလောက်ဖြစ်နေရင် ဆရာဝန်က ဘယ်သူ့ကို ဦးစားပေးရမလဲဆိုတာ ဆုံးဖြတ်ရတယ်။ ဒါကြောင့် ဆရာဝန်သူနာပြုတွေက “ဘုရားသခင်လို ဆုံးဖြတ်ပေးနေရတယ်”လို့ ညည်းတွားနေကြပါတယ်။ မိမိရှေ့မှာ လူနာအများအပြား သေဆုံးသွားတာကို နေ့စဉ်မြင်တွေ့နေရတာလည်း ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ ဘေးအန္တရာယ်ကြုံပြီး ဖြစ်ပွားစိတ်ဖိစီးမှုရောဂါ (PTSD) ခံစားရတာ ဖြစ်ပေါ်လာနိုင်တယ်။ မိမိနဲ့ မိမိရဲ့မိသားစုကို ရောဂါကူးစက်ခြင်းခံရမှာကိုလည်း စိုးရိမ်နေကြရတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေကို လက်ခုပ်လက်ဝါးတီးပြီး ချီးကျူးနေကြတာပါ။

(၃) Quarantine လုပ်ခံရသူများ။ COVID-19 ရောဂါ မခံစားရသေးပေမယ့် ရောဂါကူးစက်ခံရနိုင်ခြေရှိလို့ သီးသန့်ထားပြီး ကြည့်ရှုစစ်ဆေး ခံရသူတွေထဲမှာလည်း စိတ်ကျန်းမာရေး ချို့တဲ့လာနိုင်တယ်။ မိသားစုနဲ့ ခွဲခွာနေရခြင်း၊ ရောဂါရရှိလာမှာကို စိုးရိမ်ပူပင်ခြင်း၊ မိမိကတဆင့် တခြားသူရောဂါ ကူးစက်ခံရမှာကို စိုးရိမ်စိတ်ရှိခြင်း၊ နေထိုင်စားသောက်ရေး အဆင်မပြေခြင်း၊ အလုပ်အကိုင်ပျက်ခြင်း၊ မိသားစုဝင်ငွေ ကျဆင်းခြင်း၊ ရောဂါရှိနိုင်သူဖြစ်နေလို့ ရပ်ကွက်ထဲမှာ ခွဲခြားဆက်ဆံတာ ခံရခြင်း စတဲ့ ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရတယ်။ ဒါကြောင့် အမျက်ဒေါသပွားများလာခြင်း၊ အထီးကျန်ခံစားရခြင်း၊ ပျင်းရိငြီးငွေ့ခြင်း၊ စိတ်ကျရောဂါနဲ့ ဖိစီးမှုအပြင်းစားရောဂါ (Stress Disorder) တွေ ပိုမိုခံစားရပါတယ်။

မိမိနေအိမ်မှာ Self-Isolation လုပ်ခံခြင်းနဲ့ တပြည်လုံး Lockdown အခြေအနေကြောင့် အိမ်ထဲမှာ အနေများလာကြတယ်။ ဒါကြောင့် အင်္ဂလန်၊ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတွေမှာ အရက်သုံးစွဲမှု များပြားလာတာ တွေ့ရှိရတယ်။ အဲဒီနိုင်ငံတွေမှာ Lockdown အချိန်ကာလအတွင်း အရက်ရောင်းရတဲ့ ပမာဏက ၂၂ ရာခိုင်နှုန်းမှ ၅၅ ရာခိုင်နှုန်းအထိ ပိုမိုတိုးပွားလာတယ်လို့ သိရတယ်။ ဖိစီးမှု ခံစားနေရသူတွေ အရက်မူးတော့ မိသားစုအတွင်း အကြမ်းဖက်မှုလည်း ပိုမိုများပြားလာပါတယ်။ သြစတြေးလျနိုင်ငံမှာ မိသားစုအတွင်း အကြမ်းဖက်မှု ၂၀ ရာခိုင်နှုန်း ပိုမိုများပြားလာတယ်။ အကြမ်းဖက်မှုကြောင့် ဒဏ်ရာရရှိလို့ အရေးပေါ်ဆေးခန်းကို လာရောက်ပြသရသူ ၁၅ ရာခိုင်နှုန်း ပိုမိုများပြားလာပါတယ်။

(၄) COVID-19 ရောဂါကပ်ကာလမှာ Lockdown အခြေအနေတွေကြောင့် အလုပ်လက်မဲ့ဖြစ်သူနဲ့ စီးပွားရေးလုပ်ငန်းပျက်စီးသူ အများအပြားရှိလာပါတယ်။ သြစတြေးလျနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ ၅ ရာခိုင်နှုန်းကနေပြီး ၇ ရာခိုင်နှုန်းကျော်အထိ တိုးတက်များပြားလာတယ်။ အဲဒီလို အခက်အခဲနဲ့ ကြုံတွေ့နေရသူတွေထဲမှာ ဖိစီးမှုရောဂါ၊ စိုးရိမ်လွန်ကဲရောဂါနဲ့ စိတ်ကျရောဂါ ဖြစ်ပွားမှုနှုန်း များပြားလာနိုင်ပါတယ်။ ဒါကြောင့် လူထုတွင်း စိတ်ကျန်းမာရေး မြှင့်တင်ပေးမယ့် စိတ်ကျန်းမာရေးဝန်ဆောင်မှု အစီအစဉ်ကို သြစတြေးလျနိုင်ငံ အစိုးရက အတည်ပြုချမှတ်ထားတဲ့ သတင်းကို ဖတ်လိုက်ရပါတယ်။ မြန်မာနိုင်ငံမှာလည်း အစိုးရနဲ့ ပရဟိတအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်နေကြတာကို တွေ့ရှိရပါတယ်။

(ခ) COVID-19 ရောဂါ ခံစားရပြီးလျှင်

COVID-19 ရောဂါ ခံစားရပြီးရင် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့ ရောဂါတစ်မျိုး ရှိပါတယ်။ ခန္ဓာကိုယ်ရောဂါလိုလို၊ စိတ်ရောဂါလိုလို ဝေဒနာဖြစ်တယ်။ “ဗိုင်းရပ်စ်ပိုးဝင်ပြီးဖြစ်တဲ့ အလွန်အမင်း မောပန်းနွမ်းနယ်ဝေဒနာ” (Post-Vital Fatigue Syndrome) လို့ ခေါ်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ ဒီလိုပါ။ (၁) အလုပ်အကိုင်ကလေးတစ်ခုခု ပြုလုပ်ပြီးတိုင်း အလွန်အမင်း မောပန်းလာသလို ခံစားရတယ်။ လုပ်ကိုင်နေကျ နေ့စဉ်လုပ်ငန်းဆောင်တာကို ပြီးစီးအောင် မလုပ်နိုင်တော့ဘူး။ (၂) အိပ်ရေးပျက်ခြင်း-ညအချိန်မှာ အိပ်ပျော်ဖို့ခက်ခဲမယ်။ နေ့လယ်နေ့ခင်းမှာ အိပ်ရေးမဝသလိုရှိမယ်။ အိပ်ငိုက်မယ်။ (၃) စဉ်းစားတွေးတောနိုင်မှု ချို့ယွင်းခြင်း- ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်သလို စိတ်ပင်ပန်းလွယ်နေတယ်။ မှတ်ဉာဏ်အားနည်းလာမယ်။ (၄) အမြဲလိုလို ခေါင်းကိုက်တာ၊ ခြေလက်နာကျင်ကိုက်ခဲတာ၊ လမ်းလျှောက်ရင် ဒယီးဒယိုင်ဖြစ်တာ စတဲ့ လက္ခဏာတွေလည်း ရှိနိုင်တယ်။ COVID-19 ရောဂါနဲ့ တစ်ဝမ်းကွဲတော်တဲ့ SARS ဗိုင်းရပ်စ်ရောဂါဖြစ်ပွားပြီးရင် လူနာ ၁၂ ရာခိုင်နှုန်းက PVFS ရောဂါ ရရှိခံစားရတာ တွေ့ရှိရတယ်။ ဒါကြောင့် COVID-19 ရောဂါ ရရှိပြီးရင် အလားတူဖြစ်ပွားနှုန်း ရှိနိုင်တယ်လို့ (Myalgic-Encephalomyelitis Association-Australia) (MEA) က သတိပေးထားတာ ရှိပါတယ်။ PVFS ရောဂါ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းတစ်ခုကတော့ ကိုယ်ခံအားအင်္ဂါစု (Immune System) တုံ့ပြန်မှုအရှိန်လွန်နေလို့ Cytokines ဓာတ် အရှိန်မပြေသေးလို့ ဖြစ်နိုင်ပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ရေးပျက်ခြင်း စတဲ့လက္ခဏာတွေရှိတော့ PVES ရောဂါကို စိတ်ကျရောဂါနဲ့ မှားယွင်းနိုင်ပါတယ်။ စိတ်ညစ်ညူးခြင်း၊ အကြောင်းမဲ့ငိုယိုခြင်း၊ သိမ်ငယ်စိတ်များပြားလာခြင်း၊ မိမိကိုယ်မိမိ အပြစ်တင်နေခြင်း၊ မျှော်လင့်ချက်ကုန်ဆုံးခြင်း စတဲ့ အဆိုးမြင်အယူအဆတွေ ရှိလာရင် စိတ်ကျရောဂါလို့ ယူဆနိုင်ပါတယ်။

PVES ရောဂါ ခံစားရရင် ဘာလုပ်သင့်သလဲ။

MEA အဖွဲ့က အကြံပေးညွှန်ကြားချက်တွေကို လက်ဆင့်ကမ်းလိုက်မယ်။

(၁) ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် မလုပ်နဲ့။ ကိုယ်လက်လှုပ်ရှားမှုနဲ့ အနားယူအပန်းဖြေမှုကို သမမျှတအောင် နေရမယ်။

(၂) PVFS ရောဂါ ခံစားနေရသူက လိမ်ညာနေတာ မဟုတ်ပါဘူ။ အလုပ်မှ ခွင့်ယူသင့်ရင် ခွင့်ယူပြီး အနားနေရမယ်။ ပတ်ဝန်းကျင်က နားလည်ပေးရမယ်။

(၃) နောက်ထပ် စိတ်ဖိစီးမှုမခံစားရအောင် ဂရုစိုက်ရတယ်။ ရောဂါအကြောင်းတွေးပြီး ရောဂါကြောင့်ကြစိတ် များမနေသင့်ဘူး။

(၄) အိပ်စက်ခြင်း- အိပ်မပျော်ပေမယ့် အိပ်ရာထဲမှာ နေ့ရာညပါ လဲလျောင်းနေတာမျိုး မလုပ်သင့်ဘူး။ ညအချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်အောင် နည်းလမ်းကောင်းတွေကို အသုံးပြုရမယ်။ Sleep Hygiene ပြောတာပါ။

(၅) ကုသဆေး- PVFS ရောဂါအတွက် အသုံးပြုနိုင်တဲ့ ဆေးမရှိပါဘူး။ အာဟာရပြည့်ဝဖို့တော့ လိုအပ်တယ်။ အစာအာဟာရ မလုံလောက်ရင် ဗီတာမင်မျိုးစုံ၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ်ပါတဲ့ ဆေးလုံးကို ဖြည့်စွက်သုံးစွဲနိုင်ပါတယ်။

(၆) PVFS ရောဂါသက်အချိန်ကာလ တစ်လကျော်သွားရင် ဆရာဝန်နဲ့ ဆေးစစ်ခံဖို့ MEA အဖွဲ့က တိုက်တွန်းထားပါတယ်။

Most Popular

Healthy Life Ad
To Top