Healthy Life Ad
Health Tips

အန္တရာယ်များသော အပန်းဖြေမူးယစ်ဆေး(၂)

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊—–

အပန်းဖြေမူးယစ်ဆေး(Recreational Drug)၊ ပျော်ရွှင်ပွဲပါတီ မူးယစ်ဆေး(Party Drug)၊ ညကပွဲရုံမူးယစ်ဆေး(Nightclub Drug)စသဖြင့် အမည်တွင်တဲ့ မူးယစ်ဆေးတွေအကြောင်းကို စာရေးသူရဲ့ မိတ်ဆွေကိုတာနဲ့ စကားလက်ဆုံကျနေပါတယ်။

ကိုတာက ဆက်လက်မေးမြန်းတယ်။

“အမ်ဒီအမ်အေ(MDMA)(အက်စ်တစီ)ဆေးလုံးနဲ့ ရောနှောထုတ်လုပ်ရောင်းချတဲ့ ဆေးတစ်မျိုးက ကက်တမင်း (Ketamine)လို့ ခင်ဗျားပြောခဲ့တယ်။ ကက်တမင်းဆိုတာဘာလဲ”

“ကက်တမင်းဆေးကို ထုံဆေးမေ့ဆေးအဖြစ် တိရစ္ဆာန်ဆေးကုဆရာဝန်တွေ အသုံးပြုတာများတယ်။ ဒါကြောင့် ကက်တမင်းဆေးကို “မြင်းစိတ်ငြိမ်ဆေး”(Horse Tranquilliser)လို့ ခေါ်ကြတယ်။ လူတွေအတွက် အရေးပေါ်ကျန်းမာရေး ဆေးခန်းတွေမှာ အသုံးပြုကြတယ်။ မီးလောင်ဒဏ်ရာကို ဆေးထည့်ပေးတဲ့အခါနဲ့ အရိုးကျိုးတာကို ပြန်ဆက်ပေးဖို့ ခွဲစိတ်တဲ့အခါတွေမှာ အသုံးပြုနိုင်တယ်။ သုံးစွဲနေကျ မေ့ဆေးနဲ့ မသင့်တော်တဲ့ လူနာတွေမှာလည်း အသုံးပြုပါတယ်။ ဒါက တရားဝင် အသုံးပြုနိုင်တာပါ။ လူငယ်တွေထဲမှာတော့ ကက်တမင်းကို ပျော်ရွှင်ပွဲပါတီ မူးယစ်ဆေးအဖြစ် သုံးစွဲလာကြတယ်။ အမေရိကန်နိုင်ငံရှိ အသက် ၁၈ နှစ်က ၂၅ နှစ်အတွင်း လူငယ်တွေထဲမှာ တစ်နှစ်အတွင်း အနည်းဆုံးတစ်ကြိမ် ကက်တမင်းသုံးစွဲဖူးတဲ့သူ ၃ ရာခိုင်နှုန်းရှိတယ်။ သြစတြေးလျနိုင်ငံမှာတော့ ၁ ဒသမ ၄ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်က ကက်တမင်းမူးယစ်ဆေး ၃ ဒသမ ၁ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ဖတ်လိုက်ရတယ်။ (APAIC ၂၀၁၇) ဒါကြောင့် မြန်မာလူငယ်တွေထဲမှာ ကက်တမင်းမူးယစ်ဆေးသုံးစွဲမှု အစပျိုးလာပြီလို့ ယူဆနိုင်တယ်”

စာရေးသူရဲ့စိတ်ထဲမှာ ပျော်လာတဲ့ သတင်းတစ်ခုကို ဆက်ပြောလိုက်ပါတယ်။

“အင်္ဂလန်နိုင်ငံမှာ ဖြစ်ပွားတဲ့ သတင်းတစ်ခုရှိတယ်။ မကြာသေးပါဘူး။ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ယောက်က သူငယ်ချင်းတစ်စုနဲ့ ဘီယာသောက်တယ်။ နောက်ပြီး ကက်တမင်းမူးယစ်ဆေးလည်း သုံးစွဲကြတယ်။ အမျိုးသမီးအဆောင်ပြန်ရောက်တော့ အဲဒီအမျိုးသမီးက ရေချိုးဖို့ ရေချိုးခန်းထဲဝင်သွားတယ်။ အချိန်တန်လို့ ရေချိုးခန်းထဲက ပြန်ထွက်မလာသေးတော့ သူငယ်ချင်းတွေက လိုက်ရှာကြတာပေါ့။ အဲဒီအမျိုးသမီးကို “ရေချိုးစည်ပိုင်းပြတ်”( Bath Tub)ထဲမှာ ရေနစ်သေဆုံးနေတာ တွေ့ကြရတယ်တဲ့”

“သူ့ကိုယ်သူ သတ်သေသွားတာလား”

“မဟုတ်ရပါဘူး။ ဆေးမူးနေလို့ မတော်တဆ ရေတိမ်မှာရေနစ်ရတာပါ”

“တချို့ကတော့ ခင်ဗျားပြောတဲ့ တရုတ်နိုင်ငံက အမျိုးသမီးလို ကယောင်ကတမ်းဖြစ်မယ်။ အသိစိတ်ကင်းကွာပြီး မပြုလုပ်သင့်တာကို ပြုမူလုပ်ဆောင်မိမယ်။ ဆေးအရှိန်ပြေသွားရင် ဆေးမူးချိန်မှာ ပြုလုပ်မိတာကို သတိမရတော့ဘူး။ ဒါကြောင့် ရိုဟပ်နောလ်ကို ‘ချိန်းဆိုလိင်အဓမ္မပြုဆေး’အဖြစ် အလွဲသုံးစွဲကြတာဖြစ်ပါတယ်။”

ကိုတာက စူးစမ်းမေးမြန်းတယ်။

“ကက်တမင်း(Ketamine)က ဘယ်လိုအာနိသင်ရှိလို့လဲ”

“ကက်တမင်းကို “ကြောင်ဗီလီယမ်”(Cat Valium)၊ “အထူးကေ”(Special-K)၊ “ဗီတာမင် ကေ”(Vitamin K) စသဖြင့် မှောင်ခိုဈေးကွက်မှာ တင်စားခေါ်ဆိုကြတယ်။ စားဆေး၊ ရှုဆေးအဖြစ် အသုံးပြုကြတယ်။ ဆေးသုံးစွဲပြီးရင် ၁၀ မိနစ်အတွင်း ဆေးအာနိသင်ရရှိလာတယ်။ စိတ်ပိုင်းဆိုင်ရာ ဆေးမူးလက္ခဏာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဆေးမူးလက္ခဏာ နှစ်မျိုးတွေ့ရှိရတယ်။

(က) ဆေးမူးလာရင် ပျော်ရွှင်မြူးတူးစိတ် ခံစားရမယ်။ အသိစိတ်က ခန္ဓာကိုယ်မှ ကင်းကွာသွားပြီး လေထဲမှာ ပျံဝဲနေသလို ခံစားရမယ်”

ကိုတာက မှတ်ချက်ချပါတယ်။

“ဒါကြောင့် လူငယ်တွေ နှစ်ခြိုက်တာဖြစ်မှာပေါ့”

“ရေမှုတ်တစ်ဖက်၊ မီးစာတစ်ဖက်ပါကိုတာ။ သာယာမှုမရှိတဲ့ စိတ်အပြောင်းအလဲကိုလည်း ခံစားလာရပါတယ်။ အချိန်နေရာနဲ့ ပတ်ဝန်းကျင်အခြေအနေကို အမှန်အတိုင်း မခန့်မှန်းနိုင်ဘဲ ယောင်ဝါးဝါးဖြစ်ခြင်း၊ အကြောင်းမဲ့အသံကြားခြင်း၊ မရှိတဲ့အရာတွေကို မြင်ယောင်မြင်မှားဖြစ်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ အတွေးမှားခြင်း၊ မဟုတ်တမ်းတရားတွေကို ယုံကြည်လက်ခံလာခြင်း စတဲ့ စိတ္တဇလက္ခဏာတွေကို ခံစားလာရမယ်”

“ပျော်ရွှင်မြူးတူးစိတ် ပျောက်ဆုံးသွားပြီး ကြောက်စိတ်၊ ညစ်ညူးစိတ်၊ သံသယစိတ်တွေ ဖြစ်ပေါ်လာမယ်။ ပိုပြီးဆိုးရွားတဲ့ လက္ခဏာတစ်ခုရှိတယ်။ ဆေးမူးနေသူရဲ့စိတ်ထဲမှာ ထွက်ပေါက်မရှိ၊ ချောင်ပိတ်မိနေသလို ခံစားရတယ်။ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေမယ်။ အဲဒီလိုအတွေ့အကြုံကို “ကေ-အမှောင်ကျင်း”( K-Hole)လို့ခေါ်ကြတယ်။ ဒါကြောင့် ကက်တမင်းဆေးမူးရင် အန္တရာယ်များတဲ့ မတော်တဆဖြစ်ပွားမှုအမျိုးမျိုးနဲ့ ကြုံကြိုက်နိုင်ပါတယ်”

ကိုတာက စကားလမ်းကြောင်းဆက်ပေးတယ်။

“ခန္ဓာကိုယ်မှဆေးမူးလက္ခဏာတွေကကော . .”

“(ခ) ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေလား။ ထုံဆေးထိုးထားသလို နာကျင်မှုမခံစားရခြင်း၊ ကြွက်သားတင်းမာခြင်း၊ ခြေလက်လှုပ်ရှားမှု ဟန်ချက်မညီဖြစ်ခြင်း၊ဒယီးဒယိုင်လှုပ်ရှားသွားလာခြင်း၊ ချွေးထွက်များခြင်း၊ တံတွေးထွက်များခြင်း၊ စကားပြောရင် အာလေးခြင်း၊ ဗလုံးဗထွေးပြောဆိုခြင်း၊ မျက်လုံးလှုပ်ခါခြင်း၊ မျက်စိသူငယ်အိမ်ကျဉ်းခြင်း စတဲ့ ခန္ဓာကိုယ်လက္ခဏာတွေကို တွေ့ရမယ်။ သွေးတိုးခြင်း၊ အသက်ရှူမြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူ ‘တိမ်’ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း လက္ခဏာတွေလည်း ခံစားရမယ်။ ဆေးဒဏ်မခံနိုင်ရင် ဒါမှမဟုတ် ဆေးအလွန်အကျွံ သုံးစွဲမိရင် နှလုံးခုန်မမှန်ခြင်း၊ နှလုံးခုန်ရပ်တန့်သွားခြင်း ဖြစ်နိုင်တယ်။ တက်မယ်၊ သတိလစ်မေ့မျောသွားမယ်။ ကက်တမင်းဆေးအာနိသင်က တစ်နာရီခွဲကျော် ကြာနိုင်တယ်။ ဆေးမူးပြေသွားရင် ဆေးမူးနေတဲ့အချိန်မှာ ဖြစ်ပွားတဲ့အဖြစ်အပျက်တွေကို မမှတ်မိဘူး။ “မှတ်ဉာဏ်ဟာကွက်”( Amnesia) ကိုရရှိနိုင်တယ်”

ကိုတာက သူကြားဖူးတဲ့ အချက်အလက်တစ်ခုကို ပြောတယ်။

“ပါတီပွဲထဲမှာ မိန်းကလေးတွေကိုဆေးခတ်ပြီး အနိုင်ကျင့်ဖို့ အသုံးပြုတဲ့ဆေးက ကက်တမင်းဆေးလား”

“မှန်ပါတယ်။ ကက်တမင်းဆေးက “ချိန်းဆိုလိင်အဓမ္မပြုဆေး”(Date Rape Drug)တစ်မျိုးပါ။ ကက်တမင်းဆေးက ရေထဲမှာပျော်ဝင်တယ်။ အနံ့အရသာမရှိဘူး။ ဒါကြောင့် ဖျော်ရည်ထဲမှာ ဆေးခတ်ထားရင် မသိသာဘူး။ ကက်တမင်းဆေးမူးနေရင် သတိရတစ်ချက်၊ မရတစ်ချက်ရှိမယ်။ အခြေအနေမှန်ကို မရိပ်မိဘူး။ ခြေလက်တွေက ဒယီးဒယိုင်ဖြစ်နေလို့ တွန်းလှန်နိုင်အား မရှိဘူး။ မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ဘူး။ ဆေးအရှိန်ပြယ်သွားရင် အနိုင်ကျင့်ခံရတဲ့ အဖြစ်အပျက်ကို မမှတ်မိဘူး။ ဒါကြောင့် အကြံယုတ်မာ ကောက်ကျစ်စဉ်းလဲသူတွေက ကက်တမင်းဆေးကို သူတို့အကြံအောင်မြင်ဖို့ အသုံးချကြပါတယ်”

ကိုတာက ဖြည့်စွက်ပြောပါတယ်။

“ဆေးခတ်ပြီး လိင်အဓမ္မပြုကျင့်သူ အတော်များများက ဓားစာခံအမျိုးသမီးနဲ့ သိကျွမ်းသူတွေလို့ ကျွန်တော်ဖတ်ရဖူးတယ်”

“မှန်ပါတယ်ကိုတာ။ ပါတီကပွဲမှာ ဖျော်ရည်သောက်ဖို့လာပေးရင် သတိထားရမယ်။ ကက်တမင်းအပြင် တခြားဆေးတွေလည်း ရှိသေးတယ်။ ရိုဟပ်နောလ်(ဓာတုအမည် Flunitrazepam)နဲ့ “ဂျီ အိပ်ချ်ဘီ”( GHB)(ဓာတုအမည် Gamma Hydroxybutyric Acid)ဆေးတွေပါ”

အနည်းငယ်တွေဝေစဉ်းစားပြီး ကိုတာကပြောတယ်။

“တရုတ်နိုင်ငံမှာ စိတ်ငြိမ်ဆေးစွဲနေတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးအကြောင်းကို သတိရလို့ပါ။ အဲဒီအမျိုးသမီးက ရိုဟပ်နောလ်သောက်ပြီး “အသိစိတ်ကင်းကွာအခြေအနေ”(Fugue) ဖြစ်သွားတယ်။ ဈေးတန်းထဲမှာ တွေ့ကရာပစ္စည်းတွေကို ကောက်ယူနေလို့ အဖမ်းခံရတယ်တဲ့”

“အဲဒါ ရိုဟပ်နောလ်ဆေးကြောင့် တစ်ခါတစ်ရံ ဖြစ်ပေါ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးပါ။ ရိုဟပ်နောလ်က အာနိသင်ပြင်းထန်ပြီး ဆေးစွဲရောဂါ ဖြစ်ပွားလွယ်တဲ့ စိတ်ငြိမ်ဆေး၊အိပ်ဆေးဖြစ်တယ်။ ကုသလို့မရတော့တဲ့ နာတာရှည်ရောဂါရှင်တွေအတွက် စိတ်ငြိမ်ဆေး၊ အိပ်ဆေးအဖြစ် အသုံးပြုပါတယ်။ သြစတြေးလျနိုင်ငံ၊ မှောင်ခိုဈေးကွက်မှာ ROACH ၊ Mexico Valium စတဲ့ အမည်တွေနဲ့ ရောင်းချတယ်။ ဒီဆေးက ရေထဲမှာပျော်ဝင်နိုင်တယ်။ အနံ့အရသာမရှိဘူး။ ဆေးအာနိသင်ကြောင့် အာလေးလျှာလေးဖြစ်မယ်၊ ဒယီးဒယိုင်ဖြစ်မယ်၊ အိပ်ငိုက်မယ်၊ မူးဝေလဲကျသွားနိုင်တယ်။ တချို့ကတော့ ခင်ဗျားပြောတဲ့ တရုတ်နိုင်ငံက အမျိုးသမီးလို ကယောင်ကတမ်းဖြစ်မယ်။ အသိစိတ်ကင်းကွာပြီး မပြုလုပ်သင့်တာကို ပြုမူလုပ်ဆောင်မိမယ်။ ဆေးအရှိန်ပြေသွားရင် ဆေးမူးချိန်မှာ ပြုလုပ်မိတာကို သတိမရတော့ဘူး။ ဒါကြောင့် ရိုဟပ်နောလ်ကို “ချိန်းဆိုလိင်အဓမ္မပြုဆေး”အဖြစ် အလွဲသုံးစွဲကြတာ ဖြစ်ပါတယ်။

ဂျီအိပ်ချ်ဗီ(GHB)က တတိယအများဆုံး အသုံးပြုတဲ့ “ချိန်းဆိုလိင်အဓမ္မပြုဆေး”ဖြစ်တယ်။ မှောင်ခိုဈေးကွက်မှာ(Cherry Meth၊ CLiquid Ectasy၊ Saltwater၊ Energy Drink)စသဖြင့် နာမည်အမျိုးမျိုးနဲ့ ရောင်းချနေကြတယ်။ တခြားအပန်းဖြေ မူးယစ်ဆေးတွေနဲ့ လွဲမှားအသုံးပြုမိနိုင်တယ်။ ဂျီအိပ်ချ်ဘီကလည်း အရောင်မရှိဘူး။ အနံ့မရှိဘူး။ ဒါပေမဲ့ ဂျီအိပ်ချ်ဘီပါတဲ့ အရည်က နည်းနည်းငံတဲ့အရသာရှိမယ်။ ဆေးအာနိသင်က စိတ်ပျော်ရွှင်မြူးတူးစေပါတယ်။ အာလေးလျှာလေးဖြစ်မယ်။ ဂနာမငြိမ်ဖြစ်တတ်တယ်။ အဆင်မသင့်ရင် သတိမေ့မျောသွားမယ်။ အသက်ရှူရပ်သွားနိုင်တယ်။ ဂျီအိပ်ချ်ဘီကို လူငယ်တွေထဲမှာ သုံးစွဲမှုက တစ်ထောင်မှာ ၃ ယောက်နှုန်းသာ ရှိပါတယ်။ ဒါပေမဲ့ ဂျီအိပ်ချ်ဘီဆေးမူးပြီး သေဆုံးတဲ့နှုန်းက များပြားကြောင်း တွေ့ရတယ်။ အင်္ဂလန်နိုင်ငံမှာ လေ့လာထားတဲ့ သုတေသနတစ်ခုရှိတယ်။ ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွင်း ဂျီအိပ်ချ်ဘီ ဆေးအပျော်သုံးစွဲလို့ သေဆုံးရသူ ၆၁ ယောက်ရှိပါတယ်။ (Strudwick ၂၀၁၇)

Most Popular

Healthy Life Ad
To Top