Healthy Life Ad
Health Tips

နေထိုင်မှုပုံစံနှင့် ဆီးချိုသွေးချိုရောဂါအကြောင်း (Lifestyle and Diabetes)

————-၊ ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊————–

နေထိုင်မှုပုံစံ (Lifestyle)ကို ထိရောက်အောင် ပြုပြင်နိုင်ရင် အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါတချို့ ပြန်လည်ပျောက်ကင်းနိုင်တဲ့ သာဓကတွေ ရှိပါတယ်။ ဒါက ရောဂါသိပ်မဆိုးသေးတဲ့သူ၊ အဓိက အဝလွန်တဲ့ ဆီးချိုတွေမှာ တွေ့ရပါတယ်။ ဒါပေမဲ့ ပြန်ဝလာရင် ဆီးချိုပြန်ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အပြီးပျောက်ကင်းသွားတယ်ဆိုတာ အလွန်ရှားပါတယ်။lifestyle နေထိုင်မှုပုံစံတစ်ခုကို ပြောင်းလဲနိုင်ပြီးရင် အမြဲ ဒီအတိုင်း ဆက်လက်ကြိုးပမ်းနေဖို့လည်း အရေးကြီးပါတယ်။

ဆီးချိုသွေးချိုရောဂါ ဖြစ်နေသူများအဖို့ အကောင်းဆုံးသော ရည်မှန်းချက်ပန်းတိုင်ကတော့ နောက်ဆက်တွဲဝေဒနာတွေ ကင်းဝေးပြီး အသက်ရှည်ရှည် နေရခြင်းပဲဖြစ်ပါတယ်။ ဒီပန်းတိုင်ကို ရောက်ရှိဖို့ ကုသရာမှာ သွေးချိုထိန်းတာ၊ သွေးတိုးထိန်းတာ၊ သွေးတွင်းအဆီဓာတ်ထိန်းတာတွေကို အစဉ်အမြဲ ထိရောက်အောင် လုပ်နိုင်မှသာ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါတွေကိုထိန်းနိုင်ဖို့အတွက် အထူးသဖြင့် သွေးချိုထိန်းတဲ့ အကောင်းဆုံးသောဆေးသစ်တွေကို နည်းမျိုးစုံနဲ့ ကြိုးစားရှာဖွေနေကြဆဲပါပဲ။ ဆေးကောင်းဝါးကောင်းများစွာ ရှာဖွေတွေ့ရှိလာပေမယ့် ယခုထိ လူတိုင်းအသုံးပြုနိုင်တဲ့ ဆေးကောင်းတစ်လက် မရရှိသေးပါဘူး။ တစ်ဖက်မှာ အစွမ်းထက်ပြန်ရင် တစ်ဖက်မှာ ဘေးထွက်ဆိုးကျိုးတွေ၊ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရှိနေဆဲဖြစ်ပါတယ်။ ဆိုးကျိုးနည်းတဲ့ ဆေးကောင်းတွေ ပေါ်လာပြန်ရင်လည်း ဒီဆေးသုံးဖို့ ဆေးဖိုးမတတ်နိုင်တဲ့သူတွေ အများကြီးရှိပါတယ်။

မျိုးရိုးဗီဇကြောင့်ဆိုပေမယ့် တကယ်တော့ အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါဟာ နေထိုင်မှုပုံစံ မူမမှန်တဲ့အတွက် ဖြစ်လာတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အများက သိပ်အလေးမထားမိကြတဲ့ အထိရောက်ဆုံးနဲ့ ဈေးနှုန်းအသက်သာဆုံး ကုထုံး သို့မဟုတ် ဆေးကောင်းတစ်လက်ကတော့ လူတွေရဲ့ (lifestyle)နေထိုင်မှုပုံစံကို ထိရောက်အောင် ပြောင်းလဲပေးခြင်းပဲ ဖြစ်ပါတယ်။ ပြောင်းလဲပြုပြင်ရမဲ့ အဓိက အချက် ၂ ခုကတော့-

(၁) လိုအပ်တာထက် ပိုစားနေခြင်းနဲ့

(၂) လှုပ်ရှားသင့်တာလောက် မလှုပ်ရှားတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။

လက်တွေ့မှာတော့ (lifestyle) နေထိုင်မှုပုံစံ ပြုပြင်ခြင်းဟာ အောင်မြင်ဖို့ အခက်ခဲဆုံး ကုထုံးတစ်ခုဖြစ်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ လူတိုင်းမှာ မွေးရာပါအတွင်းစိတ်ထဲမှ လိုလားတောင့်တနေကြတဲ့ မွေးရာပါ အတွင်းစိတ်ကတော့ ကောင်းစွာစားသောက်နေနိုင်တဲ့ ဘဝအခြေအနေပဲ ဖြစ်ကြပါတယ်။ စားချင်တာစားလို့ရချင်တယ်။ အရသာ အကောင်းဆုံးတွေကို လျှာမှာ အရသာခံချင်တယ်။ ကောင်းရင် ရသလောက် အများကြီးစားလိုက်ချင်တယ်။ ပြီးရင် ဇိမ်ကျချင်တယ်။ သက်သောင့်သက်သာကို ကြိုက်ကြပါတယ်။ ဒါကြောင့် ကားတွေ၊ ဓာတ်လှေကားတွေ၊ ထိုင်ရာကမထပဲ အဝေးမှထိန်းတဲ့ remote control ရီမုတ်ခလုတ်တွေ တီထွင်ကြတယ်။ ကြိုက်လည်းကြိုက်ကြပါတယ်။ ခေတ်မီလာတာနဲ့အမျှ ဒါတွေပိုများလာတယ်။

“နေထိုင်မှုပုံစံ ပြောင်းလဲခြင်း ပြုလုပ်ရာမှာ Adherence လို့ခေါ်တဲ့ အလေ့အကျင့်တစ်ခုကို အမြဲတစေ ဆက်လက်ထိန်းထားလိုတဲ့ စိတ်ဓာတ်ရှိဖို့လည်း အရမ်းလိုအပ်ပါတယ်။ မတွေ့မြင်ရသေးတဲ့ အန္တရာယ်ကို ကြိုတင်မြင်အောင် ပြုလုပ်ပြီး အရေးကြီးဆုံးထွက်ပေါက်ကို လမ်းပြထားရမှာဖြစ်ပါတယ်” . . .

ဒီအချက်နှစ်ခုကြောင့် ခန္ဓာကိုယ်မှာ ဂလူးကို့စ်ခွန်အားတွေ ပိုလျှံလာပါမယ်။ နောက်ဆုံးပိုနေတဲ့ ဂလူးကို့စ် (သို့) ခွန်အားတွေကို အဆီတွေအဖြစ်နဲ့ အရေပြားအောက်မှာ၊ ဝမ်းဗိုက်တွင်းမှာ သိုလှောင်ပြီး စုဆောင်းထားလိုက်ရပါတယ်။ ရလဒ်ကတော့ အဆီများပြီး ဝလာမယ်။ ဝလာရင် ဆီးချိုသွေးချိုဖြစ်လာမယ်။ ဆီးချိုကို အာဟာရလွန်ကဲတဲ့ ရောဂါလို့လည်း ခေါ်ရင်မမှားပါဘူး။ ဒါကြောင့် ဇစ်မြစ်ကို ကုရမယ်ဆိုရင် “လျှော့စားပြီးပိုလှုပ်ရှား”ပေးဖို့ပဲ ဖြစ်ပါတယ်။

ဘာကြောင့် အပြောလွယ်သလောက် လက်တွေ့အလုပ်မှာ ခက်နေရသလဲဆိုတာ စဉ်းစားကြည့်မယ်ဆိုရင် ခက်ခဲရတဲ့ အကြောင်းရင်းတွေထဲမှာ အဓိက အချက်တစ်ခုကတော့ ဆီးချိုအကြောင်း ဆေးပညာဗဟုသုတ မရှိလို့ဖြစ်ပါတယ်။ မသိလို့ မကြောက်တော့ ဒီလောက်အရေးကြီးမယ် မထင်မိကြပါဘူး။ ဆီးချိုနဲ့ အဝလွန်သူတွေဟာ အများအားဖြင့် ဘာဝေဒနာမှ မခံစားရပါဘူး။ တချို့က ဝတာကိုတောင် ပိုကြိုက်နေတာ တွေ့ရပါသေးတယ်။ ဒါကြောင့် ပြုပြင်ဖို့ ခက်ခဲပါတယ်။ သို့မဟုတ်ပါက ရောဂါရဲ့ နောင်ဖြစ်လာမယ့် နောက်ဆက်တွဲ ဆင့်ပွားရောဂါတွေအကြောင်း အရင်ဆုံးသိဖို့ လိုပါတယ်။ ဒါကို သေသေချာချာ သိလာမယ်ဆိုရင် ဒုတိယအဆင့်အနေနဲ့ မိမိကျန်းမာရေးအတွက် စိုးရိမ်စိတ်၊ ပူပန်စိတ်တွေ ဖြစ်လာဖို့လိုပါတယ်။ ယနေ့ နေကောင်းပေမဲ့ ယခုကုသနေတာဟာ နောင်နှစ်ပေါင်း ဆယ်နှစ်-နှစ်၂၀ အတွက် လုပ်နေတယ်ဆိုတာ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ဒါမှသာ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ ထွက်ပေါက်ကို ရှာဖွေကြိုးစားပြီး လိုက်နာဆောင်ရွက်ဖို့ များပါတယ်။

နေထိုင်မှုပုံစံ ပြောင်းလဲခြင်း ပြုလုပ်ရာမှာ Adherence လို့ခေါ်တဲ့ အလေ့အကျင့်တစ်ခုကို အမြဲတစေ ဆက်လက်ထိန်းထားလိုတဲ့ စိတ်ဓာတ်ရှိဖို့လည်း အရမ်းလိုအပ်ပါတယ်။ မတွေ့မြင်ရသေးတဲ့ အန္တရာယ်ကို ကြိုတင်မြင်အောင်ပြုလုပ်ပြီး အရေးကြီးဆုံးထွက်ပေါက်ကို လမ်းပြထားရမှာ ဖြစ်ပါတယ်။ သို့မဟုတ် ဆီးချိုသွေးချိုဖြစ်ခါစ ခဏတာ စိုးရိမ်မိပြီး ဆေးသောက်ထားတာပဲ ဒါတွေမလုပ်လည်း ရသကဲ့သို့ ထင်မြင်လာကာ နေထိုင်မှုပုံစံ(Lifestyle) မပြောင်းတော့ပဲ မူလပုံစံ ပြန်ဝင်သွားတတ်ပါတယ်။ ဒါကြောင့်လည်း နေထိုင်မှုပုံစံ အမြဲပြောင်းပစ်ခြင်းဟာ အခက်ဆုံးအလုပ်တစ်ခုဆိုတာ အားလုံးလက်ခံထားကြပါတယ်။ နားလည်သိရှိခြင်း၊ ယုံကြည်လက်ခံခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း(knowledge, attitude and practice)တွေ အားလုံးဟာ အမြဲတစေ အလေ့အထသဖွယ်ဖြစ်သွားရင် အကောင်းဆုံးဖြစ်ပါတယ်။

ဒီလိုဖြစ်ဖို့ အလွန်ခက်ခဲကြောင်းကို ဆေးပညာအသိတွေ ကြွယ်ဝပြီးတဲ့ ကျွန်မတို့ဆရာဝန်တွေကို ကြည့်ရင် သိသာထင်ရှားပါတယ်။ မိမိကိုယ်တိုင် နေထိုင်မှုပုံစံ ပြောင်းခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိပါလျက် ယုံကြည်လက်ခံမှုနဲ့ လက်တွေ့ပြုပြင်ပြောင်းလဲမှုတွေမှာ လိုအပ်နေကြသေးတာ တွေ့ရပါတယ်။ အသိပညာရှိရုံသက်သက်နဲ့ အမြဲလက်တွေ့ ပြောင်းလဲနိုင်ဖို့ မလွယ်သေးတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် လူနာရော ဆရာဝန်တွေကပါ ဆေးကိုသာအရင်ဆုံး အားကိုးမိကြပါတယ်။ဆေးသောက်ပြီး အစားရှောင်ရုံနဲ့ ရနိုင်ပြီလို့ မှတ်ယူကြသူတွေ များပြားလာကြပြီး အရေးကြီးဆုံး ဆေးတစ်ခွက်ဖြစ်တဲ့ (lifestyle) နေထိုင်မှုပုံစံပြောင်းခြင်းကို လျစ်လျူရှုထားမိကြပါတယ်။

ဒီဆောင်းပါးကို ရေးရခြင်းရဲ့ရည်ရွယ်ချက်ကတော့ ဆီးချိုမဖြစ်ခင်ရော၊ ဖြစ်ပြီးသူတွေရော အားလုံးအသုံးပြုဖို့ လိုအပ်တဲ့ စရိတ်သက်သာ၊ ထိရောက်ပြီး ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းတဲ့ နေ့စဉ်နေထိုင်မှုပုံစံကို ပြုပြင်နိုင်ကြဖို့ ဖြစ်ပါတယ်။ ပြောင်းလဲနိုင်အောင် တွန်းပို့ပေးမယ့် သိခြင်း၊ ယုံကြည်လက်ခံခြင်း၊ လက်တွေလုပ်ဆောင်ခြင်း ၃ ရပ်စလုံးကို ထိန်းချုပ်လွှမ်းမိုးထားတဲ့ “စိတ်ဓာတ်”ပြောင်းလဲခြင်းကို ဒီဆောင်းပါးက အထောက်အကူပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Most Popular

Healthy Life Ad
To Top