Healthy Life Ad
Health Tips

အဆီကျဆေးနဲ့ ပိန်ဆေးက တူပါသလား . . .

—၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ပိန်ချင်လို့ဆိုပြီး အဆီကျဆေးသောက်နေသူတွေ ရှိလို့ပါ။ အဆီကျဆေးနဲ့ ပိန်ဆေးက တူပါသလား ဆရာ။

A. အဆီကျဆေးနဲ့ ပိန်ဆေးက မတူပါဘူး။ ပိန်ချင်လို့ဆိုပြီး အဆီကျဆေးသောက်တာက မှားပါတယ်။ Primary Preventation ဆိုတဲ့ ဘာရောဂါမှ မရှိခင်ကတည်းက ဆေးကိုကြိုသောက်တဲ့နည်းအနေနဲ့ကတော့ ဘာ Risk မှမရှိဘဲနဲ့ အဆီကျဆေးကို သောက်မယ်ဆိုရင်တော့ ဆရာတို့က ခွင့်မပြုပါဘူး။ သုသေတနစာတမ်းတချို့အရ ဘာ Risk မှ မရှိဘဲနဲ့ အဆီကျဆေးကို သောက်လိုက်မယ်ဆိုရင် ဆီးချိုရောဂါကို ဖြစ်စေနိုင်ပါတယ်လို့ စာတမ်းထွက်လာပါတယ်။ ဒါ့အပြင် အဆီကျဆေးကိုယ်တိုင်ရဲ့ ဘေးထွက်ဆိုးကျိုးကတော့ အသည်းကို တစ်ခါတစ်ရံ ထိခိုက်နိုင်ပါတယ်။ ပြီးတော့ ခြေသလုံးကြွက်သားတွေ နာတာဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဘာမှမဖြစ်ဘဲနဲ့ အဆီကျဆေးကို ပိန်ဆေးဆိုပြီး သောက်တာကို ခွင့်မပြုပါဘူး။

တကယ်အဆီတက်နေပြီဆိုရင်တော့ အဆီကျဆေးကို သောက်ရပါလိမ့်မယ်။ အဆီကလည်း နှစ်မျိုးရှိပါတယ်။ ကိုယ်တွင်းအဆီ (Viseral Fat)နဲ့ ပြင်ပအဆီဆိုပြီး ရှိပါတယ်။ ဝတိုင်းလည်း ကိုယ်တွင်းအဆီ များချင်မှများပါလိမ့်မယ်။ ပိန်သော်လည်း ကိုယ်တွင်းအဆီ များချင်များနေနိုင်ပါတယ်။ ကိုယ်တွင်းအဆီ များ၊ မများ ဆိုတာကို ဘယ်လိုသိသလဲဆိုရင် ခါးတုတ်တာနဲ့ သိနိုင်ပါတယ်။ ဗိုက်ပူပြီးဝတာထက် ခါးတုတ်တာက ပိုဆိုးပါတယ်။ ခါးကိုတိုင်းမယ်ဆိုရင် နံရိုးနဲ့ တင်ပါးဆုံရိုးနှစ်ခုရဲ့ အလယ်တည့်တည့်ကို တိုင်းရပါတယ်။ ပေကြိုးနဲ့တိုင်းလိုက်လို့ အမျိုးသားက ခါး ၃၆ လက်မ၊ မိန်းမက ၃၂ လက်မထက် မကျော်ရပါဘူး။ ကျော်တယ်ဆိုရင် ဗိုက်ပူတယ်၊ ကိုယ်တွင်းအဆီများတယ်လို့ သတ်မှတ်ပါတယ်။ ဒါကို Metabolic Syndrome လို့ ခေါ်ပါတယ်။ အဲဒီလိုဖြစ်ပြီဆိုရင် သွေးချိုဆီးချိုရောဂါ၊ အဆီများတာ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေ အကုန်ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် အခုနောက်ပိုင်းမှာ ဆရာတို့က မဝစေနဲ့လို့ မှာတာထက် ခါးမတုတ်စေနဲ့လို့မှာတာ ပိုများပါတယ်။

“သွေးတွင်းအဆီများနေလို့ အဆီကျဆေးကို သောက်တယ်။ သုံးလလောက်နေလို့ ပြန်စစ်တဲ့အချိန်မှာ အဆီက ပုံမှန်ဖြစ်သွားတယ်ဆိုတာနဲ့ အဆီကျဆေးကို ရပ်ပစ်လိုက်လို့မရပါဘူး။ အဆီကျဆေးကိုပေးတာက အဆီကျရုံတင်မကဘဲ သွေးခဲတာကိုလည်း ကာကွယ်ပေးပါတယ်၊ နှလုံးသွေးကြောပိတ်တာကိုလည်း ကာကွယ်ပေးပါတယ်” . . .

Q. အဆီများ၊ မများ သေချာသိအောင် ဘယ်လိုစမ်းသပ်စစ်ဆေးလို့ ရပါသလဲ ဆရာ။

A. အဆီများ၊ မများကို သေချာသိချင်ရင် အာထရာဆောင်း ရိုက်ကြည့်လို့ရပါတယ်။ အာထရာဆောင်း ရိုက်ကြည့်လိုက်ရင် အသည်းအဆီဖုံးနေတာကို တွေ့ရရင် သွေးတွင်းအဆီများနေတယ်လို့ သိနိုင်ပါတယ်။ နောက်ထပ် ပိုပြီးတိကျချင်ရင် CT Scan ရိုက်လို့လည်းရပါတယ်။ ဒါပေမဲ့ သွေးတွင်းအဆီများတာကို သိချင်လို့ CT Scan ရိုက်တယ်ဆိုတာတော့ သိပ်မရှိပါဘူး။ တကယ်အဆီများနေပြီဆိုရင်တော့ ဆေးသောက်ရပါလိမ့်မယ်။ ဆေးတွေကလည်း မျိုးစုံတော့ရှိပါတယ်။ Atovastin ကို Statin အုပ်စုလို့ ခေါ်ပါတယ်။ အဲဒါကတော့ သွေးတွင်းအဆီများနေသူတွေ အဓိက သောက်ရမယ့် ဆေးပါပဲ။Atovastin ကို အကြာကြီးစွဲသောက်ရင် အဆီကျရုံတင်မကပါဘူး။ သွေးခဲတာကိုလည်း ကာကွယ်ပေးပါတယ်၊ နှလုံးသွေးကြောပိတ်တာကိုလည်း ကာကွယ်ပေးပါတယ်၊ သွေးကြောနံရံတွေမှာရှိတဲ့ အဆီပြင်တွေကိုလည်း ပါးစေပါတယ်။ အသက်လည်းရှည်စေပါတယ်။ ဒီဆေးကို သောက်ရပြီဆိုရင်တော့ နှစ်ရှည်စွဲသောက်သင့်ပါတယ်။ အဆီများနေရင်၊ လေဖြတ်နေရင်၊ နှလုံးသွေးကြောကျဉ်းနေရင် သောက်ရပါမယ်။ ဆီးချိုသွေးချိုသမားတွေကိုလည်း အဆီကျဆေး အမြဲတွဲပေးပါတယ်။

Q. အဆီကျဆေးကို ဘယ်လိုအခြေအနေမှာ မှီဝဲသင့်ပါသလဲ ဆရာ။

A. ဆေးတွေနဲ့ ပတ်သက်ပြီး ပြောလိုတာက Risk ရှိရင်တိုက်မယ်၊ မရှိရင်တော့ မတိုက်ပါဘူး။ ဆေးကိုသောက်လိုက်၊ မသောက်လိုက်တော့ လုပ်လို့မရပါဘူး။ သောက်ရပြီဆိုရင်တော့ နှစ်ရှည်စွဲသောက်တာ ပိုကောင်းပါတယ်။ သွေးတွင်းအဆီများနေပြီဆိုရင် လေဖြတ်တာနဲ့ နှလုံးသွေးကြောပိတ်တာတို့ အဓိကဖြစ်တတ်ပါတယ်။ ဒါတွေဖြစ်မှာကြောက်ရပါတယ်။ တကယ်လို့ Risk မရှိဘဲနဲ့ အဲဒီဆေးတွေကို သောက်မယ်ဆိုရင် ဆိုးကျိုးတွေဖြစ်တဲ့ ခြေသလုံးကြွက်သားနာတာ (Muscle Pain)၊ အသည်းကို တစ်ခါတစ်ရံ ထိခိုက်စေတာတို့ ဖြစ်တတ်ပါတယ်။ အသည်းကို ထိခိုက်နိုင်တယ်ဆိုပေမယ့် အမြဲမဟုတ်ပါဘူး။ လူတစ်သောင်းလောက်မှာမှ တစ်ယောက်လောက်ပဲ ဖြစ်နိုင်တာမျိုးပါ။ သွေးတွင်းအဆီများနေလို့ အဆီကျဆေးကို သောက်တယ်။ သုံးလလောက်နေလို့ ပြန်စစ်တဲ့အချိန်မှာ အဆီက ပုံမှန်ဖြစ်သွားတယ်ဆိုတာနဲ့ အဆီကျဆေးကို ရပ်ပစ်လိုက်လို့ မရပါဘူး။ အဆီကျဆေးကို ပေးတာက အဆီကျရုံတင်မကဘဲ သွေးခဲတာကိုလည်း ကာကွယ်ပေးပါတယ်၊ နှလုံးသွေးကြောပိတ်တာကိုလည်း ကာကွယ်ပေးပါတယ်၊ သွေးကြောနံရံတွေမှာရှိတဲ့ အဆီပြင်တွေကိုလည်း ပါးစေတဲ့အတွက်ကြောင့် နှစ်နဲ့ချီပြီး ပုံမှန်သောက်ရပါမယ်။ ဒါကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်မရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် အဆီကျဆေးတွေကို ရပ်မပစ်သင့်ပါဘူး။

Most Popular

Healthy Life Ad
To Top