Healthy Life Ad
Health Tips

အဆီလျှော့ထားသည့် ပူတင်းကိုစားခြင်းဖြင့် ရရှိနိုင်သည့် ကျန်းမာရေးကောင်းကျိုးများ

——–၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——–

နွားနို့၊ ကြက်ဥ၊ သကြားအနည်းငယ်သာ ထည့်ပြီး အဆီလျှော့ကာ ပြုလုပ်ထားတဲ့ ပူတင်းကို ရွေးချယ်စားပေးတာကြောင့် အောက်ပါအာဟာရဓာတ်တွေ ရရှိပြီး ကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။

(၁) စွမ်းအင်ရရှိစေခြင်း

ပူတင်း ၁၀ဝ ဂရမ်စားတာကြောင့် ယေဘုယျအားဖြင့် ၃၄၈ ကယ်လိုရီ ရရှိပါတယ်။ ဒါက အရွယ်ရောက်သူတစ်ဦး တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီ ၁၇ ရာခိုင်နှုန်းခန့် ရရှိစေပါတယ်။

(၂) ကာဗိုဟိုက်ဒရိတ်ပါဝင်ခြင်း

ပူတင်း ၁၀ဝ ဂရမ် စားပေးရင် ကာဗိုဟိုက်ဒရိတ် ၉၁ ဂရမ်ခန့်ရရှိကာ တစ်နေ့တာလိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ရဲ့ ၃၁ ရာခိုင်နှုန်းခန့်ကို ရရှိစေပါတယ်။

(၃) ကယ်လ်ဆီယမ်ပါဝင်ခြင်း

ပူတင်း ၁၀ဝ ဂရမ်မှာ ကယ်လ်ဆီယမ် ၂၄ မီလီဂရမ်ပါဝင်ကာ အရွယ်ရောက်သူတစ်ဦး တစ်နေ့တာလိုအပ်တဲ့ ကယ်လ်ဆီယမ်ရဲ့ ၂ ရာခိုင်နှုန်းပါဝင်ပါတယ်။ ကယ်လ်ဆီယမ်က လူအားလုံး ကျန်းမာသက်ရှည်ရေး၊ အထူးသဖြင့် သွားနဲ့ အရိုးသန်စွမ်းရေးအတွက် အထူးလိုအပ်ပါတယ်။

(၄) သံဓာတ်ပါဝင်ခြင်း

သံဓာတ်ဆိုတာ သွေးနီဥထုတ်လုပ်ခြင်း၊ တစ်ကိုယ်လုံးအနှံ့ အောက်ဆီဂျင် သယ်ယူပို့ဆောင်ခြင်းနဲ့ အင်ဇိုင်းထုတ်လုပ်ခြင်းအတွက် အရေးပါတဲ့အရာပါ။ ပူတင်း ၁၀ဝ ဂရမ်စားတိုင်း သံဓာတ် ဝ ဒသမ ဝ၈ မီလီဂရမ် ရရှိစေပါတယ်။

(၅) ပိုတက်စီယမ်ပါဝင်ခြင်း

ပူတင်းစားတာကြောင့် ရရှိတဲ့ ပိုတက်စီယမ်ဓာတ်က ခန္ဓာကိုယ်ဓာတ်ဆား လုပ်ငန်းဆောင်တာအတွက် အရေးပါတဲ့အရာဖြစ်ပြီး သွေးဖိအားကို မှန်ကန်ကောင်းမွန်စေပါတယ်။

(၆) ဖော့စ်ဖရပ်စ်ပါဝင်ခြင်း

ဖော့စ်ဖရပ်စ်က ဆဲလ်နဲ့ တစ်သျှူးတွေ ကြီးထွားပြုပြင်ရေးအတွက် အလွန်အရေးကြီးကာ ပရိုတင်းဖြစ်ပေါ်ခြင်း၊ ဟော်မုန်းဟန်ချက်ညီစေခြင်းနဲ့ အစာကြေညက်စေခြင်းတွေမှာ အရေးပါပါတယ်။ ပူတင်း ၁၀ဝ ဂရမ် စားပေးရုံနဲ့ ဖော့စ်ဖရပ်စ် ၁ မီလီဂရမ် ရရှိစေပါတယ်။

(၇) ဆီလီနီယမ်ပါဝင်ခြင်း

ဆီလီနီယမ်က လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် အလွန်အမင်းအရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး ဖရီးရယ်ဒီကယ်ကြောင့်ဖြစ်တဲ့ ထိခိုက်မှုမရအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆီလီနီယမ်က ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ပူတင်း ၁၀ဝ ဂရမ်စားတိုင်း ဆီလီနီယမ် ၂၁ ဒသမ ၃ မိုက်ခရိုဂရမ် ရရှိစေပါတယ်။

(၈) အရွယ်မရွေး စားနိုင်ခြင်း

ပူတင်းပျော့ပျော့လေးတွေက ကလေးတွေသာမက သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။ သွားသိပ်မကောင်းတဲ့သူတွေ၊ နာလန်ထခါစ လူတွေလည်း စားသင့်တဲ့အစာတစ်မျိုးပါ။

သတိပြုရန်
သွေးတွင်းကိုလက်စထရော မများစေဖို့ အဆီလျှော့ထားတဲ့ ဒါမှမဟုတ် အဆီထုတ်ထားတဲ့ ပူတင်းကို ရွေးချယ်စားသုံးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top