Healthy Life Ad
Health Tips

“အမျိုးသမီး မပြီးနိုင်ရောဂါ”

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊—–

နိဒါန်း

အမျိုးသမီး ကာမဆက်ဆံခြင်း ချို့ယွင်းရောဂါ (Female Sexual Dysfunction) ၅ မျိုးရှိတယ်။ (၁) ကာမဆန္ဒလျော့နည်းကျဆင်းရောဂါ (Hypo-active Sexual Desire Disorder) ၊ (၂) အမျိုးသမီး ကာမနှိုးဆွတုန့်ပြန်မှု ချို့ယွင်းရောဂါ(Female Sexual Arousal Disorder)(ဒီရောဂါက ယောကျာ်းပန်းသေပန်းညှိုးရောဂါနဲ့ သဘာဝချင်းတူညီပါတယ်)။ (၃) ကာမဆက်ဆံစဉ် နာကျင်ခြင်းရောဂါ (Dyspareunia)၊ (၄) မလိင်အင်္ဂါတင်းကျပ်ရောဂါ (Vaginismus)နဲ့ (၅) အမျိုးသမီးကာမဆက်ဆံစဉ် အထွတ်အထိပ်ရောက်ခြင်းဆိုတာ သုက်လွှတ်ခြင်းနဲ့အတူ ခံစားရတဲ့ တုန့်ပြန်မှုကိုခေါ်ပါတယ်။ အမျိုးသမီးတွေမှာလည်း အလားတူ ခန္ဓာကိုယ်နဲ့ စိတ်ခံစားတုန့်ပြန်ခြင်းကို ခံစားရပါတယ်။ အရပ်သုံးစကားကတော့ “ပြီးခြင်း”၊ “ပြီးတယ်” ဖြစ်တယ်။ ဒါကြောင့် အမျိုးသမီးကာမဆက်ဆံစဉ် အထွတ်အထိပ်မရရှိနိုင်ရောဂါကို “အမျိုးသမီးမပြီးနိုင်ရောဂါ”လို့ အလွယ်တကူ သုံးစွဲခွင့်ပြုပါ။

အမျိုးသမီး မပြီးနိုင်ရောဂါ ခံစားရသူမှာ သာမန်လိင်ဆန္ဒရှိပါတယ်။ ကာမဆက်ဆံစဉ်အချိန်မှာ နာကျင်တင်းကျပ်တာလည်းမရှိပါဘူး။ လုံလောက်တဲ့ လှုံ့ဆော်နှိုးဆွတုန့်ပြန်ခြင်းတွေရှိပါတယ်။ (ယောကျာ်းတွေမှာ ဖိုအင်္ဂါကြီးမားတင်းမာလာတဲ့ တုန့်ပြန်မှုမျိုးဖြစ်တယ်)။ ဒါပေမဲ့ လိင်ဆက်ဆံနေစဉ် နောက်ဆုံး တုန့်ပြန်မှုအဆင့်ဖြစ်တဲ့ အထွတ်အထိပ်အဆင့်ကို မရရှိနိုင် ဖြစ်နေပါတယ်။ ပြီးတဲ့တုန့်ပြန်မှုကို မခံစားရဘဲ အရှိန်ကျသွားတယ်။ (ယောကျာ်းတွေမှာ သုက်လွှတ်နှေးလွန်းခြင်း၊ သုက်မလွှတ်နိုင်ခြင်းရောဂါလိုပါပဲ)။

အမျိုးသမီး ကာမဆက်ဆံစဉ် အထွတ်အထိပ်အဆင့် ရရှိရင်၊ ဘယ်လိုတုန့်ပြန်မှုတွေကို တွေ့ရှိရသလဲ။ မျက်နှာနီမြန်းလာခြင်း၊ နားထင်မှာ ချွေးစိမ့်ထွက်ခြင်း၊ သားဖွားလမ်းကြောင်းကြွက်သားနဲ့ စအိုကြွက်သားတွေ တင်းကျပ်လှုပ်ရှားခြင်း၊ မလိင်အင်္ဂါနှုတ်ခမ်းကြွက်သား တင်းကျပ်လှုပ်ရှားခြင်း၊ အသက်ရှူမြန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း စတဲ့ ခန္ဓာကိုယ်တုန့်ပြန်မှုတွေကို တွေ့ရမယ်။ ကြည်နူးနှစ်သိမ့်ခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ရောကိုယ်ပါ ပြေလျော့သွားခြင်း၊ ချစ်မေတ္တာစိတ်ပွားများလာခြင်း စတဲ့ စိတ်ခံစားမှုတွေလည်း ဖြစ်ပေါ်လာပါတယ်။

“မေက ကာမဆက်ဆံတိုင်း မပြီးနိုင်ဖြစ်လာတာ ၆ လ ကျော်သွားပြီ။ အဲဒီလိုဖြစ်လို့ မေရဲ့အိမ်ထောင်ရေးကို ထိခိုက်လာပြီ။ မေရဲ့စိတ်ကျန်းမာရေး ချို့ယွင်းလာပြီ။ ဒါကြောင့် ‘အမျိုးသမီးမပြီးနိုင်ရောဂါ’ (လိင်အထွတ်အထိပ်မရရှိနိုင်ရောဂါ)လို့ ယူဆနိုင်ပါတယ်” . . .

အမျိုးသမီး မပြီးနိုင်ရောဂါရှိရင် အဲဒီအဆင့်အထိ မရောက်ရှိဘဲ လိင်တုန့်ပြန်မှု နိုးကြားတက်ကြွနေတဲ့ အဆင့်(Excitement Phase)ကနေ တဖြည်းဖြည်း အရှိန်ကျသွားပါတယ်။ အမျိုးသမီး မပြီးနိုင်ရောဂါမှာ တချို့အမျိုးသမီးတွေက အထွတ်အထိပ် ရရှိနိုင်ပေမယ့် အရမ်းအချိန်ကြာတယ်။ တချို့အမျိုးသမီးတွေကတော့ ဘယ်လိုနည်းနဲ့မှ မပြီးနိုင်ဖြစ်တတ်ပါတယ်။ အမျိုးသမီး မပြီးနိုင်ရောဂါ နှစ်မျိုးရှိတယ်။ “မူလဖြစ်-အမျိုးသမီးမပြီးနိုင်ရောဂါ (Lifelong Female Orgasmic Disorder)”နဲ့ “ရရှိဖြစ်ပွား-အမျိုးသမီးမပြီးနိုင်ရောဂါ (Acquired Orgasmic Disorder)”တို့ ဖြစ်ပါတယ်။

မူလဖြစ်-အမျိုးသမီးမပြီးနိုင်ရောဂါမှာ ကာယကံရှင်အမျိုးသမီးရဲ့ ဘဝတလျှောက်လုံး ကာမဆက်ဆံတိုင်း အထွတ်အထိပ်ရရှိခံစားဖူးတဲ့ အတွေ့အကြုံမရှိဘူး။ အမျိုးသမီးတွေထဲမှာ ၅ရာခိုင်နှုန်းကျော်က အဲဒီလို ပြဿနာရှိတယ်။ “ရရှိဖြစ်ပွား အမျိုးသမီးမပြီးနိုင်ရောဂါ”မှာတော့ ကာယကံရှင်အမျိုးသမီးက ကာမဆက်ဆံရင် အထွတ်အထိပ်ရရှိဖူးတဲ့ အတွေ့အကြုံရှိတယ်။ ဒါပေမဲ့ ရောဂါဖြစ်ပွားပြီးကထဲက လိင်ဆက်ဆံရင် မပြီးနိုင်ဖြစ်လာပါတယ်။ အမေရိကန်နဲ့ ဥရောပတိုက်နိုင်ငံတွေရှိ အမျိုးသမီးတွေထဲမှာ “ရရှိဖြစ်ပွား မပြီးနိုင်ရောဂါ”ဖြစ်နှုန်းက ၁၆ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းရှိတယ်။ အာရှတိုက်နိုင်ငံတွေရှိ အမျိုးသမီးတွေထဲမှာ အဲဒီလို ဖြစ်ပွားနှုန်းက ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။ ကာမဆက်ဆံရင် အထွတ်အထိပ်မရောက်နိုင်တိုင်း “အမျိုးသမီး မပြီးနိုင်ရောဂါ”လို့ သတ်မှတ်မလားဆိုတဲ့ မေးခွန်းတစ်ခုရှိတယ်။ အမျိုးသမီးက အဲဒီလိုအခြေအနေကို လက်ခံရင် ရောဂါလို့မခေါ်ဆိုနိုင်ဘူးလို့ ပါမောက္ခတစ်ဦးက ဖြေကြားဖူးတာလည်း တွေ့ရှိရပါတယ်။

စိတ်ကျန်းမာရေး ကုသမှုဆွေးနွေးပွဲမှာ တင်ပြလာတဲ့ လူနာမေကတော့ သူ့ပြဿနာကို အဖြေရှာချင်နေပါတယ်။

မေကို ကုသပေးနေတဲ့ စိတ်ကျန်းမာရေးဆရာဝန်ကြီး ဒေါက်တာနီလာက မေရဲ့ဆေးမှတ်တမ်းကို စတင်ပြောတယ်။

“မေက အသက် ၃၀ အရွယ် အိမ်ထောင်ရှင်ဖြစ်တယ်။ စိတ်ကျရောဂါ ခံစားရပြီး အိပ်ဆေးအလွန်အကျွံသောက်လို့ စိတ်ကျန်းမာရေးကုသဆောင်ကို တက်ရောက်လာတာပါ။ မေက ကုမ္ပဏီတစ်ခုမှာ အငယ်တန်းမန်နေဂျာဖြစ်တယ်။ ၂ နှစ်သမီးအရွယ် သမီးတစ်ယောက်ရှိတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကစပြီး အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး စိတ်ကျရောဂါ တဖြည်းဖြည်း ဖြစ်ပွားလာတာလို့ ပြောပါတယ်”

“ဘာကြောင့် အိမ်ထောင်ရေး အဆင်မပြေဖြစ်လာတာလဲ”

“သမီးကလေးမွေးပြီး တစ်နှစ်လောက်ကြာတော့ ခင်ပွန်းနဲ့အတူအိပ်တဲ့အခါ “မပြီး”နိုင်တာ မကြာခဏ ဖြစ်ပေါ်လာတယ်။ နောက်တော့ အမြဲလိုလို အခက်အခဲရှိလာတယ်။ ကလေးတစ်ဖက်၊ အလုပ်တစ်ဖက် အိမ်ထောင်ရှင်မိခင်မို့ ပင်ပန်းလို့ဖြစ်တာပဲလေဆိုပြီး မေကဂရုမထားပါဘူး။ အချိန်ကြာလာတော့ မေက သူ့ကိုယ်သူ ယုံကြည်ချက်နည်းပါးလာတယ်။ စိတ်ထဲမှာ မကျေနပ်သလိုပဲ။ ခင်ပွန်းကိုလည်း မသိစေချင်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်နည်းရင် တခြားသူအပေါ် သံသယစိတ် ဖြစ်ပွားတတ်တယ် မဟုတ်လား။ မေက အဲဒီလိုဖြစ်လာတယ်။ သူ့ခင်ပွန်းအပေါ် သဝန်တိုစိတ်၊ မနာလိုစိတ် (Jealousy)များလာတယ်။ အဲဒါကစပြီး အိမ်ထောင်ရေးအဆင်မပြေ ဖြစ်လာတယ်ဆိုပါတော့”

အမျိုးသမီး လက်ထောက်ဆရာဝန်တစ်ယောက်က ကြားဖြတ်မေးမြန်းတယ်။

“အိမ်ထောင်ကျစတုန်းက ဒီလိုပြဿနာမရှိဘဲ နောက်ပိုင်းမှ ရောဂါရရှိလာတယ်ဆိုတော့ “ရရှိဖြစ်ပွား-အမျိုးသမီးမပြီးနိုင်ရောဂါ”လို့ သတ်မှတ်နိုင်တာပေါ့”

“မှန်ပါတယ်။ မေက ကာမဆက်ဆံတိုင်း မပြီးနိုင်ဖြစ်လာတာ ၆ လကျော်သွားပြီ။ အဲဒီလိုဖြစ်လို့ မေရဲ့ အိမ်ထောင်ရေးကို ထိခိုက်လာပြီ။ မေရဲ့ စိတ်ကျန်းမာရေးချို့ယွင်းလာပြီ။ ဒါကြောင့် “အမျိုးသမီး မပြီးနိုင်ရောဂါ”(လိင်အထွတ်အထိပ်မရရှိနိုင်ရောဂါ)လို့ ယူဆနိုင်ပါတယ်”

စာရေးသူက ပါဝင်ဆွေးနွေးပါတယ်။

“အမျိုးသမီး မပြီးနိုင်ရောဂါ”ဖြစ်ပွားစေတဲ့ အကြောင်းရင်းအမျိုးမျိုးရှိတယ်။ မေကဘာကြောင့် ဒီရောဂါရရှိလာသလဲ”

ဒေါက်တာနီလာက ရှင်းပြတယ်။

“အမျိုးသမီးမပြီးနိုင်ရောဂါ ဖြစ်ပွားစေတဲ့ ခန္ဓာကိုယ်ရောဂါတွေရှိပါတယ်။ ဆီးချိုရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ ကျောရိုးအာရုံကြောမကြီးဒဏ်ရာရရောဂါ၊ သိုင်းရွိုက်ဟော်မုန်းရောဂါ၊ ပန်းနာရောဂါ၊ အကြောသေရောဂါ (ဥပမာ- Multiple Sclerosis) တို့ဖြစ်ပါတယ်။ အမျိုးသမီးသွေးဆုံးရင်လည်း ဖြစ်တတ်ပါတယ်။ မေရဲ့ ခန္ဓာကိုယ်ကျန်းမာရေးက ကောင်းမွန်ပါတယ်”

“သောက်ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ကာမဆက်ဆံရေး ချို့ယွင်းနိုင်တယ်မဟုတ်လား”

“SSRI အနွယ်ဝင် စိတ်ကျရောဂါကုသဆေး၊ စိတ္တဇရောဂါကုသဆေး၊ ကင်ဆာရောဂါကုသဆေး၊ သွေးတိုးရောဂါကုသဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်နိုင်ပါတယ်။ မေကတော့ စိတ်ကျရောဂါ ကုသဆေးမသောက်ခင်ကတည်းက အမျိုးသမီးမပြီးနိုင်ရောဂါ ရရှိနေတာပါ”

အမျိုးသမီး လက်ထောက်ဆရာဝန်က သူ့ထင်မြင်ချက်ကို ပြောတယ်။

“မေက သူ့ခင်ပွန်းကိုစိတ်ခုနေလို့ မဖြစ်နိုင်ဘူးလား”

“ခင်ပွန်းအပေါ် ဒေါသစိတ်၊ မနာလိုစိတ်၊ သဝန်တိုစိတ်၊ သံသယစိတ်တွေရှိနေရင် ကာမဆက်ဆံတဲ့အခါ မပြီးနိုင်ဖြစ်တတ်ပါတယ်”

စာရေးသူက ဖြည့်စွက်ဆွေးနွေးပါတယ်။

“ကာမဆက်ဆံခြင်းနဲ့ ပတ်သက်ပြီး အယူအဆလွဲမှားနေရင်လည်း ဖြစ်တတ်ပါတယ်။ လိင်ဆက်ဆံရမှာကို ကြောက်စိတ်၊ ကိုယ်ဝန်ရှိလာမှာကိုစိုးရိမ်စိတ်၊ လိင်ဆက်ဆံပြီးရင် မသန့်ရှင်းသလို ခံစားရတဲ့စိတ်၊ လိင်ဆက်ဆံပြီးရင် မိမိကိုယ်မိမိ အပြစ်တင်စိတ်၊ မိမိခန္ဓာကိုယ်ကို မနှစ်ခြိုက်တဲ့စိတ် စတဲ့အတွေးတွေက လိင်အထွတ်အထိပ် မခံစားနိုင်အောင် ထိန်းချုပ်ထားသလို ဖြစ်တတ်တယ်။ ကာမဆက်ဆံနေစဉ် စိတ်ဖြေလျှော့မထားနိုင်ရင် မနှစ်မြို့စရာကိစ္စတွေကို တွေးတောစဉ်းစားနေရင်လည်း “ပြီး”မှာ မဟုတ်ပါဘူး”

အမျိုးသားလက်ထောက်ဆရာဝန်က ကြားဖြတ်မေးမြန်းတယ်။

“အဲဒီလိုယုံကြည်မှုမျိုး၊ စိတ်ခံစားမှုမျိုးတွေက ဘာကြောင့်ဖြစ်လာတာလဲ”

ဒေါက်တာနီလာက ရှင်းပြပါတယ်။

“ငယ်စဉ်ဘဝက လိင်အဓမ္မပြုကျင့်တာခံရရင် ဖိုမသဘာဝကိစ္စနဲ့ ပတ်သက်သမျှ ရွံရှာမုန်းတီးစိတ်၊ ကြောက်စိတ်ဖြစ်ပွားလာနိုင်တယ်။ မှန်ကန်တဲ့ ဖိုမသဘာဝ အသိပညာမရှိရင်လည်း မလိုအပ်ဘဲ စိတ်ထိန်းချုပ်မှု များပြားနေတတ်တယ်။ ရိုးရာယဉ်ကျေးမှု ဒါမှမဟုတ် မိမိကိုးကွယ်တဲ့ ဘာသာတရားက သွန်သင်ဆုံးမမှုရဲ့ လွှမ်းမိုးခြင်းကို အလွန်အမင်းခံရရင်လည်း ဖြစ်နိုင်ပါတယ်”

“မေရဲ့ရောဂါသက်သာပျောက်ကင်းဖို့ အလားအလာက ဘယ်လိုရှိပါသလဲ”

“အောင်အောင်မြင်မြင် အသုံးပြုနေတဲ့ ကုထုံးတွေရှိပါတယ်။ ရောဂါပျောက်ကင်းနှုန်း ၇၅ ရာခိုင်နှုန်းကျော်ရှိကြောင်း တွေ့ရှိရပါတယ်။ မေ့အတွက် ကျွန်မစီစဉ်ထားတဲ့ ကုထုံးကုနည်းတွေက ….”
ရှေ့တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

Most Popular

Healthy Life Ad
To Top