Healthy Life Ad
Health Tips

ကလေးတွေကို ဘာကြောင့် ပုံမှန်ပွေ့ဖက်ပေးဖို့ အရေးကြီးတာလဲ ….

……………၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊……………

သင့်ကလေးကို အနည်းဆုံး တစ်နေ့တစ်ကြိမ် ပွေ့ဖက်ပေးပါ။ ပွေ့ဖက်ပေးတာက စိတ်ခံစားချက်ကောင်းစေပြီး ကလေးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေပါတယ်။ ကလေးတွေကို ပွေ့ဖက်ပေးတာကြောင့် ကြီးလာတဲ့အခါ ကြင်နာတတ်ပြီး ကောင်းတဲ့စိတ်နှလုံးသားကို မျှဝေတတ်လာတယ်၊ လူတွေနဲ့ ခိုင်မာတဲ့သံယောဇဉ်ကို ဖန်တီးတတ်လာပါတယ်။

ပွေ့ဖက်ခြင်းက ပျော်ရွှင်တဲ့ကလေးငယ်များ ဖြစ်စေနိုင်

ကလေးတစ်ယောက်ကို ပွေ့ဖက်ပေးတာက ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားစိတ်တိုးစေပြီး ယုံကြည်မှုပိုရှိစေကာ အကောင်းမြင်စိတ် မြင့်တက်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ်လေးစားတန်ဖိုးထားစိတ်၊ ယုံကြည်မှုရှိခြင်းနဲ့ ကိုယ့်ဘဝကို ပဲ့ကိုင်နိုင်စွမ်းဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ အရင်းအမြစ်သုံးခုလုံးက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေပြီး စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေကို ဟန့်တားပေးတာကြောင့် ကလေးတွေကို ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုကို ပိုမိုခံစားရစေတာ ဖြစ်ပါတယ်။

ပွေ့ဖက်ခြင်းက စာနာစိတ်ကို ဖွံ့ဖြိုးတိုးတက်စေနိုင်

ကလေးကို ပွေ့ဖက်တာက သင်ကောသင့်ကလေးကိုပါ စိတ်ခံစားမှုကောင်းမွန်စေပါတယ်။ ဒီစွမ်းအင်ဖလှယ်မှုက ကလေးကို စာနာစိတ်ရဲ့တန်ဖိုး သိနားလည်လာစေပါတယ်။ တခြားသူတွေ ဘယ်လိုခံစားရတယ်ဆိုတာ နားလည်ပြီး လူတွေကို စာနာတတ်ကာ ချစ်တတ်လာပါတယ်။

ပွေ့ဖက်ခြင်းက နာကျင်မှုဒဏ်ရာတွေကို ရပ်တန့်စေနိုင်

ကလေးတွေ မကောင်းတဲ့အပြုအမူလုပ်လို့ ဒဏ်ပေးတဲ့အခါ အော်ငေါက်ထားတာကြောင့် ပြန်လည်ပွေ့ဖက်လိုက်ရင် ရောင့်တက်သွားမလားဆိုပြီး မိဘအများစုက စိတ်ပူကြပါတယ်။ ကလေးကို ပွေ့ဖက်လာတာက သူ့ကို ဆိုးသွမ်းမှုကနေပြန်ပြီး တည့်မတ်သွားစေတာပါ။ အောက်ဆီတိုစင်ဟော်မုန်း ထွက်လာတဲ့အတွက် ကလေးဟာ စိုးရိမ်သောကလျော့သွားပြီး သူရဲ့ဆိုးသွမ်းတဲ့ အပြုအမူလေးကို အချိန်မီ ပြင်ဆင်ဖို့ တည်ငြိမ်သွားပါတယ်။

ပွေ့ဖက်ခြင်းက စမတ်ကျတဲ့ကလေးတွေ ဖြစ်လာစေနိုင်

ကလေးတွေက သူတို့ဖွံ့ဖြိုးတိုးတက်မှု လှုံ့ဆော်ဖို့ရာ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု လိုအပ်ပါတယ်။ မိဘမဲ့ကျောင်းတွေက ကလေးတွေနဲ့ သာယာတဲ့မိသားစုက ကလေးတွေကို ယှဉ်လိုက်တဲ့အခါ မိဘမဲ့ကလေးတွေရဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းက သိသိသာသာ လျော့ကျနေတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

ပွေ့ဖက်ခြင်းက ကလေးတွေကို ရင့်ကျက်စေနိုင်

သင့်ကလေးကို ပွေ့ဖက်တာက သူတို့ကို ပုံမှန်ကြီးထွားရင့်ကျက်စေပါတယ်။ ကလေးတစ်ယောက်က ပုံမှန်ဗီတာမင်နဲ့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ရရှိထားရင်တောင် ပွေ့ဖက်ပေးခြင်းမရှိရင် ကြီးထွားမှုက နှေးသွားတတ်ပါတယ်။ ပွေ့ဖက်တဲ့အခါ ထွက်လာတဲ့ အောက်ဆီတိုစင်ဟော်မုန်းက ခန္ဓာကိုယ်မှာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

ပွေ့ဖက်ခြင်းက ကလေးတွေကို ကျန်းမာစေနိုင်

ကလေးတွေကို ကျန်းမာစေပြီး ကိုယ်ခံအားစနစ် မြင့်တက်ဖို့အတွက် အောက်ဆီတိုစင်ဟော်မုန်းက အရေးပါပါတယ်။ ပွေ့ဖက်တဲ့အခါ ထွက်လာတဲ့ အောက်ဆီတိုစင်က အနာကျက်စေတဲ့အပြင် ရောင်ရမ်းမှုကိုလည်း လျော့ကျစေပါတယ်။ ဒါက ကလေးတွေ ရင်ဆိုင်ရနိုင်တဲ့ လူမှုရေးနဲ့ တခြားစိတ်ဖိစီးမှု အမျိုးအစားတွေကို ဖြေရှင်းဖို့ရာ ကူညီပေးပါတယ်။

ပွေ့ဖက်ခြင်းက ကလေးနှင့်မိဘကြား ခိုင်မာတဲ့ချည်နှောင်မှု ဖြစ်စေနိုင်

ပွေ့ဖက်တာက ကလေးတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပြီး ကြောက်ရွံ့မှုလျော့ကျကာ တခြားသူတွေကို လက်ခံနိုင်စွမ်း တိုးလာပါတယ်။ ဒါက ကလေးတစ်ယောက်ကို လုံခြုံစေပြီး မိဘနဲ့ကလေးကြား သံယောဇဉ်ကို ပိုတိုးစေတဲ့အချက်ပါပဲ။

Most Popular

Healthy Life Ad
To Top