Healthy Life Ad
Health Tips

သားအိမ်ထုတ်ခြင်းနှင့် စိတ်ကျန်းမာရေး

—၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။ ၊—

Q. သားအိမ်ထုတ်ထားတာ ၃လကျော်ပြီ။ စိတ်ထဲ သူများနဲ့မတူတော့ဘူးဆိုပြီး ဝမ်းနည်းခြင်း၊ အားငယ်ခြင်း ခံစားရတယ်။ Sex ကိစ္စကြောင့်မဟုတ်ပါ။ ထုတ်လိုက်တဲ့အကြောင်းပဲ စိတ်မှာ တွေးမိနေတယ်။ စိတ်ထဲက တွေးမိတဲ့အကြောင်းကို နုတ်ပစ်ချင်တယ်။ စဉ်းစားတိုင်းငိုမိတယ်။ ဘဝမှာ ပျော်စရာတွေ ပျောက်နေသလိုပဲ. စိတ်ပြေသွားအောင် စာအုပ်လဲဖတ်ချင်စိတ်မရှိဘူး၊ မပြည့်စုံတော့သလို ခံစားရတယ်။ စိတ်ထဲမှာ ခံစားချက်မဖြစ်တော့အောင် ရှင်းချင်ပါတယ်၊ ဖြေပေးပါနော်။ သားအိမ်မရှိတော့လို့ အသက်ကြီးရင် ကျန်းမာရေးထိခိုက်မှာလည်း စိတ်ပူတယ်။ အသက် ၃၆ နှစ်ပါ။ ကလေး ၃ယောက်ရှိပါတယ်။ သားအိမ်ထုတ်ထားတယ်ဆိုပြီး စိတ်ထဲစွဲနေတာကြီးကို ဖျောက်ချင်တယ်။ အဲဒီအကြောင်း စိတ်ရောက်သွားရင် စိတ်နောက်သွားတယ်။ ဘာမှလုပ်ချင်စိတ်မရှိတော့ဘူး။ မပျော်တော့ဘူး။ နေလို့တော့ကောင်းပါတယ်။ နေ့ခင်းတော့ ခါတိုင်းလို အိပ်မပျော်ဘူး။ ညအိပ်လည်း အစောကြီးနိုးနေတယ်။ ၄နာရီလောက်ဆို မထချင်ဘူး။ စိတ်ကအဲ့ရောက်ပြီး ဘုရားစာဆိုပြီး ပြန်အိပ်တော့ တမှေးပြန်အိပ်ဖြစ်တယ်။ အိပ်ရတာ နှစ်ခြိုက်တော့မဖြစ်ဘူး။ ခါတိုင်းဆို အိပ်ရင်တရေးထဲပဲ နိုးပြီးပြန်အိပ်လဲ တွေးစရာမရှိတော့ ချက်ချင်းပြန်အိပ်ပျော်တာပဲ။ အဲ့အကြောင်း မတွေးမိတဲ့နေ့ မရှိဘူး စိတ်ထဲအစွဲဖြစ်နေပြီလားမသိ၊ နုတ်ပစ်ချင်တယ် ဘယ်လိုလုပ်ရမလဲ၊ အတွေးအမြင်ရှင်းချင်တယ်။ အရင်တုန်းကလို ဖြစ်နိုင်ပါတော့မလား၊ ပြန်ပြီး စိတ်ချမ်းသာချင်တယ်။ ဘယ်လိုစိတ်ထားပြီး နေရမယ်ဆိုတာ အကြံပြုဖြေပေးပါနော်။ အဲလိုမလုပ်ခဲ့ရရင် ကောင်းမှာလို့ တွေးပြီး စိတ်မကာင်းဖြစ်တယ်။
SS (FB)

A. (၁) သားအိမ်ထုတ်ခွဲစိတ်ကုသမှု (Hysterectomy) ခံရပြီးရင် စိတ်ကျန်းမာရေး ချို့ယွင်းလာတတ်ပါတယ်။ အသက် ၄၀ အောက်အမျိုးသမီးတွေမှာ ဖြစ်ပွားမှုနှုန်း ပိုမိုများပြားပါတယ်။ လေ့လာမှုတွေကို ခြုံပြီးကြည့်ရင် သားအိမ်ထုတ်ထားတဲ့ အမျိုးသမီးတွေထဲမှာ စိတ်ကျရောဂါဖြစ်ပွားမှုနှုန်းက ပုံမှန်ဖြစ်ပွားမှုနှုန်းထက် ၆ ဒသမ ၆ ရာခိုင်နှုန်းနဲ့ စိုးရိမ်စိတ်လွန်ကဲရောဂါဖြစ်ပွားနှုန်းက ပုံမှန်ဖြစ်ပွားမှုနှုန်းထက် ၄ ဒသမ ၇ ရာခိုင်နှုန်း ပိုမိုများပြားတာ တွေ့ရှိရတယ်။ သားအိမ်ထုတ်ခြင်းအပြင် သားဥအိမ်ကိုပါ ထုတ်ပစ်ခြင်းရှိရင် စိတ်ကျရောဂါ ဖြစ်ပွားမှုနှုန်းက သာမန်ထက် ၁၂ ရာခိုင်နှုန်း ပိုမိုများပြားပါတယ်။

(၂) သားဥအိမ်ကိုပါ ခွဲစိတ်ထုတ်ပစ်လိုက်ရင် မလိင်ဟော်မုန်း (Oestrogen) ကျဆင်းသွားလို့ မီးယပ်သွေးဆုံးလက္ခဏာတွေ ဖြစ်ပွားလာနိုင်ပါတယ်။ စိတ်လှုပ်ရှားလွယ်ခြင်း၊ စိတ်ညစ်ညူးခြင်း၊ စိုးရိမ်ပူပင်စိတ် ပွားများခြင်းတို့ကိုလည်း တွေ့ရှိနိုင်တယ်။ ဒါကြောင့် ဒေါ် SS ရဲ့ ခွဲစိတ်ကုသမှုမှာ သားဥအိမ်ပါပါဝင်နေရင် ဟော်မုန်းအစားထိုးကုထုံး (Hormone Replacement Therapy) လိုအပ်လိမ့်မယ်။ ဆရာဝန်နဲ့ တိုင်ပင်ပါ။

(၃) သားအိမ်ထုတ်ခံရတဲ့ အမျိုးသမီးတွေမှာ ဖြစ်ပွားမှုနှုန်းများတဲ့ ဝေဒနာကတော့ ပူဆွေးတမ်းတခြင်း (Grief Reaction)ဖြစ်တယ်။ မိမိချစ်ခင်နှစ်သက်တွယ်တာရသူ ဆုံးရှုံးလိုက်ရသလို ခံစားရတာပါ။ သားအိမ်ကို အမျိုးသမီးတွေက အလွန်တန်ဖိုးထားတတ်ပါတယ်။ မသဘာဝပြီးပြည့်စုံဖို့ လိုအပ်တဲ့ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းလို့ ယူဆကြတယ်။ နောက်ထပ် ကလေးလိုချင်တဲ့ စိတ်ဆန္ဒမရှိတော့ပေမယ့် သားအိမ်ထုတ်ခံရလို့ မျိုးမအောင်နိုင်ဖြစ်သွားတာကို လက်ခံဖို့ခက်ခဲကြတယ်။ အဲဒီအသိက အခံရခက်တဲ့ နာကြဉ်းမှုတစ်မျိုးပါ။ ဒါကြောင့် သားအိမ်မရှိတော့တာကို မယုံကြည်နိုင်တဲ့စိတ်၊ နောင်တရစိတ်၊ ဒေါသစိတ်၊ အပြစ်တင်စိတ်၊ သိမ်ငယ်စိတ် စတဲ့ ဖိစီးမှုတွေ ခံစားကြရတယ်။ ဒေါ်SSမှာ အဲဒီလို ဝေဒနာတွေ ရှိနေပုံရတယ်။ ဒေါ်SSခံစားနေရတဲ့ ဖိစီးမှုလက္ခဏာတွေကြောင့် နေ့စဉ်လုပ်ငန်းတွေကို မဆောင်ရွက်နိုင်ဖြစ်လာမယ်။ ဒါမှမဟုတ် လူမှုဆက်ဆံရေးကိစ္စတွေမှာ ပြေပြစ်မှုမရှိဖြစ်မယ်၊ ဒါမှမဟုတ် အထွေထွေကျန်းမာရေးကို ထိခိုက်လာမယ်ဆိုရင် ပူဆွေးတမ်းတခြင်းကနေ စိတ်ကျရောဂါအဆင့်အထိ ရောက်လာပြီလို့ ယူဆရမယ်။ အဲဒီလိုဖြစ်နေရင် မိသားစုဆရာဝန် ဒါမှမဟုတ် စိတ်ကျန်းမာရေးဝန်ထမ်းနဲ့ တွေ့ဆုံစမ်းသပ် စစ်ဆေးခံဖို့ လိုအပ်ပါတယ်။

(၄) သားအိမ်ထုတ်လိုက်လို့ ရရှိလာတဲ့ ကောင်းကျိုးတွေလည်း ရှိပါတယ်။ သားအိမ်ရောဂါကြောင့် မီးယပ်သွေးဆင်းတာများခြင်း၊ မီးယပ်ပေါ်ချိန်မှာ အလွန်အမင်း နာကျင်ကိုက်ခဲခြင်း၊ သားအိမ်ဘေလုံး(Fibroids)ကြီးလွန်းလို့ ဗိုက်ပူခြင်း စတဲ့ ဝေဒနာက ကင်းစင်သွားပါတယ်။ မီးယပ်သွေးပေါ်တိုင်း ခံစားနေရတဲ့ ဒုက္ခက ကင်းဝေးသွားတာပါ။ ဒေါ်SSရဲ့စိတ်ထဲမှာ သားအိမ်ထုတ်လိုက်မိတာကို နောင်တရနေရင် သားအိမ်မရှိလို့ ရရှိနေတဲ့ ကောင်းကျိုးတွေကို စဉ်းစားကြည့်နိုင်ပါတယ်။

(၅) သားအိမ်ထုတ်ခွဲစိတ်မှုခံရပြီးရင် ရက်သတ္တပတ်နှစ်ပတ်မှ ၈ ပတ်အတွင်း လိင်ဆက်ဆံနိုင်တယ်လို့ ဆိုပါတယ်။ သားအိမ်ထုတ်ပြီး အမျိုးသမီးတွေ (၁၀မှ ၂၀ ရာခိုင်နှုန်း)ထဲမှာ လိင်စိတ်ဆန္ဒလျော့နည်းခြင်းနဲ့ လိင်ဆက်ဆံရင် အထွတ်အထိပ်ရောက်ခြင်း (ပြီးခြင်း) မရရှိနိုင်တဲ့ ချို့ယွင်းချက်တွေ ရှိနိုင်ပါတယ်။ ခင်ပွန်းက မှန်ကန်တဲ့ ဗဟုသုတနဲ့ သဘောထားခံယူချက်ရှိဖို့ လိုအပ်တယ်။ သားအိမ်ထုတ်ပြီးရင် လိင်ဆက်ဆံနိုင်တဲ့ မိန်းမအင်္ဂါမရှိတော့ဘူးလို့ ထင်မြင်ယူဆတဲ့ ယောကျာ်းလည်း ရှိတတ်တယ်။ တချို့ကတော့ ကိုယ့်ဇနီးမျိုးမအောင်နိုင်တာကို လက်မခံချင်တာ ရှိပါတယ်။ လင်မယားအချင်းချင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ကြည့်ပါ။

(၆) သားအိမ်မရှိတော့တာကို ပူဆွေးတမ်းတခြင်း (Grief Reaction))အတွက် ပူဆွေးတမ်းတစိတ် ဖြေဖျောက်နည်း (Grief Work)ကို အသုံးပြုနိုင်ပါတယ်။ ပူဆွေးတမ်းတစိတ်ကို အနိုင်ယူခြင်းဆိုပါတော့။ ရည်ရွယ်ချက်နှစ်မျိုးရှိတယ်။ ဆုံးရှုံးသွားတာကို အရှိအတိုင်း နားလည်လက်ခံနိုင်ခြင်းနဲ့ ဆုံးရှုံးသွားတဲ့အရာ (သားအိမ်)မရှိတော့တဲ့နောက်ပိုင်း အခြေအနေကို ဘယ်လိုညှိနှိုင်း နေထိုင်မလဲဆိုတာကို အဖြေရှာခြင်းဖြစ်တယ်။ ပူဆွေးတမ်းတခြင်း ဖြစ်စဉ်အဆင့်ဆင့် ရှိပါတယ်။ ပထမ-ကာယကံရှင်က ဆုံးရှုံးသွားတာကို ငြင်းဆန်နေတယ်၊ အမှန်တကယ် မဖြစ်ပွားသလို ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေတယ်။ ဒုတိယ-အမျက်ဒေါသပွားများတယ်။ ကိုယ့်ဆုံးဖြတ်ချက်အတွက် မိမိကိုယ်မိမိ အပြစ်တင်မယ်။ ကုသသူဆရာဝန်ကို အပြစ်တင်မယ်။ တတိယ-မိမိခံစားနေရတဲ့ ဝေဒနာ သက်သာပျောက်ကင်းအောင် အကူအညီတောင်းမယ်။ ဘာသာရေးလိုက်စားခြင်း၊ ယတြာချေခြင်း၊ နတ်ပူဇော်ပသခြင်း စတဲ့ အပြုအမူတွေကို အသုံးပြုမယ်။ စတုတ္ထ-အဲဒီလိုအဆင့်ဆင့် အပြုအမူတွေက ပူဆွေးတမ်းတခြင်းကို ဖြေဖျောက်မပေးနိုင်ရင် စိတ်ကျရောဂါ ခံစားရတယ်။ ပဉ္စမ-ဖြစ်ရပ်မှန်ကို လက်ခံနိုင်သော အဆင့်။ ဒီအဆင့်ကိုရရှိရင် ပူဆွေးတမ်းတခြင်းကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့တယ်လို့ ဆိုရမယ်။ ဒေါ်SSရေးသား ဖော်ပြထားတာကို ဖတ်ကြည့်တော့ ပဉ္စမအဆင့် မရောက်သေးဘူးလို့ ထင်ပါတယ်။ ပုံမှန်အားဖြင့် ပူဆွေးတမ်းတစိတ်က ရက်သတ္တပတ် ၂ ပတ်မှ ၆ ပတ်အတွင်း သက်သာပျောက်ကင်းသွားတတ်တယ်။ ပူဆွေးတမ်းတစိတ် ကြာရှည်လာရင် ရောဂါဆန်တဲ့ ပူဆွေးတမ်းတခြင်း(Pathological Grief) လို့ ခေါ်ပါတယ်။

(၇) အခုလို အခြေအနေမှာ ဒေါ်SS ပြုလုပ်ဆောင်ရွက်နိုင်တာ ရှိပါတယ်။

(က) မိသားစုဆရာဝန်နဲ့ တိုင်ပင်ပါ၊ စိတ်ကျရောဂါ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးပါ၊ ကုသမှုခံယူပါ၊ မဟော်မုန်းအစားထိုးကုထုံး လို၊ မလို ဆွေးနွေးပါ။

(ခ) အခြေအနေပေးရင် စိတ်ကျန်းမာရေးပညာရှင်နဲ့ တွေ့ဆုံပြီး ပူဆွေးတမ်းတမှုစိတ်ကုထုံး (Grief Counselling) ရယူနိုင်ပါတယ်။

(ဂ) ကိုယ်ထူကိုယ်ထ ဆောင်ရွက်နိုင်တာလည်းရှိတယ်။ ရင်ဖွင့်ဆွေးနွေးခြင်း ဖြစ်ပါတယ်။ ဒေါ်SS တစ်ယောက်တည်း ကျိတ်ပြီး ပူဆွေးမနေဘဲ ဒီကိစ္စကို ပတ်ဝန်းကျင်ကလူတွေနဲ့ ရင်ဖွင့်ပြောဆိုနိုင်တယ်။ မိမိခင်ပွန်း၊ ဆွေမျိုးသားချင်း၊ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေ၊ အိမ်နီးနားချင်းတွေပါ။ စိတ်ဝင်စားတဲ့လူနဲ့ ဒေါ်SSရဲ့ ခံစားမှုတွေကို ရင်ဖွင့်ပြောပါ။ အပြန်အလှန် ဆွေးနွေးပါ။ အကြံဉာဏ်တောင်းပါ။ သူတို့က ဖျောင်းဖျအားပေးရင် လက်ခံပါ။ သားအိမ်ထုတ်ခဲ့ဖူးတဲ့ အမျိုးသမီးအချင်းချင်း အမြင်ချင်းဖလှယ်နိုင်ရင် အကျိုးရှိပါတယ်။

(ဃ) နေ့စဉ်မှတ်တမ်းရေးပါ။ ဒေါ်SSကို ဒုက္ခပေးနေတဲ့ အတွေးတွေကို အတိအကျရေးသားရမယ်။ အဲဒီအတွေးတွေနဲ့ ဆန့်ကျင်ဘက်အတွေးတွေကိုလည်း စဉ်းစားမှတ်တမ်းတင်နိုင်တယ်။

(င) သတိပဋ္ဌာန်တရားထိုင်နည်းကို လေ့ကျင့်ကြည့်နိုင်ပါတယ်။ စိတ်ကျန်းမာရေးဆေးပညာမှာ (Mindfulness Meditation). လို့ခေါ်ပါတယ်။ ဒေါ်SSကို ဒုက္ခပေးနေတဲ့ အတွေးတစ်ခုခုပေါ်လာရင် အဲဒီအတွေးကို ဖမ်းယူပြီး အာရုံစူးစိုက်ထားရမယ်။ အဲဒီအတွေးကို သိတယ်လို့မှတ်၊ ဖျောက်ပစ်ဖို့မကြိုးစားနဲ့၊ ထပ်ဆင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအတွေးနဲ့ စိတ်ခံစားတုံ့ပြန်မှုတွေကို ဂရုမစိုက်နဲ့။ ဒုက္ခပေးနေတဲ့အတွေးကိုသာ တစိုက်မတ်မတ်ကြည့်ရှုနေရမယ်။ အဲဒီလိုလေ့ကျင့်ရင် ဒုက္ခပေးနေတဲ့အတွေးက အရှိန်ပြေသွားလိမ့်မယ်၊ အာနိသင် ပျက်ပြယ်သွားလိမ့်မယ်။

Most Popular

Healthy Life Ad
To Top