Healthy Life Ad
Health Tips

အန္တရာယ်များသော အပန်းဖြေမူးယစ်ဆေး

—————–၊ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)၊—————-

စာရေးသူရဲ့ မိတ်ဆွေကိုတာနဲ့ စာမေးပွဲဖိစီးမှုဒဏ်အကြောင်းပြောဆိုပြီးတော့ ကိုတာက မှတ်ချက်ချပါတယ်။

“စာမေးပွဲဖိစီးမှုဒဏ်ထက် ပိုပြီးဆိုးရွားတာက စာမေးပွဲပြီးရင် အပျော်ကြူးကြတာပဲဗျ”

“ဘာကိုဆိုလိုတာလဲ”

“မနှစ်က ဂိုးကို့စ်မြို့တော်မှာ စာမေးပွဲပြီးလို့ အပျော်ခရီးထွက်လာတဲ့ ကျောင်းသားတစ်ယောက် မူးယစ်ဆေးမူးပြီး ၆ ထပ်တိုက်ဝရန်တာက ပြုတ်ကျသေဆုံးရတာမျိုးကို ပြောတာပါ”

“စိတ်ကြွရူးသွပ်မူးယစ်ဆေးသောက်သုံးပြီး အပျော်ကြူးကြတာမျိုးလား”

“လူငယ်တွေထဲမှာ အန္တရာယ်များတဲ့ “အပန်းဖြေမူးယစ်ဆေး”(Recreational Drug)တွေကို အသုံးပြုလာကြတယ်”

“ဘယ်လိုဆေးမျိုးလဲ”

“ဗစ်တိုးရီးယားပြည်နယ်မှာကျင်းပတဲ့ “သက်တံ့ရောင်မြွေနဂါး”ဆိုတဲ့ ဂီတပွဲတော်မှာ လူငယ် ၁၆ ယောက် မူးယစ်ဆေးအဆိပ်တက်လို့ ဆေးရုံပို့လိုက်ရတယ်။ တစ်ယောက်ကတော့ အသက်ဆုံးရှုံးသွားရတယ်ဆိုတဲ့ သတင်းကို ခင်ဗျားဖတ်ရတယ်မဟုတ်လား။ အဲဒီဂီတပွဲမှာ “အမ်ဒီအမ်အေ”(MDMA) စိတ်ကြွရူးသွပ်ဆေးနဲ့ ကတ်တမင်း (Ketamine) ဆေးတွေကို မှောင်ခိုရောင်းချနေတဲ့ လူသုံးယောက်ကိုလည်း ဖမ်းဆီးမိတယ်တဲ့”

စကားစပ်မိလို့ ကိုတာက ကြားဖြတ်မေးပါတယ်။

“အဲဒီမူးယစ်ဆေးတွေက တစ်ကြိမ်တစ်ခါသောက်သုံးရုံနဲ့ အသက်သေစေနိုင်သလား”

“ဖြစ်နိုင်ပါတယ် ကိုတာ။ ၂၀၁၆ ခုနှစ်ကအင်္ဂလန်နိုင်ငံမှာ “အမ်ဒီအမ်အေ”ဆေးမူးလို့ လူငယ် ၆၃ ယောက် သေဆုံးရတယ်လို့ ဖတ်ရတယ်။ ညကလပ်ကပွဲရုံနဲ့ ဂီတပွဲတော်ကိုတက်ရောက်တဲ့ လူငယ်တွေထဲမှာ အက်စ်တာစီ(Ecstasy)လို့ခေါ်တဲ့ “အမ်ဒီအမ်အေ”စိတ်ကြွရူးသွပ်ဆေးက ရေပန်းစားလာတယ်။ သြစတြေးလျနိုင်ငံရှိ အသက် ၁၄ နှစ်နဲ့ ၂၅ နှစ်ကြား လူငယ်တွေထဲမှာ (၃) ရာခိုင်နှုန်းက တစ်နှစ်အတွင်း “အမ်ဒီအမ်အေ”ကို အနည်းဆုံးတစ်ကြိမ် သုံးစွဲဖူးတယ်။ အမေရိကန်နိုင်ငံမှာ အဲဒီလိုသုံးစွဲနှုန်းက အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား လူငယ်တွေထဲမှာ ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိပါတယ်”

ကိုတာက စပ်စုမေးမြန်းပါတယ်။

“မြန်မာနိုင်ငံမှာ အဲဒီလိုဆေးတွေ ရောက်နေပြီလား”

“အစပျိုးနေပြီလို့ ဆိုနိုင်ပါတယ်။ “အာရှပစိဖစ်နိုင်ငံများဆိုင်ရာ အမ်ဖီတမင်းအနွှယ်ဝင် စိတ်ကြွဆေးအသိပညာပေးအဖွဲ့”( APAIC ၂၀၁၇) က ထုတ်ပြန်ထားတဲ့ စာတမ်းရှိတယ်။ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးမိတဲ့ မက်အမ်ဖီတမင်း (Methamphetamine) ဆေးလုံးပေါင်း ၄၉ သန်းကျော်၊ ဖန်သားမက်အမ်ဖီတမင်း (Crystllised Methamphetamine)(ICE) ကီလိုဂရမ် ၂၂၀ဝ ကျော်၊ ကက်တမင်း (Ketamine) ၃ ဒသမ ၁ ကီလိုဂရမ်နဲ့ “အမ်ဒီအမ်အေ”( Ecstasy) ဆေးလုံးပေါင်း တစ်သန်းကျော်ရှိကြောင်း သိရတယ်။ ၂၀၁၃ ခုနှစ်မတိုင်ခင်က “အမ်ဒီအမ်အေ”ဆေးလုံး ဖမ်းဆီးမိတဲ့ မှတ်တမ်းမရှိဘူး။ ဒါကြောင့် မြန်မာနိုင်ငံ လူငယ်တွေထဲမှာ “အမ်ဒီအမ်အေ”စိတ်ကြွမူးယစ်ဆေးသုံးစွဲမှု အမြစ်တွယ်လာပြီလို့ ပြောလို့ရပါတယ်”

နားရှုပ်သွားတဲ့အမူအရာနဲ့ ကိုတာက မေးခွန်းထုတ်တယ်။ “အားလုံးက အမ်ဖီတမင်းအာနိသင်ရှိတာပဲ မဟုတ်ဘူးလား”

“ခြားနားချက်တွေရှိပါတယ်။ ဒက်အမ်ဖီတမင်း (Dexamphetamine) က တရားဝင်အသုံးပြုတဲ့ စိတ်ကြွဆေးဖြစ်တယ်။ အာရုံစိုက်မှုချို့ယွင်းပြီး လှုပ်ရှားမှုလွန်ကဲ (ADHD) ရောဂါမှာ အသုံးပြုတယ်။ “မက်အမ်ဖီတမင်း”က ပိုပြီး အာနိသင်ပြင်းတယ်။ ဆေးစွဲရောဂါ ဖြစ်နိုင်ခြေများတယ်။ “ဖန်သားမက်အမ်ဖီတမင်းကို ရှူဆေးအဖြစ်သုံးရင် ၁၅ စက္ကန့်မှ စက္ကန့် ၃၀ အတွင်း အာနိသင် စတင်ခံစားရတယ်”

“အမ်ဒီအမ်အေ(Ecstasy) ဆေးက ဘာထူးခြားလဲ”

“ပူလောင်နေတဲ့ ကပွဲရုံထဲမှာ အလွန်အမင်း ခုန်ပေါက်မြူးထူးလို့ ကိုယ်အပူချိန်တက်လာမယ်။ အမ်ဒီအမ်အေဆေးအာနိသင်ကြောင့်လည်း ကိုယ်ပူချိန်တက်နိုင်တယ်။ ချွေးထွက်များပြီး ရေမသောက်ဘဲ အရက်ကိုပါရောသောက်ရင် ပိုဆိုးမယ်။ ကိုယ်ပူရှပ်ရင်” . . .

“အမ်ဒီအမ်အေရဲ့ ဓာတုဗေဒအမည်က (3-4 methylene Dioxymethamphetamine) ဖြစ်တယ်။ “အမ်ဒီအမ်အေ”က စိတ်ကြွစေတဲ့အာနိသင်နဲ့ စိတ်အာရုံခံစားမှုပြင်းပြစေတဲ့ Psychedelic အာနိသင်နှစ်မျိုးရှိတယ်”

“ Psychedelic အာနိသင်ဆိုတာ ဘာလဲဗျ”

“ကြားမြင်ထိတွေ့မှုအာရုံနဲ့ အသိအာရုံခံစားမှုတွေကို ထူးထူးခြားခြား ပြင်းပြင်းထန်ထန် ဖြစ်ပေါ်စေတဲ့ အာနိသင်ကို ဆိုလိုတာပါ။ အသံတွေက ပိုပြီးစူးရှကျယ်လောင်လာတယ်။ ပစ္စည်းတွေက ပိုမိုတောက်ပြောင်လာတယ်။ အသံတွေကို အရောင်အဆင်းရှိသလို မြင်ရတယ်။ မိမိအသိစိတ်က ခန္ဓာကိုယ်နဲ့ ကင်းကွာသွားသလို ခံစားရတယ်။ ဆေးအရှိန်ပြင်းပြလာရင်တော့ နားထဲမှာ စကားပြောသံကြားတာတို့၊ ဘေးမှာမရှိတဲ့ ပစ္စည်းတွေကို မြင်ယောင်တာတို့ကို ခံစားလာရမယ်။ အဲဒီအာနိသင်တွေက စိတ်ဖောက်ပြန်စေတဲ့ဆေး(Hallucinogens)တွေဖြစ်တဲ့ Mescaline (Nbome)၊ LSD စတဲ့ ဆေးတွေရဲ့ အာနိသင်နဲ့ ဆင်တူပါတယ်”

“ဒါကြောင့် အမ်ဒီအမ်အေကို စိတ်ကြွရူးသွပ်ဆေးလို့ ခေါ်ကြတာလား”

“မှန်ပါတယ်”

“အမ်ဒီအမ်အေ”ဆေးမူးရင် တွေ့ရှိရတဲ့ဆေးမူးလက္ခဏာတွေကို ပြောပြဗျာ”

“အမ်ဒီအမ်အေဆေးက ဦးနှောက်အာရုံကြော ဆက်သွယ်ပေးတဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ ဒိုပါမင်း (Dopamine)၊ နော်အက်ပီနက်ဖရင်း (Norepinephrine) နဲ့ ဆီရိုတိုနင် (Serotonin) ဓာတ်တွေရဲ့ အာနိသင်ကို တိုးပွားများပြားစေတယ်။ ဒါကြောင့် ဆေးမူးလက္ခဏာမျိုးစုံ ရရှိနိုင်တယ်။ ဆေးလုံးသောက်ပြီး မိနစ် ၂၀ ကြာရင် အာနိသင်စတင်ဖြစ်ပေါ်လာတယ်။ ဆေးအရှိန် ၆ နာရီအထိ ကြာနိုင်တယ်။

ဆေးအချိန်အတွယ် အနည်းငယ်သောက်သုံးပြီးရင် တွေ့ရှိရတဲ့ လက္ခဏာတွေကတော့-စိတ်ပျော်ရွှင်မြူးတူးခြင်း၊ ခွန်အားတိုးပွားများပြားလာသလို ခံစားရခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုများပြားလာခြင်း၊ ချစ်ခင်ရင်းနှီးစိတ် တိုးပွားလာခြင်း၊ ကိုယ်ချင်းစာနားလည်မှု(Empathy)များပြားလာခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို စတင်တွေ့ရှိရတယ်”

ကိုတာက မှတ်ချက်ချပါတယ်။

“အဲဒီခံစားမှုတွေကို လူငယ်တွေက မက်မောနေကြတာလား”

“အဲဒါက တဒင်္ဂပါ။ ဆေးအချိန်အတွယ်များလာရင်၊ မကြာခဏသုံးစွဲလာရင် စိတ်ခံစားမှုပြောင်းလဲလာပါတယ်။ လေထဲမှာပျံဝဲနေရတဲ့ ခံစားမှုမျိုးတွေ ဖြစ်ပေါ်လာတယ်။ အကြောင်းမဲ့ နားထဲမှာ အသံကြားခြင်း၊ ထူးဆန်းတဲ့အရာတွေကို မြင်တွေ့ခြင်း စတဲ့စိတ္တဇလက္ခဏာကို ခံစားလာရမယ်။ ပျော်ရွှင်မြူးထူးစိတ်ပျောက်ပြီး ကြောက်စိတ်၊ ဒေါသစိတ်၊ သံသယစိတ်တွေ လွန်ကဲလာပါတယ်။ အမ်ဒီအမ်အေဆေးမူးရင် ခန္ဓာကိုယ်လက္ခဏာတွေလည်း ခံစားရတယ်”

“ပြောပြဗျာ”

“နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်တက်ခြင်း၊ ချွေးထွက်များခြင်း၊ အစားအစာစားချင်စိတ်မရှိခြင်း၊ ပျို့အန်ချင်သလိုဖြစ်ခြင်း၊ ခြေလက်ကိုက်ခဲနာကျင်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ မျက်စိသူငယ်အိမ်ကျယ်လာခြင်း၊ အံသွားကြိတ်ခြင်း၊ ရေအလွန်အမင်းသောက်သုံးခြင်း စသဖြင့်ပေါ့။

ဆေးပြင်းလို့ ပိုပြီးဆိုးရွားလာရင် ပျို့အန်ခြင်း၊ ကိုယ်ပူရှပ်ခြင်း (Heat Stroke)၊ အတက်ရောဂါရခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်”

ကိုတာက အရေးကြီးတဲ့မေးခွန်းကို မေးမြန်းပါတယ်။

“အမ်ဒီအမ်အေဆေးမူးရင် ဘာကြောင့် အသက်အန္တရာယ်ရှိသလဲ”

“အမ်ဒီအမ်အေဆေး အချိန်အတွယ်လွန်ကဲရင် အသက်သေစေနိုင်တဲ့ အကြောင်းရင်းအမျိုးမျိုး ရှိပါတယ်။

(၁) ကိုယ်ပူရှပ်ခြင်း- ဆေးပညာဝေါဟာရက Hyperthermia ဖြစ်ပါတယ်။ ပူလောင်နေတဲ့ ကပွဲရုံထဲမှာ အလွန်အမင်း ခုန်ပေါက်မြူးထူးလို့ ကိုယ်အပူချိန်တက်လာမယ်။ အမ်ဒီအမ်အေဆေးအာနိသင်ကြောင့်လည်း ကိုယ်ပူချိန်တက်နိုင်တယ်။ ချွေးထွက်များပြီး ရေမသောက်ဘဲ အရက်ကိုပါရောသောက်ရင် ပိုဆိုးမယ်။ ကိုယ်ပူရှပ်ရင် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်အလုပ်မလုပ်နိုင်တော့လို့ အသက်အန္တရာယ်ရှိတယ်။

(၂) ရေအဆိပ်တက်ခြင်း – အင်္ဂလန်မှာသေဆုံးသွားတဲ့ မိန်းကလေးကတော့ ရေသောက်များပြီး ရေအဆိပ်တက်လို့ Water Intoxication ဖြစ်တာတဲ့။ အမ်ဒီအမ်အေဆေးကြောင့် ချွေးထွက်များလို့ ရေသောက်ပေးရတာတော့ မှန်တယ်။ ဒါပေမဲ့ ရေကိုချည်းအလွန်အမင်းသောက်ရင် အန္တရာယ်ရှိတယ်။ ချွေးထွက်များလို့ ချွေးထဲမှာ ဆိုဒီယမ်ဆားဓာတ်လည်းပါသွားမယ်။ ဆားမပါဘဲ ရေကိုချည်းသောက်ရင် သွေးထဲမှာ ဆားဓာတ်ကျဆင်းရောဂါ (Hyponatremia)ရရှိလာတယ်။ ရေအဆိပ်တက်ရင် ပျို့အန်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ အတက်ရောဂါရခြင်းတို့ကို ခံစားရမယ်။ အသက်သေစေနိုင်တယ်။

(၃) ဆီရိုတိုနင်အဆိပ်တက်ရောဂါ (Serotonin Syndrome)- အမ်ဒီအမ်အေဆေးမူးစအချိန်မှာ ခင်မင်ရင်းနှီးစိတ်၊ မေတ္တာစိတ်၊ ကိုယ်ချင်းစာစိတ် တိုးပွားလာတာက ဆီရိုတိုနင်ဓာတ်ရဲ့ လှုံ့ဆော်မှုကြောင့်ပါ။ ဒါပေမဲ့ ဝမ်းမသာနဲ့။ ရေမှုတ်တစ်ဖက် မီးစတစ်ဖက်ဗျ။ ဦးနှောက်ထဲမှာ ဆီရိုတိုနင်ဓာတ်များလာရင် အန္တရာယ်ရှိပါတယ်။ ဆီရိုတိုနင်အဆိပ်တက်ရောဂါ ရရှိနိုင်တယ်။ ဆီရိုတိုနင် အဆိပ်တက်လက္ခဏာတွေကတော့ ဝမ်းပျက်ခြင်း၊ ဂနာမငြိမ်ဖြစ်လာခြင်း၊ ကြွက်သားတင်းကျပ်ခြင်း၊ ချမ်းတုန်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သွေးပေါင်ချိန် အတက်အကျမြန်ခြင်း။ ပိုပြီးဆိုးရွားလာရင် ကယောင်ကတမ်းဖြစ်မယ်။ အတက်ရောဂါရမယ်၊ သွေးပေါင်ချိန်အလွန်အမင်းကျသွားမယ်။ အချိန်မီမကုသရင် အသက်ဆုံးရှုံးနိုင်ပါတယ်။

(၄) နှလုံးကျဆင်းခြင်း-နှလုံးရောဂါရှိသူ၊ နှလုံးအားနည်းသူနဲ့ သွေးတိုးရောဂါရှိသူတွေထဲမှာ ဆေးဒဏ်ပိပြီး နှလုံးကျဆုံးမှု (Heart Failure)ဖြစ်ပွားနိုင်တယ်”

ကိုတာက မှတ်ချက်ချတယ်။

“ဒီလိုဆိုတော့ အမ်ဒီအမ်အေ(အက်စ်တာစီ) ဆေးကို အပန်းဖြေမူးယစ်ဆေးလို့ မခေါ်သင့်ဘူးပေါ့”

“နောက်ထပ်အန္တရာယ်တစ်ခုက ဆေးမျိုးစုံရောထားခြင်း ဖြစ်ပါတယ်။ မှောင်ခိုဈေးကွက်မှာ ရောင်းချနေတဲ့ “အက်စ်တာစီ”ဆေးထဲမှာ အမ်ဒီအမ်အေများများပါတာလည်း ရှိတယ်။ လုံးဝမပါတာလည်းရှိမယ်။ ပိုပြီးအန္တရာယ်များတဲ့ ပီအမ်အေ (PMA)၊ ပီပီအမ်အေ(PPMA)၊ NBOME(Mescaline)၊ ကတ်တမင်း (Ketamine) စတဲ့ ဆေးတွေနဲ့ ရောနှောထုတ်လုပ်ရောင်းချတာကို တွေ့ရပါတယ်။ “အမ်ဒီအမ်အေ(အက်စ်တာစီ)မူးယစ်ဆေးက ဆေးစွဲရောဂါရလာမှ အန္တရာယ်ရှိတာမျိုး မဟုတ်ဘူး။ တစ်ကြိမ်တစ်ခါ သုံးစွဲကြည့်ရုံနဲ့ အသက်အန္တရာယ်ဖြစ်စေတဲ့ စိတ်ကြွရူးသွပ်ဆေးလို့ ဆိုရမယ်”

Most Popular

Healthy Life Ad
To Top