————–၊ ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—————
ဘဝနေထိုင်မှု ပုံစံပြောင်းခြင်းဖြင့် မိမိအသက်ကို မိမိကယ်တင်ခဲ့သူတစ်ဦးအကြောင်း
ဒီလို နေထိုင်မှုပုံစံကို အစွမ်းအထက်ဆုံးသော စိတ်အား၊ ဉာဏ်အားတို့နဲ့ အောင်မြင်စွာ ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီး ကျောက်ကပ်ပျက်မယ့်အခြေအနေမှ ကင်းလွတ်ခဲ့ရုံသာမကပဲ ဘယ်ဆေးမှ မသောက်ရတော့ဘဲ အလွန်ကျန်းမာနေတဲ့ ဘဝသို့ ပြန်လည်ရောက်ရှိသွားသူ တစ်ယောက်အကြောင်းကို လူအများ သင်ခန်းစာယူနိုင်ဖို့ ဖော်ပြသွားမှာ ဖြစ်ပါတယ်။
သူ့အမည်က Mr.Gerald C Hsu ဖြစ်ပြီး ဂျယ်ရီလို့ အလွယ်ခေါ်ကြပါတယ်။ သူဟာ (EclairMD foundation)အီကလဲရားအမ်ဒီဖောင်ဒေးရှင်းရဲ့ ဥက္ကဌတစ်ဦးဖြစ်ပြီး၊ လက်ရှိကျော်ကြားနေတဲ့ နိုင်ငံတကာ ဟောပြောသူ (International keynote speaker) တစ်ဦးဖြစ်ပါတယ်။ ၂၆-၁-၁၉ ရက်နေ့က မြန်မာနိုင်ငံ ဟော်မုန်းရောဂါအသင်း (MSEM) ရဲ့ ဖိတ်ကြားချက်အရ မီလီယာ Melia ဟိုတယ်မှာ လာရောက်ဟောပြောခဲ့တဲ့အတွက် နားထောင်ခွင့်ကြုံခဲ့ရပါတယ်။ သူရဲ့ ဟောပြောချက်တွေနဲ့ သူရဲ့ဘဝဖြစ်စဉ်အကြောင်းကို လေ့လာခဲ့ရပြီး သူ့ကျင့်စဉ်ကဲ့သို့ လိုက်လုပ်နိုင်ရင် ဆီးချိုလူနာတွေအများကြီး အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် သူထံ ခွင့်ပြုချက်တောင်းခံပြီး ဖော်ပြလိုက်ပါတယ်။
ဂျယ်ရီရှီးအကြောင်း (About Gerald Hsu)
ဂျယ်ရီရှီး (Gerald C Hsu)ဟာ အသက် ၇၁ နှစ်ခန့်ရှိတဲ့ အမေရိကန်နိုင်ငံသား၊ တရုတ်လူမျိုး ဆီးချိုလူနာရှင် တစ်ဦးဖြစ်ပါတယ်။ သူ့အကြောင်းကို အစကနေပြောပြမှ ပိုပြီး ပြီပြင်မှာဖြစ်လို့ သူရဲ့ဘဝဖြစ်စဉ် ရာဇဝင်ကို စပြောပြလိုပါတယ်။
ဂျယ်ရီဟာ တကယ်တော့ ကမ္ဘာမှာ အအောင်မြင်ဆုံးသော အိုင်တီပညာရှင်ဖြစ်ပါတယ်။ သူ့ဖခင်ဟာ တရုတ်နိုင်ငံမှ ခေတ်ပညာတတ်ဆရာဝန်ကြီး တစ်ဦးဖြစ်ပါတယ်။ ဂျယ်ရီငယ်စဉ်ကစပြီး အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သူဟာ အလွန်ထက်မြက်ပြီး ပညာထူးချွန်တဲ့ ပါမီရှင်တစ်ဦး ဖြစ်ပါတယ်။ ဘွဲ့တွေရဖို့အတွက် မဟုတ်ဘဲ မိမိဝါသနာအလျောက် စူးစမ်းမှုတွေလည်း အမြဲပြုလုပ်နေသူတစ်ဦး ဖြစ်ပါတယ်။ သူဟာ တက္ကသိုလ် ၇ ခုမှ အောက်ပါဘွဲ့များစွာကို ရယူခဲ့သူဖြစ်ပါတယ်။ သင်္ချာဘာသာ၊ ကွန်ပျူတာပညာ၊ စက်မှုအင်ဂျင်နီယာ၊ တည်ဆောက်ရေးအင်ဂျင်နီယာ(structural engineer)၊ ပင်လယ်နဲ့ဆိုင်တဲ့အင်ဂျင်နီယာ(ocean engineering)၊ Biomechanical ပညာ၊ ဘဏ္ဍာရေးနဲ့ ရောင်းဝယ်ဖောက်ကားရေးပညာ(finance and marketing) စတဲ့ ဘွဲ့၇ခုကို ၁၇ နှစ်အတွင်း ရယူနိုင်ခဲ့တဲ့ ဘက်စုံပညာရှင်တစ်ဦး ဖြစ်ပါတယ်။
ဒီ့အပြင် သူဟာ စိတ်ပညာကို အထူးစိတ်ဝင်စားပြီး မိမိဘာသာ လေ့လာလိုက်စားခဲ့သူ ဖြစ်ပါတယ်။ စိတ်ထိခိုက်ဒဏ်ရာရခြင်းဆိုင်ရာ စိတ်ပညာ (traumatized psychology) နှင့် အမူအကျင့်ဆိုင်ရာ စိတ်ပညာ(Behavior psychology)တွေကို အထူးလေ့လာခဲ့သူ ဖြစ်ပါတယ်။ ထိုင်ဝမ်မှာ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ရေးစင်တာ(psychotherapy centers)၅ခုကို ထူထောင်ခဲ့ပြီး အစော်ကားခံရဖူးတဲ့ အမျိုးသမီး၂၀ဝ နဲ့ အနှိပ်စက်ခံရတဲ့ ကလေးတွေကို စောင့်ရှောက်ပေးခဲ့ဖူးပါတယ်။သူဟာ အမေရိကန်မှာ စီးပွားရေးမှာ အအောင်မြင်ဆုံးသူတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်း ၃၀အတွင်း အောက်ပါလုပ်ငန်းမျိုးစုံတွေမှာ ကျင်လည်ခဲ့ဖူးပါတယ်။ လေယာဉ်၊ အာကာသယာဉ်၊ ဒုံးယာဉ်တည်ဆောက်ရေးလုပ်ငန်း၊ (Aerospace and defense) ၊ စစ်လက်နက်တည်ဆောက်ရေးလုပ်ငန်း၊ အမေရိကန်ရေတပ်၊ နူးကလီယားပါဝါ၊ ငလျင်ဆိုင်ရာအင်ဂျင်နီယာ၊ ကွန်ပြူတာ hardware, software များတီထွင်ခြင်း၊ ထုတ်လုပ်ခြင်း၊ အာတီဖီးရှယ်လ် အင်တယ်လီးဂျင့်စ် (Artificial Intelligence)တွေနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို နှစ်ပေါင်း ၃၀ အတွင်းမှာ လုပ်ဆောင်ခဲ့ပါတယ်။
သူဟာ တီထွင်ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူတီထွင်ခဲ့ဖူးတဲ့ ကွန်ပျူတာဆိုင်ရာ ပစ္စည်းတွေကတော့ ခရီးဆောင်ကွန်ပျူတာ (portable computer) smart printer, 3 D CAD software robotics စတာတွေကို တီထွင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ ၁၉၉၉ မှ ၂၀ဝ၂ အတွင်းမှာ ကမ္ဘာ့အဆင့်အမြင့်ဆုံး Semiconductordesign AI tool ကုမ္ပဏီတစ်ခုကို ထူထောင်ခဲ့ပြီး ၎င်းအချိန်က သူဟာစီလီကွန်ဗယ်လီ Silicon Valley မှာ အဆင့်အမြင့်ဆုံးသော CEO လည်း ဖြစ်ခဲ့ပါတယ်။ ဒီအောင်မြင်တဲ့ စီပွားရေးကြောင့် သူဟာ မီလျံနာသန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဂျယ်ရီဟာ အလွန်တရာဉာဏ်ကောင်းပြီး ထူးချွန်တဲ့ ကျိကျိတက်ချမ်းသာသူတစ်ဦးဖြစ်ပြီး အအောင်မြင်ဆုံးသော စီးပွားရေးသမားတစ်ယောက် ဖြစ်တာကို ယုံမှားစရာ မရှိပါဘူး။