Healthy Life Ad
Q & A

အားကစားလုပ်သူတို့ အဖြစ်များသော ထိခိုက်ဒဏ်ရာများနှင့် အိမ်တွင်းကုသနည်း

—–၊ ပါမောက္ခဦးနေဝင်း (အရိုးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. အားကစားလုပ်တဲ့အခါ ဘယ်လိုထိခိုက်ဒဏ်ရာတွေ ဖြစ်တတ်ပါသလဲ ဆရာ။

A. အားကစားလုပ်တဲ့အခါ အများအားဖြင့် ဖြစ်တတ်တဲ့ ထိခိုက်ဒဏ်ရာတွေကတော့-

(၁) ဖိနပ်၊ အားကစားပစ္စည်းတွေ ပွတ်တိုက်မိတာကြောင့် အရည်ကြည်ဖု(Blister)တွေ ရတတ်ပါတယ်။

(၂) အရွတ်တွေပြဲသွားတယ်၊ ထိခိုက်သွားတယ်။ ဒါကို Strain,Sprain လို့ ခေါ်ပါတယ်။

(၃) တစ်ခါတလေ သိပ်ဆိုးဆိုးရွားရွားထိခိုက်ရင် အရွတ်ကြီးပြတ်သွားနိုင်ပါတယ်။ (Ligament Rupture)

(၄) နောက်တစ်ခုကတော့ Bruise လို့ခေါ်တဲ့ အသားကြေသွားတာ၊ အထဲမှာ သွေးကြောလေးတွေ ပေါက်သွားပြီး သွေးတွေထွက်သွားတာ ဖြစ်တယ်။ အဲဒီအခါ အရေပြားကရောင်သွားတယ်၊ နာလာတယ်၊ နီလာတယ် အစရှိသဖြင့် ခံစားရပြီး အရေပြားကအပြာရောင်၊ အညိုရောင်တွေ ဖြစ်လာတတ်ပါတယ်။

(၅) တစ်ခါတလေ အရေပြားက ပွန်းတာ၊ ပဲ့တာ (Abrasion) ဖြစ်လာတတ်ပါတယ်။ အနာ(Wound) ဖြစ်သွားနိုင်ပါတယ်။ အများအားဖြင့်က ဒီလောက်ပဲ ဖြစ်တာများပါတယ်။

(၆) တစ်ခါတလေ ဆိုးဆိုးရွားရွား ထိခိုက်မှုဖြစ်ရင် အရိုးတွေကျိုးနိုင်ပါတယ်။ အဆစ်တွေ ပြုတ်သွားနိုင်ပါတယ်။ ဒီထက်ဆိုးလာကာ ဦးနှောက်ဒဏ်ရာ (Head Injury) ရတတ်ပါတယ်။ အဲဒီအခါ ဦးနှောက်ထိသွားတတ်ပါတယ်။ အများအားဖြင့် အမေရိကန် Football လို တစ်ယောက်နဲ့တစ်ယောက် ခေါင်းချင်းဝင်ဆောင့်တာတို့၊ တအားတွန်းတိုက်တာတို့လို တိုက်ခိုက်ပြီး ကစားရတဲ့ အားကစားတွေလုပ်ရင် ခေါင်းမကြာခဏတိုက်ပြီး ခေါင်းဒဏ်ရာတွေစုလာတယ်။ အဲဒီအခါ ဦးနှောက်မှာထိခိုက်မှု (Encephalopathy)ဖြစ်လာပြီး အဲဒီအားကစားသမားတွေက ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်တဲ့ အခြေအနေမျိုး ဖြစ်လာတတ်ပါတယ်။

“အများအားဖြင့် အမေရိကန် Football လို တစ်ယောက်နဲ့တစ်ယောက် ခေါင်းချင်းဝင်ဆောင့်တာတို့၊ တအားတွန်းတိုက်တာတို့လို တိုက်ခိုက်ပြီး ကစားရတဲ့ အားကစားတွေလုပ်ရင် ခေါင်းမကြာခဏတိုက်ပြီး ခေါင်းဒဏ်ရာတွေ စုလာတယ်။ အဲဒီအခါ” . . .

နောက်တစ်ခုက Spinal Injury ဖြစ်တတ်ပါတယ်။ ဒါက လည်ပင်း၊ ခါးကျိုးတာမျိုးပါ။ အမြင့်ကနေ ခုန်ချတာတို့၊ ကျွမ်းဘားကစားရင်း ပြုတ်ကျတာတို့၊ ဂျူဒို၊ ကရာတေး စတာတွေ ကစားတာတို့ကြောင့် လည်ပင်း၊ ခါးတွေ ကျိုးတတ်ပါတယ်။ လည်ပင်းနဲ့ ခါးကျိုးရင် စိုးရိမ်ရပါတယ်။ အကြီးအကျယ်ဖြစ်ရင် အောက်ပိုင်းသေသွားနိုင်လို့ပါ။ ဒါတွေက အဖြစ်နည်းပေမယ့် ဆိုးရွားတဲ့ အန္တရာယ်ထဲမှာ ပါဝင်ပါတယ်။

Q. အားကစားလုပ်ရင်းဖြစ်တဲ့ ထိခိုက်ဒဏ်ရာတွေကို အိမ်မှာ ဘယ်လိုကုသလို့ရပါသလဲ ဆရာ။

A. အားကစားကြောင့် အများအားဖြင့်ဖြစ်တဲ့ အရွတ်နည်းနည်းပြဲတာ(Sprain)၊ ပြတ်တာ၊ အသားကြေတာ (Contusion) စတာတွေက သိပ်မဆိုးလှဘူးဆိုရင် အိမ်မှာပဲ ကုသလို့ရပါတယ်။ အဲဒါကို RICE ကုသမှုလို့ ခေါ်ပါတယ်။

R- Rest

အနားယူပါ။ ခြေထောက်ထိခိုက်ရင် လမ်းသိပ်မလျှောက်ဖို့၊ လိုအပ်ရင် တုတ်၊ ချိုင်းထောက်နဲ့လျှောက်ပြီး အနားယူပါ။ လက်ထိခိုက်ရင် လက်သိုင်းကြိုး စည်းထားပေးရပါမယ်။

I- Ice

ရေခဲအုပ်တာဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာတော့ ရေခဲအိတ်လေးတွေ ရှိတယ်။ ဆရာတို့ဆီမှာ မရှိရင် ရေခဲတုံးသေးလေးကို ပလတ်စတစ်အိတ်ထဲထည့်ပြီး ပိတ်စပါးပါးလေးနဲ့ထုပ်ပြီး ကပ်ပေးရမယ်။ အများအားဖြင့် ၁၅ မိနစ်လောက် ကပ်ပေးပါ၊ မိနစ် ၂၀ ထက်ကျော်လို့ မကောင်းပါဘူး။ တစ်နေ့ကို ၅-၆ ခါလောက် ကပ်လို့ရပါတယ်။ ဒါပေမဲ့ ရေခဲကပ်တာကို ထိခိုက်ဒဏ်ရာရပြီး ၂၄ – ၄၈ နာရီအတွင်းမှာပဲ လုပ်ပေးသင့်ပါတယ်။

တချို့လူနာတွေက ထိခိုက်ဒဏ်ရာရတာက ၅-၆ ရက်ကျော်နေပြီ။ ရေခဲကပ်နေတုန်းပဲ ရှိသေးတယ်။ ဒီအချိန်က ရေခဲကပ်ရမယ့် အချိန်မဟုတ်တော့ပါဘူး။

C – Compression

ထိခိုက်မိလို့ နာသွားတဲ့၊ ရောင်သွားတဲ့ နေရာတွေကို Elastic Bandage ပတ်တီးလေး စည်းပေးထားရတာ ဖြစ်ပါတယ်။ ပတ်တီးကို ကျပ်ကျပ်မစည်းရပါဘူး။ ပတ်တီးကို တင်းတင်းလေး စည်းထားပေးတဲ့အတွက် ရောင်ရမ်းမှုသက်သာစေပါတယ်။ ကျပ်လွန်းရင် သွေးလှည့်ပတ်မှုကို ထိခိုက်စေနိုင်ပါတယ်။

E – Elevation

မြှင့်ထားပါ။ ဆိုလိုတာက ခြေထောက်ထိခိုက်မိတယ်ဆိုရင် ခြေထောက်ကိုမြှောက်ထားဖို့ လိုပါတယ်။ လက်ဆိုရင်လည်း သိုင်းကြိုးစည်းပြီး မြှောက်ထားပေးရပါမယ်။ ဒီလို လုပ်ပေးတာကြောင့် တော်ရုံတန်ရုံ ထိခိုက်မှုတွေ သက်သာသွားပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top