Healthy Life Ad
Q & A

လေသင်တုန်းဖြတ်ခြင်းဆိုတာ ဘာလဲ . .

—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) ၊——

Q. လေသင်တုန်းဖြတ်တယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ ဆရာ။

A. လေသင်တုန်းဖြတ်တယ်ဆိုတာ လေဖြတ်တာ (Stroke)ကို အရပ်ထဲမှာ ခေါ်ကြတာဖြစ်ပါတယ်။ နောက်အရပ်ထဲမှာ ပြောလေ့ရှိတဲ့ အခေါ်အဝေါ်တစ်ခုက လေဖြန်းတာပါ။ ဒါက TIA (Transient-Ischaemic Attack) ပဲ ဖြစ်ပါတယ်။ လေသင်တုန်းဖြတ်တာနဲ့ မတူပါဘူး။ လေဖြန်းတာက ရုတ်တရက်ဖြစ်တာမျိုးပါ။ ညနေ ၆ နာရီလောက်ကို အကောင်းကြီးကနေ ည ၇ နာရီလောက်မှာ ပါးတစ်ခြမ်းရွဲ့သွားတာမျိုးလို ရုတ်တရက်ကြီး ဖြစ်သွားတာကို လေဖြန်းတယ်လို့ခေါ်ပါတယ်။ တစ်ကိုယ်လုံးလည်း မဖြစ်တတ်ပါဘူး။ မျက်စိတွေဆိုလည်း ကြည့်နေရင်းနဲ့ နှင်းတွေလို အဖြူတွေအပြည့် ပိတ်သွားပြီး ဘာမှမမြင်ရတော့ပါဘူး။ နောက်မှ ပြန်မြင်လာပြန်ပါတယ်။ အဲဒီလိုမျိုး ဖြစ်တတ်ပါတယ်။ မြင်ကွင်း ခဏပျောက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ လက်တစ်ဖက်လှုပ်လို့မရတော့တာမျိုး ဖြစ်သွားတယ်၊ ဒါပေမဲ့ ချက်ချင်းပဲ ပြန်ကောင်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါက သွေးကြောကျဉ်းသွားလို့ ဖြစ်တာပါ။ အချိန် ၂၄ နာရီအတွင်း ပြန်ကောင်းသွားနိုင်ပါတယ်။

လေဖြန်းတာလိုပဲ သွေးကြောတွေကြောင့်ဖြစ်သွားပြီး ၂၄ နာရီအတွင်း ပြန်မကောင်းလာတာကိုတော့ လေသင်တုန်းဖြတ်တယ် (လေဖြတ်တယ်)လို့ခေါ်ပါတယ်။ လေဖြန်းတာနဲ့ လေဖြတ်တာကို ၂၄ နာရီနဲ့ ခွဲခြားပါတယ်။ ၂၄ နာရီအတွင်း ပြန်ကောင်းရင် လေဖြန်းတာ၊ ပြန်မကောင်းရင် လေဖြတ်တာလို့ သတ်မှတ်ထားပါတယ်။ ဒါတွေက ရုတ်တရက် (Acute) ဖြစ်တာတွေဖြစ်ပြီး အများစုကတော့ သွေးကြောကြောင့်ဖြစ်တာတွေပဲ ဖြစ်ပါတယ်။ နှစ်ရက်၊ သုံးရက်လောက်ဖျားပြီးမှ ပါးရွဲ့သွားတာမျိုးဖြစ်ခဲ့ရင် ပိုးဝင်တာ (Infection)ကို စဉ်းစားပါတယ်။ အချိန်တစ်လလောက် ခေါင်းကိုက်ပြီးတော့မှ ပါးရွဲ့သွားပြီးဖြစ်ခဲ့ရင် ကင်ဆာ(Neoplastic)လို့ စဉ်းစားပါတယ်။ လေဖြန်းတာတွေ၊ လေဖြတ်တာတွေက များသောအားဖြင့် တစ်ခြမ်းပဲဖြစ်တာများပါတယ်။ ခြေ၊ လက် လေးဖက်လုံးဖြစ်တယ်ဆိုတာ မရှိသလောက်တော့ ရှားပါတယ်။

“လေသင်တုန်းဖြတ်တယ်ဆိုတာ လေဖြတ်တာ(Stroke) ကို အရပ်ထဲမှာ ခေါ်ကြတာဖြစ်ပါတယ်။ နောက်အရပ်ထဲမှာ ပြောလေ့ရှိတဲ့ အခေါ်အဝေါ်တစ်ခုက လေဖြန်းတာပါ။ ဒါက TIA (Transient-Ischaemic Attack) ပဲ ဖြစ်ပါတယ်။ လေသင်တုန်းဖြတ်တာနဲ့ မတူပါဘူး။”

Q. လေသင်တုန်းဖြတ်တာက ဘာကြောင့်အဖြစ်များတတ်ပါသလဲ ဆရာ။

A. ဦးနှောက်သွေးကြောကျဉ်းတာက နှလုံးသွေးကြောကျဉ်းရောဂါရှိသူတွေ၊ သွေးတိုးရှိသူ၊ ဆီးချိုရှိသူတွေ၊ နှလုံးခုန်မမှန်သူတွေ၊ မွေးရာပါနှလုံးအဆို့ရှင်အပေါက်တွေ ကျဉ်းနေတာ/ ကျယ်နေတာတွေ ဖြစ်နေသူတွေမှာ အဖြစ်များပါတယ်။ အဆီများသူတွေမှာလည်း အဖြစ်များပါတယ်။ အဓိကကတော့ သွေးတိုးကို ကောင်းကောင်း မထိန်းနိုင်လို့ ဖြစ်တာများပါတယ်။ လေဖြန်းတာနဲ့ လေဖြတ်တာကတော့ ဦးနှောက်ကိုသွားတဲ့ သွေးကြောကျဉ်းလို့ ဖြစ်တာဖြစ်ပါတယ်။ သွေးကြောကျဉ်းတဲ့အချိန်မှာ သွေးခဲလေးတွေက တစ်နေရာမှာ သွားပိတ်ဆို့မိသွားနိုင်ပါတယ်။ သွေးခဲတွေ ပိတ်လိုက်တဲ့အတွက် ဦးနှောက်ထဲကို သွေးမရောက်တော့ပါဘူး။ ဦးနှောက်ထဲ သွေးမရောက်တဲ့နေရာက မျက်စိနဲ့ဆိုင်ရင် မျက်စိခဏကွယ်သွားတယ်၊ လက်နဲ့ဆိုင်ရင် လက်တစ်ခြမ်းသေသွားတယ်၊ ခြေထောက်နဲ့ဆိုင်ရင် ခြေတစ်ခြမ်းသေတာတွေ ဖြစ်သွားပါတယ်။ ဆို့သွားတဲ့ သွေးခဲသွေးကြောလေးတွေက ၂၄ နာရီအတွင်း ပြန်ပွင့်သွားခဲ့ရင် လေဖြန်းတာဖြစ်ပြီး ပြန်မပွင့်ခဲ့ရင်တော့ လေဖြတ်ဝေဒနာ ဖြစ်သွားပါတယ်။ လေဖြတ်တာကတော့ ဦးနှောက်သွေးကြောပိတ်တာနဲ့ ပေါက်တာနှစ်မျိုးကြောင့် ဖြစ်တတ်ပါတယ်။ အခုပြောနေတာတွေက ပိတ်တဲ့အကြောင်း ဖြစ်ပါတယ်။ ဦးနှောက်သွေးကြောပေါက်တဲ့ အကြောင်းမပါပါဘူး။

Q. လေသင်တုန်းဖြတ်တာ မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

A. လေဖြတ်တာနဲ့ လေဖြန်းတာမဖြစ်အောင် ကာကွယ်ရမှာကတော့ အငန်လျှော့စားရပါမယ်၊ အဆီတွေလျှော့စားဖို့ လိုပါတယ်။ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါရှိရင် နိုင်အောင်ထိန်းရပါမယ်။

Q. လေသင်တုန်းဖြတ်တာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် ပြောပြပေးပါဆရာ။

A. လေဖြန်းတဲ့သူ ခြောက်ရာခိုင်နှုန်းက လေဖြတ်တတ်ကြပါတယ်။ ဒါကြောင့် တစ်ကြိမ်လေဖြန်းဖူးရင် လိုအပ်တဲ့ သွေးဖောက်စစ်ဆေးမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ အီးစီဂျီရိုက်ဖို့ လိုအပ်ပါတယ်။ ဆီးချို၊ သွေးတိုး စစ်ရပါတယ်။ သွေးသိပ်ပျစ်လားဆိုတာလည်း စစ်ဖို့လိုပါတယ်။ ကိုလက်စထရောစစ်ရပါမယ်။ လည်ပင်းကိုသွားတဲ့ သွေးကြောတွေကိုလည်း စစ်ပေးရပါတယ်။ သွေးကြောကျဉ်းတာ၊ ကျယ်တာကို စစ်ဆေးနိုင်တဲ့ Carotid Doppler နဲ့ လည်ပင်းနေရာကို ထောက်ပြီး စစ်ဆေးကြည့်ရပါတယ်။ အဲဒီမှာ လည်ပင်းသွေးကြောက ၇၀ ရာခိုင်နှုန်းထက် ပိုပြီး ကျဉ်းနေတယ်ဆိုရင် လေဖြတ်နိုင်ခြေ အရမ်းများပါတယ်။ အဲဒီလိုဖြစ်နေရင် လူနာကို အဆီကျဆေးတွေ တိုက်ရပါတယ်။ သွေးကျဲဆေးတွေလည်း ပေးရပါတယ်။ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါရှိနေရင် ကုရပါတယ်။ ကိုလက်စထရောတွေ တက်နေရင်လည်း ကုရပါတယ်။ နိုင်ငံခြားမှာတော့ ဦးနှောက် CT Scan ရိုက်တာလည်း လိုအပ်ရင် လုပ်ကြတာရှိပါတယ်။ လေသင်တုန်းဖြတ်တဲ့ လူနာတွေကိုတော့ မကြာခဏ တွေ့နေရပါတယ်။ အဓိကကတော့ သွေးတိုးကို ကောင်းကောင်းမထိန်းနိုင်လို့ ဖြစ်ရတာပါ။

Most Popular

Healthy Life Ad
To Top