Healthy Life Ad
Q & A

မျက်စိနာခြင်း(မျက်မြှေးရောင်ရမ်းနာ)နှင့် ပတ်သက်သည့် အယူအဆများ

—–၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. မျက်စိနာနေတဲ့သူကို ကြည့်လိုက်မိရင် မျက်စိနာတာ ကူးတတ်တယ်ဆိုတဲ့ အယူအဆအကြောင်း ရှင်းပြပေးပါ ဆရာ။

A. မျက်စိနာတဲ့သူကို ကြည့်မိရုံနဲ့ မကူးနိုင်ပါဘူး။ ပိုးကူးစက်တယ်ဆိုတာက ထိတွေ့မှုရှိမှပဲ ကူးစက်တာပါ။ ဥပမာအနေနဲ့ပြောရရင် မျက်စိနာပြီး မျက်ဝတ်တွေထွက်တာကို ဆပ်ပြာနဲ့မျက်နှာသစ်လိုက်တယ်။ အဲဒီဆပ်ပြာမှာ ပိုးကသွားကပ်ပြီးတော့ နောက်လူတစ်ယောက်က အဲဒီဆပ်ပြာကို သုံးလိုက်မိရင် မျက်စိထဲ ပိုးဝင်သွားနိုင်ပါတယ်။ မျက်စိနာတဲ့သူက လက်နဲ့မျက်စိကိုကိုင်ပြီး တခြားအသုံးအဆောင်တွေကို ကိုင်တွယ်သုံးတဲ့အခါ အဲဒီအသုံးအဆောင်တွေမှာ ပိုးကကပ်ညိသွားတယ်။ ပိုးကပ်ညိနေတဲ့ အသုံးအဆောင်ကို တခြားလူတစ်ယောက် လက်နဲ့ကိုင်မိပြီး ပိုးကပ်ညှိနေတဲ့လက်နဲ့ မျက်စိကိုထိမိရာက ကူးစက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မျက်စိနာတဲ့သူက ကိုယ်သုံးတဲ့ဆပ်ပြာ၊ မျက်နှာသုတ်ပဝါ စတာတွေကို သီးသန့်ထားသင့်ပါတယ်။ မျက်စိနာတဲ့သူက မျက်စိကိုကိုင်တွယ်ပြီးတဲ့အခါတိုင်း လက်ကိုဆပ်ပြာနဲ့ ရေသုံးပြီးဆေးကြောပေးသင့်ပါတယ်။

Q. မျက်စိနာနေရင် နေကာမျက်မှန်တပ်ဆင်ရတယ်ဆိုတဲ့ အယူအဆကရော မှန်ပါသလား ဆရာ။

A. မျက်စိနာနေတဲ့အချိန်မှာ အလင်းတန်းကို ကောင်းကောင်းမကြည့်နိုင်ဘဲ မျက်စိကျိန်းတတ်ပါတယ်။ အဲဒီအချိန်မှာ နေကာမျက်မှန်တပ်လိုက်ရင် မျက်စိမကျိန်းတော့ပါဘူး။ အလင်းတန်းကို ကောင်းကောင်း ကြည့်နိုင်သွားပါတယ်။ ဒါပေမဲ့ ဒါက မျက်စိနာရောဂါ သက်သာသွားတာမဟုတ်ပါဘူး။ ရောဂါလက္ခဏာ တစ်ခုဖြစ်တဲ့ မျက်စိကျိန်းတာ သက်သာသွားတာပါ။ မျက်စိနာတာ သက်သာချင်ရင်တော့ မျက်စိကို ရေများများနဲ့ အားရပါးရဆေးကြောပြီး ပဋီဇီဝပိုးသတ်ဆေးနဲ့ စတီးရွိုက်ရောထားတဲ့ မျက်စဉ်းဆေး တစ်ခါထည့် တစ်စက်နဲ့ တစ်နေ့လေးကြိမ် ခတ်ရပါမယ်။

“မျက်စိနာရင် မျက်စိနီတာ၊ မျက်ဝတ်အထွက်များတာ၊ မျက်ရည်ပူကျလာတာနဲ့ အလင်းရောင်ကောင်းကောင်း ကြည့်လို့မရဘဲ မျက်စိကျိန်းတာ စတဲ့လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ မျက်စိနာတာကို ကုသတာက လွယ်ပါတယ်။”

Q. မျက်စိနာရင် ကွမ်းရွက်ရည်တွေ ညှစ်ထည့်ပါက သက်သာတယ်ဆိုတဲ့ အယူအဆကကော မှန်ပါသလားဆရာ။

A. မျက်စိနာတာက ရောဂါပိုးဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်နိုင်သလို ဓာတ်မတည့်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်စိထဲကို ပြင်ပပစ္စည်းဖြစ်တဲ့ Organic Material တွေကိုတော့ လုံးဝမထည့်သင့်ပါဘူး။ ကွမ်းရွက်လို ပြင်ပပစ္စည်းတွေမှာ ဖန်းဂတ်စ်မှို ပါဝင်တတ်တာကြောင့် မျက်စိကို ထိခိုက်စေနိုင်ပါတယ်။ မျက်စိနာတာမဟုတ်ဘဲ မျက်စိညောင်းတာဆိုရင်တော့ မျက်လုံးပေါ်ကို ကွမ်းရွက်နဲ့အုပ်တာမျိုးက မျက်လုံးကို အေးမြတဲ့ခံစားမှုကို ရရှိစေတာကြောင့် ဘာမှပြဿနာမရှိပါဘူး။ မျက်လုံးထဲကို ဆရာဝန်ညွှန်ကြားတဲ့ ဆေးမဟုတ်ရင် ဘာမှမထည့်သင့်ပါဘူး။ မျက်စိနာတာကို ပဋိဇီဝပိုးသတ်ဆေးတစ်မျိုးတည်းပါတဲ့ မျက်စဉ်းဆေးထည့်ရင်တော့ ကိုယ့်ဘာသာ ကိုယ်သုံးလို့ရပါတယ်။ စတီးရွိုက်နဲ့ ပဋိဇီဝပိုးသတ်ဆေး ရောထားတဲ့ မျက်စဉ်းဆေးဆိုရင်တော့ မျက်စိဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ပဲ သုံးသင့်ပါတယ်။ စတီးရွိုက်နဲ့ ပဋိဇီဝပိုးသတ်ဆေး ရောထားတဲ့ မျက်စဉ်းဆေးကသာ မျက်စိနီတာနဲ့ရောင်တာကို သက်သာစေပါတယ်။ ပဋိဇီဝပိုးသတ်ဆေး တစ်မျိုးတည်းပါတဲ့ မျက်စဉ်းဆေးကတော့ မျက်စိရောင်တာနဲ့နီတာ ပျောက်နိုင်ခြေရှားပါတယ်။ ဒါပေမဲ့ မျက်စိဆရာဝန်နဲ့ မပြနိုင်သေးတဲ့ အခိုက်အတန့်မှာတော့ ပဋိဇီဝမျက်စဉ်းဆေးကို တစ်နေ့လေးကြိမ် ခတ်ထားသင့်ပါတယ်။

Q. မျက်စိနာတာက ဆေးမထည့်ဘဲနဲ့ သူ့အလိုလို ပျောက်နိုင်တယ်ဆိုတဲ့ အယူအဆကရော မှန်ပါသလား ဆရာ။

A. မျက်စိနာတာက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာ (Viral Conjuntivitis) ဆိုရင်တော့ ကိုယ်ခံအားကောင်းရင် ဆေးမထည့်ဘဲနဲ့ သူ့အလိုလိုပျောက်သွားနိုင်ပါတယ်။ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ မျက်စိနာတာဆိုရင်လည်း မျက်စိကို ရေဆေးပေးရုံနဲ့ ဓာတ်မတည့်တာလျော့သွားပြီး သက်သာသွားနိုင်ပါတယ်။ နောက်ထပ် ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေနဲ့ မထိတွေ့တော့ဘူးဆိုရင် မျက်စိနာတာ ပျောက်သွားနိုင်ပါတယ်။ ဘက်တီးရီးယားကြောင့် မျက်စိနာတာဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေးပါတဲ့ မျက်စဉ်းဆေးမထည့်ဘဲနဲ့ မပျောက်နိုင်ပါဘူး။

မှတ်ချက်

• မျက်လုံးကိုအုပ်ထားတဲ့ အမြှေးပါးကို Conjuntiva လို့ခေါ်ပါတယ်။ အဲဒီအမြှေးပါးမှာ ရောဂါပိုးကျရောက်ပြီး ရောင်ရမ်းတာကို မျက်မြှေးရောင်ခြင်း ဒါမှမဟုတ် မျက်စိနာခြင်းလို့ ခေါ်ပါတယ်။

• မျက်စိနာရင် မျက်စိနီတာ၊ မျက်ဝတ်အထွက်များတာ၊ မျက်ရည်ပူကျလာတာနဲ့ အလင်းရောင်ကောင်းကောင်း ကြည့်လို့မရဘဲ မျက်စိကျိန်းတာ စတဲ့လက္ခဏာတွေကို ခံစားရတတ်ပါတယ်။

• မျက်စိနာတာကို ကုသတာက လွယ်ပါတယ်။ မျက်ကြည်လွှာ(Cornea)ကို ဘာမှထိခိုက်မှုမရှိဘူးဆိုရင် မျက်စိကို ကြက်သီးနွေးရေနဲ့ တစ်နေ့နှစ်ကြိမ် ဆေးကြောပေးပြီး ဆရာဝန်ညွှန်ကြားထားတဲ့ မျက်စဉ်းဆေးကို ခတ်သင့်ပါတယ်။

• မျက်စဉ်းမခတ်ခင်နဲ့ ခတ်ပြီးချိန်မှာ လက်ကိုစင်ကြယ်အောင် ဆေးကြောပေးရပါမယ်။

• မျက်စိနာသူက မျက်နှာသုတ်ပဝါ၊ အလှပြင်ပစ္စည်း၊ အဝတ်အစားစတဲ့ တကိုယ်ရေအသုံးအဆောင်တွေကို သီးသန့်ထားပြီး သီးသန့်လျှော်ဖွပ်သန့်စင်ရပါမယ်။

Most Popular

Healthy Life Ad
To Top